အောင်ဘာလေထီလက်လီစျေးနှုန်းများ ပြန်လည်မြင့်တက်လာ

ရန်ကုန်   ဖေဖော်ဝါရီ   ၃

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တစ်လတစ်ကြိမ် ရွေးချယ်ကံစမ်းနိုင် အောင်ဘာလေသိန်းဆုဌာနခွဲမှ (၂၈၉)ကြိမ်မြောက်ထီဖွင့်ပွဲအား ဖေဖော်ဝါရီ ၁ ရက်က ရွေးချယ်ပြီးဆုရရှိသည့်   ပေါက်မဲနံပါတ်များအားကြေညာ ခဲ့သည်။  ဆုရရှိသူများက  ပြုံးပျော်ကြသကဲ့သို့ ထီကံစမ်းကြသူများကလည်း မိမိထီလက်မှတ်နံပါတ်ကို  ထီပေါက် စဉ်များအတွင်း ရှာဖွေရင်း ရင်ခုန်ခဲ့ကြရသည်။   ဒီလမပေါက်လည်း နောက်တစ်လပေါက်မည်လား မျှော်လင့် ချက်အပြည့်ဖြင့် ထီကံစမ်းကြပေလိမ့်ဦးမည်။ ''ထီစျေးနှုန်းတွေ  ပြန်တက်လာတာ နှစ်လရှိနေပြီဗျာ။ ကျွန်တော် တို့လိုဆိုင်ငယ်လေးတွေက  မြို့လယ်ကောင်မှာရှိတဲ့ ထီကိုယ်စားလှယ်ကြီးတွေဆီကနေတစ်ဆင့် ပြန်ယူပြီးရောင်း ရတာ။ ရောင်းစျေးကတော့ တစ်စောင်ကိုငွေကျပ် ၃၅ဝ နည်းနည်းမှတောင်လျှော့ရောင်းလို့မဖြစ်ဘူး။ အဲဒါမှပဲ    ကျွန်တော်တို့အတွက် အမြတ်လေးကျန်မှာပါ'' ဟု လက်တွန်း လှည်းထီဆိုင်ရှင်တစ်ဦးက   ယနေ့အခြေအနေကို ညည်းပြသည်။ ဒီဇင်ဘာလအတွင်း  ထီရောင်းအားများ မြင့်တက်လာခဲ့ပြီး  လက်လီထီစျေးနှုန်းများမှာ တစ်စောင် လျှင် ငွေကျပ်  ၃၈ဝ မှ ငွေကျပ် ၄ဝဝ အထိ မြင့်တက်ခဲ့သေးကြောင်း ယခုဇန်နဝါရီလရောင်းအားများလည်း  ဆက်လက်မြင့်တက်နေပြီး စျေးနှုန်းများအနေနှင့်  ထီလက်မှတ်တစ်စောင်လျှင် လက်လီစျေးငွေကျပ် ၃၅ဝ  ခန့် ဖြင့်ရောင်းချကြောင်း ရန်ကုန်မြို့လယ်  မဟာဗန္ဓုလလမ်းပေါ်ရှိ ထီဆိုင်ကြီးတစ်ဆိုင်မှ တာဝန်ရှိသူက ပြောပြ သည်။

''အတွဲတွေ၊ စီးရီးတွေစသဖြင့် ထီ လုပ်ငန်းက မလွယ်ဘူးလေ။ သူ့စနစ် အတိုင်းဖြစ်ဖို့အတွက်  ကိုယ်စား လှယ်တွေဆီမှာ  အများဆုံးယူကြရတာ။   အောင်ဘာလေသိန်းဆုဌာနခွဲကနေ  ရောင်းပေးတဲ့စျေးက ထီတစ်စောင် ကို  ငွေကျပ်  ၂ဝဝ  ဖြစ်နေပေမဲ့ တကယ်တမ်း ထီကိုယ်စားလှယ်တွေအနေနဲ့   ထီလက်မှတ်တစ်စောင်ကို အနည်း ဆုံး ငွေကျပ်၂၅ဝဝန်းကျင်နှုန်းနဲ့ ပြန်လည် ရောင်းချနေကြတာ ဖြစ်ပါတယ်။

