ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၀) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် မေ ၂၂

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို နှစ်စဉ် (၂)ကြိမ် ကျင်းပလေ့ရှိပြီး ဖြစ်လာနိုင်သည့် သဘာဝဘေးအမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင် ကာကွယ်ရေးလုပ်ငန်းများကို ညှိနှိုင်းတိုင်ပင်ဆောင်ရွက် လျက်ရှိပါကြောင်း။
လတ်တလောတွင် COVID-19 ကူးစက်ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလဖြစ်သော်လည်း လာမည့်မိုးရာသီကာလတွင် ဖြစ်ပေါ်နိုင်သည့် သဘာဝ ဘေးများအတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိုးရာသီကာလအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များ၊ အပူရှိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအန္တရာယ်များနှင့် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်တို့အတွက် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ထည့်သွင်းစဉ်းစား ကြိုတင်ပြင်ဆင်ထားနိုင်ရေး စသည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးလိုသည့် အတွက် ယခုကဲ့သို့ Video Conferencing ဖြင့် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း။
COVID-19 ကူးစက်ရောဂါသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်တွင် Novel Coronavirus ကြောင့် ပထမဆုံး သေဆုံးသည့်လူနာကို အတည်ပြုနိုင်ခဲ့ပါ ကြောင်း၊ ဇန်နဝါရီ ၁၃ ရက်တွင် တရုတ်နိုင်ငံ ပြင်ပ(ထိုင်းနိုင်ငံ)တွင် ပထမဦးဆုံး ကူးစက်မှုကို အတည်ပြုနိုင်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်တွင် WHO က “Public Health Emergency of International Concern” အဖြစ် တရားဝင်ကြေညာ ခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် COVID-19 ကူးစက်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံး ကူးစက်ပြန့်ပွားနေပြီး ယနေ့ ၂၀၂ဝ ပြည့်နှစ် မေ ၂၂ ရက် WHO စာရင်းအရ အတည်ပြုလူနာ ငါးသန်းကျော်နှင့် သေဆုံးသူ သုံးသိန်းသုံးသောင်းကျော် ရှိပြီဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သော Coronavirus Disease–2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်တွင် ဒုတိယသမ္မတ-၁ ဦးဆောင်သော Coronavirus Disease–2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကိုလည်းကောင်း ဖွဲ့စည်းပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထိရောက် သော ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၂၀ပြည့်နှစ် မတ် ၂၃ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး COVID-19 ကူးစက်လူနာကို အတည်ပြုနိုင်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂ဝပြည့်နှစ် မေ ၂၁ ရက် စာရင်းအရ Positive ၁၉၉ ဦး၊ ပြန်လည်ကျန်းမာ လာသူ ၁၀၈ ဦးနှင့် သေဆုံး ၆ ဦးရှိပါကြောင်း။
ယခုကဲ့သို့ COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလတွင် လူစု လူဝေး ပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်ဖြစ်သည့်အတွက် အရေးတကြီးပြုလုပ်ရန်လိုအပ်သော အစည်းအဝေးများကို Video Conferencing ဖြင့်လည်းကောင်း၊ မဖြစ်မနေ စုစည်းတက်ရောက်ရမည့်သူများ အတွက် တစ်ဦးနှင့်တစ်ဦး ၃ ပေမှ ၆ ပေ အကွာ နေရာချထားခြင်း၊ mask နှင့် hand gel များ အသုံးပြုနိုင်ရေး စီစဉ်ထားပေးခြင်းဖြင့်လည်းကောင်း ကျင်းပ ပြုလုပ်နေကြရပါကြောင်း။
ကြိုတင်ညှိနှိုင်းကြရမည်ဖြစ်
မကြာမီကာလတွင် မိုးဦးကာလ ကျရောက်တော့မည်ဖြစ်သည်နှင့်အညီ နှစ်စဉ်ကြုံတွေ့နေကျ လေပြင်းဘေး၊ ရေကြီးရေလျှံဘေး၊ မြေပြို/ ကမ်းပြိုဘေး၊ မိုးကြိုးဘေး စသည့်ဘေးများနှင့် မမျှော်မှန်းနိုင်သော ငလျင်ဘေးတို့အတွက် အမျိုးသားအဆင့် ကော်မတီအနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကျအတိုင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုတင် ညှိနှိုင်းကြရမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် ရာသီဥတုပူပြင်းမှုကြောင့် မိုးခေါင်ရေရှားဘေး၊ မီးဘေးနှင့် လေပြင်းဘေး စသည်တို့ကို နိုင်ငံတစ်ဝန်း ခံစားနေကြရပြီး ပူပြင်းခြောက်သွေ့မှုနှင့် ရေရှားပါးမှုကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများအပေါ် ရိုက်ခတ်ပြီး ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခံစားနေရသည်ကို တွေ့မြင်နေရပါကြောင်း။
အဆိုပါ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပြင် လတ်တလော ဖြစ်ပွားလျက်ရှိသည့် COVID-19 ကြောင့် လူမှုစီးပွားဘဝ ထိခိုက် ဆုံးရှုံးမှုများကို ထပ်တိုး၍ ခံစားနေကြရခြင်းကို အားလုံးအသိဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကျဖြစ်သည့် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများအပြင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။
