ဘိုးဘွားအမွေအနှစ်များကို ချစ်မြတ်နိုးနိုင်ကြပါစေ

ရန်ကုန်မြို့တွင်  မြန်မာသမီးပျိုများ၏ အပြင်အဆင်များကို နေ့စဉ်မြင်တွေ့ရသည်မှာ  မျက်စိနှင့်တော့ တော်တော်လေးကို  ဘဝင်မကျစရာများ  တွေ့နေရသည်။  ယခုကဲ့သို့ ဝတ်စားဆင်ယင်မှုမျိုး  မြင်တွေ့နေရသည် မှာ  ကြာတော့ကြာခဲ့ပါပြီ။  မီဒီယာများတွင် ရေးနေကြသည်မှာလည်း ဒုနှင့်ဒေး ဖတ်နေရသည်။

မီဒီယာများက ယင်းသို့ ရေးသား အသိပေး၊ သတိပေးသည်ကို ''ကလေးတွေမဖတ်မိကြလို့လား'' ဟု သံသယဖြစ်မိသည်။ မဖတ်မိရင်   ဖတ်မိကြအောင်၊  မသိကြရင်  သိကြအောင်၊ မသိချင်ယောင်ဆောင်နေကြရင် ပေါ်ပေါ်ထင်ထင်သိသွားအောင် တာဝန်ရှိသူများက  ထပ်ခါထပ်ခါဆောင်ရွက်ကြရန်လိုပေပြီ။  တာဝန်ရှိသူများက ဆောင်ရွက်ကြရန်လိုသလို ကာယကံရှင်နှင့်  မိဘများကပါ  ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြ ရန်လို ကြောင်းထင်မိပါသည်။  သမီးရှင်တစ်ဦးမို့ သမီးတို့ မဖွယ်မရာဝတ်စုံများဖြင့်  လှနေသည်ကိုတော့  အမေတစ်ဦး အနေဖြင့် မနှစ်မြို့နိုင်။ အခမ်းအနားတော်တော်များများတွင် မြန်မာအမျိုးသမီးကြီးငယ်အချို့တို့  ရိုးရာ ချည်ထည် အမျိုးမျိုးကို ရင်ဖုံး၊ ရင်စေ့အစရှိသည်ဖြင့် ခေတ်မီ(ခေတ်လွန် ခြင်းမဟုတ်) ပုံစံအမျိုးမျိုးကို ပွဲတက်ဝတ်စုံအဖြစ် မြတ်မြတ်နိုးနိုး တန်ဖိုးထား၍ ဝတ်ဆင်ပွဲတက်နေကြသည်။

ဤသို့ဆိုလျှင်လည်း  လှကြပါသည်။ ယနေ့သမီးငယ်တော်တော်များများ ဝတ်စားဆင်ယင်နေကြသလို ပေါ်မှဖော်မှ လှကြသည်မဟုတ်၊ ပေါ်ခြင်းဖော်ခြင်းသည်  ခေတ်မီခြင်း မဟုတ်၊ ခေတ်လွန်ခြင်းသာ ဖြစ်သည်။ အမှန်တကယ်မြတ်နိုးတန်ဖိုးထားတတ် သူသည်လည်း  ပေါ်ခြင်း၊  ဖော်ခြင်းကို အထင်ကြီးမည်မဟုတ်၊ နှစ်သက် မည် မဟုတ်၊ မြန်မာဆန်ဆန်အိန္ဒြေရှိရှိဖြင့် လှပနေသူကိုသာလျှင် နှစ်သက်တန်ဖိုးထားပေလိမ့်မည်။

လူမျိုးအသီးသီးတွင်  ရိုးရာဝတ်စုံဟူ၍ အသီးသီးရှိကြသည်။ အမြတ်တနိုးလည်း တန်ဖိုးထား၍ ဝတ်ကြသည်။ မိမိတို့မြန်မာမိန်းကလေးများရော  မိမိတို့၏ရိုးရာဝတ်စုံများကိုတန်ဖိုးထား၍ ဝတ်ဆင်ရန် ဆင်ခြင် သင့်ကြပေပြီ။ မသင့်ကြပေဘူးလား။ ဝတ်စုံနှင့်ပတ်သက်၍  ပြောခဲ့သလို ဂီတနှင့်ပတ်သက်၍လည်း  အနည်းငယ် တော့ ပြောချင်ပါသည်။ မြန်မာလူမျိုးများ (ကျား+ မ) မြန်မာဂီတကို နှစ်သက်စေချင်သည်။ အမြတ်တနိုး တန်ဖိုး ထားကြစေချင်သည်။ နိုင်ငံတကာ ဂီတကိုမမြတ်နိုးရန်၊  မနှစ်သက်ရန်၊ မသုံးစွဲရန်ပြောခြင်းမဟုတ်၊  မည်သည့် ပညာရပ်မဆို တတ်မြောက်ထားလျှင် လိုအပ်သည့်အချိန်၌ ထုတ်ယူသုံးစွဲနိုင်ပေသည်။ သို့သော် မြန်မာ့ဂီတ ကိုတော့ မြန်မာလူမျိုးများ၊ အထူးသဖြင့်  လူငယ်လူရွယ်များ စိမ်းနေသည်ဟုထင်မိသည်။

ယနေ့ သားငယ်သမီးငယ်များက မြန်မာသံကိုစိမ်းနေသည်။ ကြောက်နေကြသည်ကိုတွေ့ကြရသည်။ မစိမ်းကြပါနှင့်၊ မကြောက်ကြပါနှင့်ဟု  ဆိုချင်သည်။  မြန်မာ့ဂီတကို  နက်နက်နဲနဲ ထဲထဲဝင်ဝင်    လေ့လာ ကြည့်လျှင် အလွန်သိမ်မွေ့သော၊  နူးညံ့သော၊ ရသမျိုးစုံကို ပေးစွမ်းနိုင်သော ဂီတ အဖြစ် ခံစားသိရှိနိုင်လိမ့်မည်။ ဝမ်း နည်းစရာသီချင်းဖြစ်လျှင်လည်း နားဆင်သူအားလုံး   ဝမ်းနည်းရသည်။ ပျော်စရာသီချင်းသည် ထိထိရောက် ရောက်ပျော်ရွှင်ရသောရသကို  ပေးစွမ်းသည်။ သီချင်းကောင်းတစ်ပုဒ်သည် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲ နိုင် သည်ကိုလည်း တွေ့ရသည်။ ယနေ့လူငယ်များ ခေတ်ပေါ်သီချင်းများ အပေါ်စီးမျောကြရာတွင် မိမိတို့မြန်မာ့ ဂီတ၊  မြန်မာ့အလှများကိုလည်း မမေ့မလျော့  လေ့လာဆည်းပူးကြရန်နှင့် နိုင်ငံတကာအလယ်တွင် မြန်မာ့ရိုးရာ အမွေ အနှစ်များအဖြစ် ရိုးရာဝတ်စုံနှင့် ရိုးရာဂီတကို ပြန်လည်ပုံဖော်ကြရင်း ဖြင့်အနာဂတ်နိုင်ငံတော်ကို အကောင်းဆုံး ပုံဖော်ကြပါစို့၊ ဘိုးဘွားအမွေအနှစ်များကို ချစ်ခင်မြတ်နိုးနိုင်ကြပါစေဟူ၍ ဆန္ဒပြုပါသည်။(မမနိုင်)