''၂ဝ၁၂ ခုနှစ်ကုန်ခါနီး နောက်ဆုံး လလည်းဖြစ်တော့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖွင့်ခဲ့တဲ့ (၂၈၈) ကြိမ်မှာ ဆိုရင် ထီရောင်းအားတွေ အများကြီးတက်ခဲ့ပြီး  လက်ကားစျေးက  ထီလက်မှတ် တစ်စောင်ကို  ၂၈၅  ကျပ်အထိ စျေးနှုန်းတွေ   မြင့်တက်ခဲ့သေးတယ်။ ဒီလမှာလည်း ရောင်းအားအခြေအနေ အရ လဆန်းရက်တွေမှာ ထီလက် မှတ် လက်ကားစျေးကတစ်စောင်ကို ၂၃၅ ကျပ်နဲ့ မြင့်တက်နေပြီး စျေးကွက်အခြေအနေကိုတော့  ထပ်မံစောင့် ကြည့်ရဦးမယ်'' ဟု ထီကိုယ်စားလှယ်ကြီးတစ်ဦးက   ပြောပြသည်။   ထီဆိုင်များ အပြိုင်အဆိုင်  ကံစမ်းမဲများ ပေးအပ်ခြင်း၊  အထူးဆုပေါက်သူများအား ထပ်ဆင့်ဂုဏ်ပြုဆုငွေများ  ပေးအပ်ခြင်းအား  ရပ်နားထားခဲ့သည်မှာ တစ်နှစ်ကျော်ကာလကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အများပြည်သူများ ထီကံစမ်းနိုင်ရန်  နိုင်ငံတော်မှ သတ်မှတ် သည့်  ထီလက်မှတ်တစ်စောင်လျှင် ငွေကျပ် ၂ဝဝ စျေးနှုန်းဖြင့် ထီကံမစမ်းနိုင်ကြရသည်ကို  မေးမြန်းကြည့်ခဲ့ရာ  ''ဒါကတော့ သတ်မှတ်ပေးတဲ့  စျေးဆိုတာထက် ကိုယ်စားလှယ်စျေးနှုန်းကို ကြည့်ရမှာပဲ လေ။ ဌာနအနေနဲ့က လည်း အခွန်ရုံးအချို့မှာ ထီလက်မှတ်တစ်စောင် ငွေကျပ် ၂ဝဝ နဲ့ ရောင်းချပေးတာပဲလေ။ ဒါပေ မယ့် ထီဆိုင် တွေမှာက လိုချင်တဲ့နံပါတ်၊ အပူး၊  အတွဲ  စတာတွေရွေးချယ်ဖို့ အဆင်ပြေနေတယ်  ထင်ပါတယ်။ လက်ကား ယူတဲ့သူတွေအနေနဲ့ကလည်း ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့   ထီကိုယ်စားလှယ်ယူဖို့ မလွယ်တာ တစ်ကြောင်း၊  ရင်းနှီးမှု၊ ယုံကြည်စိတ်ချမှုတွေနဲ့ အကြွေးကျန် စနစ်တွေ အခြားအခွင့်အရေးအသေးစားလေးတွေ ရနေတာကတစ်ကြောင်း ထီကိုယ်စားလှယ်တွေဆီမှာ ယူနေကြတာလေ။ ကျွန်တော့် အမြင်ကိုပြော ရရင်တော့ ထီ ဆိုင်ကြီးတွေ၊ ထီကိုယ်စားလှယ်ကြီးတွေအတွက်  အခုအခြေအနေက ပိုကောင်းတယ်လေ။ အဝင်သာရှိပြီး  ပြန် ပေးရတာမှမရှိတော့တာဘဲ။ ထီထိုးသူတွေအတွက်ကတော့ အရင်ထပ်ဆင့်ဂုဏ်ပြုဆုတွေပေးတုန်းကလည်း ဒီစျေး ပဲ၊ အခုဘာအပိုဆုမှမရတော့လည်း ဒီစျေးနဲ့ပဲကံစမ်း နေကြရတာဆိုတော့  ဘာမှမထူးဘူး။  ထီကျွမ်းကျင်သူ အများစုက  ခန့်မှန်းကြည့်ကြတာက  ထီထိုးသူအတွက် ပိုအကျိုးရှိစေချင်ရင်  ထီကိုယ်စားလှယ်တွေကို  စျေးနှုန်း ကန့်သတ်နိုင်ဖို့အတွက်  ကော်မရှင်စနစ်၊  ရာခိုင်နှုန်းစနစ်နဲ့ရောင်းချပေးပြီး စျေးနှုန်းကို ကန့်သတ်၍ စျေးနှုန်း လည်းမြှင့်၊ အထူးဆုကြီးတန်ဖိုးလည်းမြှင့်နိုင်မယ်ဆိုရင် တော်တော်လေးပိုကောင်းလာနိုင်တယ်''ဟုထီ လုပ်ငန်း ရှင်တစ်ဦးက သုံးသပ်ပြသည်။ (ခင်ရတနာ)