ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်တွင်ပါဝင်သည့် ရောဂါကင်းဝေးကျန်းမာရေး သင်ခန်းစာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်ရွယ်များ ပေါင်းသင်းဆက်ဆံရေးသင်ခန်းစာတို့နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်း

 

နေပြည်တော် မေ ၂၂

 

သင်ရိုးသစ် ဒသမတန်း (Grade-10) ဘဝတွက်တာ ကျွမ်းကျင်စရာ (Life Skills) ဘာသာရပ်တွင်ပါဝင်သည့် ရောဂါကင်းဝေးကျန်းမာရေးသင်ခန်းစာနှင့် မျိုးဆက်ပွား ကျန်းမာရေး (Reproductive Health)နှင့် ဆယ်ကျော်သက် အရွယ်များ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာတို့နှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပ သည်။
ပေါင်းသင်းဆက်ဆံရေးသင်ခန်းစာဖြစ်
သတင်းစာရှင်းလင်းပွဲတွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘဝတွက်တာ ကျွမ်းကျင်စရာသင်ရိုးသစ်စာအုပ်တွင် ဆရာကိုင်စာအုပ် နှင့် ကျောင်းသားကိုင်စာအုပ်ဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ဘာသာရပ်နှင့်ပတ်သက်၍ သင်ယူမှု ဧရိယာလေးခု၊ အခန်းကြီး (၈)ခန်း ရှိပါကြောင်း၊ အခန်း(၄)သည် ရောဂါကင်းဝေးကျန်းမာရေးသင်ခန်းစာဖြစ်ပြီး အခန်း(၅)သည် မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက် အရွယ် ပေါင်းသင်းဆက်ဆံရေးသင်ခန်းစာဖြစ်ပါကြောင်း၊ အဆိုပါသင်ခန်းစာများတွင် ဖြစ်ရပ်အချို့ ထည့်သွင်းထား ပါကြောင်း၊ ထိုဖြစ်ရပ်များကို မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ဘာသာရေးအရတားမြစ်ချက်များ၊ လူမှုရေးစံနှုန်းများအရ သင်ကြားပေးရန် မသင့်သည့် အကြံပြုချက်များနှင့် ကန့်ကွက်ချက်များ၊ လူမှုကွန်ရက် စာမျက်နှာများတွင် ပြစ်တင်ဝေဖန်မှုများ ရေးသားဖော်ပြလျက်ရှိနေကြပါကြောင်း။
အခြေခံပညာတွင် စတင်သင်ကြားခဲ့
ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ကို ၁၉၉၈ မတိုင်မီက SHAPE ပရိုဂရမ်ဖြင့် အခြေခံပညာတွင် စတင်သင်ကြားခဲ့ပါကြောင်း၊ ၁၉၉၈ နောက်ပိုင်းတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ သင်ရိုးညွှန်းတမ်း များကို ပြုပြင်လိုက်သည့်အတွက် တွဲဖက်သင်ရိုးဝင် ဘာသာရပ်အနေဖြင့် ၂၀၁၆ ခုနှစ်ထိ သင်ကြားခဲ့ပါကြောင်း၊ ယခုနှစ်သင်ရိုးသစ်တွင် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်ကို သင်ကြားနိုင်ရန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ သင်ရိုးနှင့်ပတ်သက်၍ သင်ရိုးညွှန်းတမ်းဗဟိုအဖွဲ့၊ ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီ၊ ပြည်တွင်းအကြံပေး ပညာရှင်များ၊ နိုင်ငံတကာအကြံပေးပညာရှင်များ၊ အခြေခံ ပညာ ဆရာ ဆရာမများ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ အတည်ပြု ချက်ဖြင့် သင်ရိုးစာအုပ်များကို ရိုက်နှိပ်ခဲ့ပါကြောင်း၊ ကျွမ်းကျင်မှုကိုအခြေပြုသည့် သင်ရိုးဖြစ်သည့်အတွက် ဖြစ်ရပ်များကို ဖော်ပြပေးရပါကြောင်း၊ ဝေဖန်သုံးသပ်ကြ သည့်အခါ ဆရာကိုင်နှင့် ကျောင်းသားကိုင်စာအုပ်များကို ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြုပြင်ဆောင်ရွက်စရာရှိသည်များကို ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အခြေခံကျွမ်းကျင်မှုများကို သင်ကြား