အခြေခံအကျဆုံးအနေဖြင့် လတ်တလောတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် COVID-19 အသိပညာပေးလုပ်ငန်းများ၌ လာမည့်မိုးရာသီကာလတွင် ဖြစ်လာ နိုင်သည့် သဘာဝဘေးများနှင့် ပတ်သက်သော အသိပညာပေးမှုများကိုပါ ထည့်သွင်းပြောကြားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူများ အနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာများ သာမက သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ ကိုပါ သိရှိနားလည်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မည် ဖြစ်ပါကြောင်း။
ပုံမှန်ထောက်ပံ့မှုများအပြင် COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ရေးဆိုင်ရာ ထောက်ပံ့မှုများကိုလည်း ထည့်သွင်းထောက်ပံ့ပေးရန် လိုအပ်ပါ ကြောင်း၊ လတ်တလောတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် စီမံချက်ရေးဆွဲပြီး IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ၌ ခိုလှုံနေကြသူများအတွက် Surgical Mask များ၊ ပြန်လည်လျှော်ဖွပ်နိုင်သော အဝတ်နှာခေါင်းစည်းနှင့် ပါးစပ်စည်းများ၊ ဘေစင် များ၊ ဆပ်ပြာများ၊ လက်သန့်ဆေးရည်များ၊ ပိုးသတ်ဆေးများ၊ ထုံးအိတ်များ စသည်တို့ ထောက်ပံ့ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သဘာဝဘေး ဖြစ်ပွား လာသည့်အခါ ပထမဆုံး ရင်ဆိုင်ဖြေရှင်းရမည့် သူများဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လတ်တလောအခြေအနေအရ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစား စီမံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ထိုသို့ စီမံဆောင်ရွက်ရာတွင် Coronavirus Disease–2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် Coronavirus Disease–2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ လမ်းညွှန်မှုနှင့်အညီ ဝန်ကြီးဌာနအသီးသီး၏ ညှိနှိုင်းချက်များကိုပါ ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မည့် အချက်အလက် များကိုလည်း ယနေ့ အစည်းအဝေးတွင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေး ပေးကြရန် တိုက်တွန်းလိုပါကြောင်း။
သဘာဝဘေးအမျိုးမျိုးကို ခံစားနေရ
မိမိတို့အားလုံးသည် ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးလာမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုများနှင့်အတူ မမျှော်မှန်း နိုင်သော ပြင်းထန်သည့် သဘာဝဘေးအမျိုးမျိုးကို ခံစားနေရပြီး တစ်ချိန်တည်း မှာပင် ကူးစက်ရောဂါ ကပ်ဘေးများ၊ ပဋိပက္ခဘေးများ စသည်တို့ပါ ရင်ဆိုင် ကြုံတွေ့နေရသည့်အတွက် ကြိုတင်စီမံဆောင်ရွက်မှုများတွင် သမားရိုးကျဖြစ်စဉ် များအတွက်သာမက အခြေအနေ၊ အချိန်အခါအရ ရင်ဆိုင်ကြုံတွေ့ရမည့် ဖြစ်စဉ် များအတွက်ပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ယင်းသို့ လိုအပ်သည် ကိုလည်း ယနေ့ သဘာဝဘေးနှင့် COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများမှတစ်ဆင့် သိသာထင်ရှားစွာ နားလည် သဘောပေါက်လာကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာသူများက COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အတူ လာမည့်မိုးဦးကျကာလ ကြုံတွေ့လာနိုင်မည့် သဘာဝဘေးဖြစ်စဉ် များအတွက် မည်ကဲ့သို့ အကောင်းဆုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြ မည်ဆိုသည်ကို ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းပေးကြရန်နှင့် ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လူများစုဖွဲ့ထားရှိမှုနှင့် ပစ္စည်းများ အသင့် ပြင်ဆင်ထားမှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု၊ လုံခြုံရေးနှင့် ကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်သွားမည့်အစီအစဉ်များကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘေးဒုက္ခခံရသည့် ပြည်သူများ ကို ထောက်ပံ့ကူညီရာတွင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်လာနိုင်သည့် အခြေအနေ၊ လာမည့်မိုးရာသီတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာလ လိုက်နာရမည့် စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်နေမှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က (၂/၂၀၁၉)အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှု နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသုံးစွဲမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများက လုပ်ငန်းကော်မတီအလိုက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ ရန်ပုံငွေများ စနစ်တကျသုံးစွဲရေး၊ ပညာပေးရေး၊ အချိန်နှင့် တစ်ပြေးညီ ကြိုတင်သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ရာသီအလိုက်၊ နေရာဒေသ အလိုက် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအား ထိရောက်စွာ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် ချိတ်ဆက်၍ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ဘဏ္ဍာရန်ပုံငွေ ထည့်သွင်း လျာထားသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ အတွင်းရေးမှူး မိုးလေဝသ ပညာရှင် ဦးချစ်ကျော်တို့က ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ၊ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် ချိတ်ဆက်၍ တက်ရောက်ဆွေးနွေးတင်ပြကြသည်။
သတင်းစဉ်