မြန်မာကရာတေးအသင်း ရွှေတံဆိပ်ဆု နှစ်ခုဆွတ်ခူး

 
 
နေပြည်တော်  ဒီဇင်ဘာ  ၁၇ 
 
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲ ဒသမ နေ့ကို   ယနေ့နံနက်ပိုင်းမှ စတင်ကာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  အားကစားကွင်း၊ အားကစားရုံများ၌   ကျင်းပရာ အိမ်ရှင်မြန်မာအသင်းက   ကရာတေးအားကစားတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။
 
ယနေ့တွင် ပိုက်ကျော်ခြင်း၊ မြားပစ်၊ ပီတန်း၊ ပြေးခုန်ပစ်၊ ဘတ်စကက် ဘော၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဗိုဗီနမ်နှင့်  စစ်တုရင်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး အိမ်ရှင်မြန်မာအသင်းက  ကရာတေးပြိုင်ပွဲတွင်  ရွှေတံဆိပ်ဆု နှစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
 
မြန်မာကရာတေး အသင်းအနေဖြင့်  အမျိုးသမီး(50 kg) တစ်ဦးချင်း ပြိုင်ပွဲတွင် မဇင်အေးက ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး အမျိုးသား(60 kg) တစ်ဦး ချင်းပြိုင်ပွဲတွင် မောင်အောင်ခင်စစ်က ရွှေတံဆိပ်ဆုရရှိခဲ့သည်။  
 
ယခုကဲ့သို့ ရွှေတံဆိပ်ဆုများ ရရှိအောင်လေ့ကျင့်ပေးခဲ့ပုံကို မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က ''ကရာတေးအားကစားဆိုတာ ကာလတိုအတွင်း လေ့ကျင့်လို့ရတာ မဟုတ်ပါဘူး။ ကာလရှည်လေ့ကျင့်လာလို့ အခုလိုအောင်မြင်မှုရရှိတာဖြစ်ပါတယ်။ ကလေးတွေကို စခန်းသွင်းလေ့ကျင့် လာတာ တစ်နှစ်နီးပါးရှိနေပါပြီ။ သူတို့လည်း  တော်တော်လေးပင်ပန်းသလို ကြိုးလည်း ကြိုးစားပါတယ်။ အဓိကအားဖြင့် စိတ်ဓာတ်ရေးရာမြှင့်တင်ဖို့အတွက်  စိတ်ဓာတ်ပိုင်းကို  အမြဲတမ်းမြှင့်တင်ပေးခဲ့ပါတယ်။  ဒါကြောင့်မို့ ဒီကလေးတွေ ဟာလေ့ကျင့်မှု အပိုင်းရော၊ ကြိုးစားမှုအပိုင်းရော၊ စိတ်ဓာတ်ပိုင်းရော အားလုံး ပြည့်စုံပြီးမှ အောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်'' ဟု ပြောသည်။ 
 
အမျိုးသားတစ်ဦးချင်း(60 kg)တန်းတွင်    ရွှေတံဆိပ်ဆုရရှိခဲ့သည့် မောင်အောင်ခင်စစ်က  ''ရွှေတံဆိပ်ဆုရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ပိတ်ရက်တွေမှာတောင်မနားဘဲ ကြိုးစားခဲ့ပါတယ်။  ခံယူချက်ထားပြီး  ကျော်ဖြတ်ခဲ့ပါတယ်။ လုပ်နိုင်ပါ့မလားလို့လည်း စိတ်ဓာတ် ကျဖူးပါတယ်။    စိတ်ဓာတ်ကျနေတဲ့အချိန်တွေဆို    နည်းပြမရှိပေမယ့် တစ်ယောက်တည်း  လေ့ကျင့်ခဲ့ပါတယ်။ လုပ်နိုင်ပါ့မလားစိုးရိမ်ခဲ့ပေမယ့် ကိုယ့်ရဲ့စိတ်ဓာတ်နဲ့  အကောင်းဆုံးလုပ်ပြမယ်လို့ ဆုံးဖြတ်ပြီး  ကစားခဲ့တာပါ။ လုပ်သမျှတကယ်ဖြစ်လာတဲ့အတွက် ဝမ်းသာပါတယ်''ဟု ပြောသည်။
 
ဆက်လက်၍ ကရာတေးအားကစားနည်းဖြင့် ပထမနေ့တွင် ရွှေတံဆိပ် နှစ်ခု ဆွတ်ခူးခဲ့ပြီး ယနေ့တွင်လည်း ရွှေတံဆိပ်ဆုထပ်မံရရှိခဲ့သည့် မသဇင်အေး က ''ရွှေတံဆိပ်ဆုရဖို့ တခြားသူတွေထက် နှစ်ဆလောက်လေ့ကျင့်ခဲ့ရတယ်။ အတိုက်ရော အပြရောဝင်ပြိုင်တဲ့အတွက် အပြအချိန်လေ့ကျင့်ပြီးရင် အတိုက် အချိန်ဆက်ပြီး လေ့ကျင့်ခန်းဆင်းခဲ့ရပါတယ်။ ညနေပိုင်းတွေမှာဆိုလည်း အတိုက် သို့မဟုတ် အပြတစ်ခုအမြဲလေ့ကျင့်ခဲ့တယ်။ တော်တော်ပင်ပန်းခဲ့ပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံမှာလုပ်တဲ့အတွက် ကိုယ့်နိုင်ငံအလံကို အလေးပြုရတာကို လည်း ဂုဏ်ယူမိပါတယ်။ တစ်ယောက်တည်းကြိုးစားလို့ ဒီလိုဆုရတာ မဟုတ်ပါ ဘူး။ အဖွဲ့ချုပ်ရော၊ ဥက္ကဋ္ဌတွေရော၊ AC  အဖွဲ့တွေရော၊  ဝန်ကြီးဌာနက တာဝန်ရှိသူတွေရော၊   လေ့ကျင့်ဖော်တွေရော  အကုန်ပံ့ပိုးကူညီပေးကြလို့ ရွှေတံဆိပ်ဆုရရှိခဲ့တာပါ'' ဟု ၎င်း၏ဝမ်းသာပျော်ရွှင်မှုကို ပြောပြသည်။  
 
 ဟန်လင်းနိုင်