ဆက်လက်၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်းက မြန်မာနိုင်ငံတွင် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်ကို ၁၉၉၈ ခုနှစ် ပညာရေးမြှင့်တင်မှုအစီအစဉ်အရ အခြေခံပညာအဆင့်မှ စတင်ထည့်သွင်းသင်ကြားခဲ့ပါ ကြောင်း၊ သင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ လူတိုင်း အတွက် ပညာရေးကို အကောင်အထည်ဖော်ရာတွင် အသက်အရွယ်အလိုက် လူမှုဘဝတွင် လိုက်လျောညီထွေ နေထိုင်တတ်စေမည့် အခြေခံကျွမ်းကျင်မှုများကို သင်ကြား လေ့ကျင့်ပေးသွားနိုင်ရန် ဖြစ်ပါကြောင်း၊ ၂၀၀၃ - ၂၀၀၄ ခုနှစ်တွင် UNICEF ၏ နည်းပညာအကူအညီဖြင့် ပြန်လည် ပြုစု၍ တွဲဖက်သင်ရိုးဝင်ဘာသာရပ်အဖြစ် သင်ကြားခဲ့ပါ ကြောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ ယခုသင်ရိုးသစ်များအတွက် ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီတွင် ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဆက်စပ်ဦးစီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေး ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများပါဝင်ကြပါကြောင်း၊ ယခင်က UNICEF အကူအညီဖြင့် ထုတ်ဝေခဲ့သည့် ဘဝတွက်တာကျွမ်းကျင် စရာစာအုပ်များပါ အချက်အလက်များကို အခြေခံ၍ သင်ကြားသင်ယူမှု မျှော်မှန်းချက်များ၊ ရလဒ်များနှင့် ကိုက်ညီအောင် သင်ခန်းစာများကို တည်းဖြတ်ပြင်ဆင် ပြုစုခဲ့ပါကြောင်း။
မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စာရင်းအရ အကြောင်းအမျိုးမျိုးကြောင့် သက်ငယ်အမှုဖြစ်ပွားမှုသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ၉၂၄ မှု ဖြစ်ပေါ်ခဲ့ သည်ကို သိရှိရပါကြောင်း။
ပြန်လည်သုံးသပ်စိစစ်ဆောင်ရွက်လျက်ရှိ
နည်းပညာခေတ်တွင် သတင်းအချက်အလက်များနှင့် အဖြစ်အပျက်များကို လူတိုင်း အလွယ်တကူ လက်လှမ်း တစ်မီဖြစ်လာသည့်အတွက် သတင်းအချက်အလက် နည်းပညာနှင့် လူမှုကွန်ရက်များ၏ အကျိုးဆက်အဖြစ် ကျောင်းသား ကျောင်းသူများ ငယ်ရွယ်နုနယ်သည့်အချိန်တွင် လက်ကိုင်ဖုန်း၊ ကွန်ပျူတာစသည်တို့ဖြင့် မမြင်သင့်၊ မကြားသင့်သည်များကို မြင်နိုင်ကြားနိုင်ရန် နီးစပ်မှု ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ခေတ်မီ တိုးတက်လာသည့် သတင်းအချက်အလက်နည်းပညာ များကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အမှားအမှန်ခွဲခြား သင်ယူတတ်စေရေးအတွက် လက်တွေ့ကျကျပြုပြင် ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များကို ပြုစုရာတွင် အဓိကအား ဖြင့် ကောင်းမွန်အကျိုးရှိသည်များကို သင်ယူစေပြီး ကျောင်းသား ကျောင်းသူများ၏ ဘဝကာကွယ်ပေးရန်နှင့် လူမှုဘဝမြှင့်တင်စေလိုသောကြောင့် ယခင်သင်ခန်းစာများ ကို အတတ်နိုင်ဆုံး တည်းဖြတ်ခြင်း၊ ၂၁ ရာစုကျွမ်းကျင်မှု များ ရရှိလာစေရန်ပြင်ဆင်ခြင်း၊ မြန်မာယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် တည်းဖြတ်ပြင်ဆင်ခြင်း များကို ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပိုမိုအကျိုးရှိ ထိရောက်စေရေးအတွက် ပြည်သူများ၏ အသံကိုနားထောင် ၍ ပြန်လည်သုံးသပ် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်ရိုးသစ် ဒသမတန်း(Grade-10) ဘဝတွက်တာ ကျွမ်းကျင်စရာ(Life Skills) ဘာသာရပ်တွင် ပါဝင်သည့် ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာနှင့် မျိုးဆက်ပွား ကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်း ဆက်ဆံရေး သင်ခန်းစာများနှင့်ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုများကို ကြားသိရပါကြောင်း၊ ပြည်သူ့အသံ ပြည်သူ့ သဘောထားများကို အလေးထားနားထောင်လျက်ရှိပါ ကြောင်း၊ အဆိုပါသင်ခန်းစာများတွင် ပါရှိသည့် အသုံးအနှုန်း များကို မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့နှင့် ညှိနှိုင်း၍ ပြန်လည်သုံးသပ်စိစစ်ကာ ပြင်ဆင်နိုင်ရန် စီစဉ်လျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများ သိရှိလိုသည့်မေးမြန်း ချက်များကို အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဝင် ဦးတင်လှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဒေါက်တာ တင်မောင်ဝင်း၊ ဒေါက်တာ ဇော်လတ်ထွန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးဝင်းတို့က ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
သတင်းစဉ်