ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် လယ်ယာကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေးနှင့် တုံ့ပြန်မှုအစီအစဉ်များတွင် အထောက်အကူပြုနိုင်ရေးဆွေးနွေး

 
 
 
နေပြည်တော် မေ ၂၇
 
 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
 
 
ထိုသို့ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ ကပ်ရောဂါ Covid-19 ကြောင့် စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ လျော့ကျ မသွားစေရေးအတွက် ဌာနဆိုင်ရာ များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်မှု ကို ယခင်ကထက် မြှင့်တင်ဆောင်ရွက် သွားရန် လိုအပ်ချက်များ၊ အခြောက်ခံ စက်နှင့် သိုလှောင်ရုံများ တည်ဆောက် ခြင်းလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များ၊ လယ်ယာကဏ္ဍအတွက် လိုအပ်သည့် သွင်းအားစုနှင့် နည်းပညာပံ့ပိုးကူညီ ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် ထားရှိမှုများ၊ ဆည်ရေအသုံးပြုမှုနှင့် ပတ်သက်၍ ရေအသုံးချသူအသင်းနှင့် ရေအသုံးချသူအဖွဲ့များဖြင့် ဆောင်ရွက် နေမှုများကို ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ ၂၀၂၀ မိုးစပါးရာသီတွင် ကန်ထရိုက်လယ်ယာစနစ် ဧကနှစ်သိန်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး ဧကတစ်သိန်း လေးသောင်းအတွက် သက်ဆိုင်ရာ တောင်သူများနှင့် ညှိနှိုင်းဆောင်ရွက် ပြီးဖြစ်ကြောင်း၊ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအတွက် အခြောက်ခံ စက်နှင့် သိုလှောင်ရုံ ၂၅ ခု အသစ် တိုးချဲ့တည်ဆောက်ပြီးဖြစ်ကြောင်း၊ နယ်စပ်ဆန်စပါးကုန်သွယ်မှုလုပ်ငန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်ဌာန General Admini-stration of Customs China - GACC တွင် မှတ်ပုံတင် ၁၁ ခုရရှိပြီး မှတ်ပုံတင် ရရှိရေးလုပ်ငန်း ၄၃ ခု ညှိနှိုင်း ဆောင်ရွက်ထားဆဲဖြစ်ကာ မြန်မာနိုင်ငံ မှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချ နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရ အချင်းချင်း G to G ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၉ မီလီယံမက်ထရစ်တန် တင်ပို့ရောင်းချ ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
 
 
သတင်းစဉ်