ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ အထောက်အကူပြုဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းများ ဆောင်ရွက်

 
 
နေပြည်တော် မေ ၁၄
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စည်ပင် ဧည့်ရိပ်သာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များနှင့် အထောက်အကူပြု ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများ ပြုလုပ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာ ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုသည်။(ဝဲပုံ)
 
အသိပညာပေး
 
ထိုသို့သွားရောက်စဉ်တွင် ပြည်ထောင်စုဝန်ကြီးက တာဝန်ကျဝန်ထမ်းများကိုတွေ့ဆုံ၍ ဓာတ်ခွဲနမူနာရယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားကူးစက်မှု မရှိစေရေး လိုက်နာကျင့်သုံးရန် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲနမူနာ စစ်ဆေးခံမည့်သူများအား ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိသော်လည်း ရောဂါပိုးကူးစက်ခံရမှု ရှိနေနိုင်သည် ကို အသိပညာပေးပြောကြားရမည် ဖြစ်ပါကြောင်း၊
 
ရောဂါကူးစက်မှုခံရပါက ကူးစက်မှုခံရပြီး ငါးရက်မှ ခုနစ်ရက်အတွင်းတွင် ရောဂါပိုး တွေ့ရှိနိုင်ခြေ အများဆုံးဖြစ်ပါကြောင်း၊ ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရ သော်လည်း ပေါ့ဆခြင်းမပြုဘဲ ရောဂါကူးစက် ခံရမှု မရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဆက်လက်လိုက်နာရန်မှာ အထူးအရေးကြီးသည်ကို မှာကြားစေလိုပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိ ကိုယ်တိုင်နှင့် မိမိ၏ မိသားစု၊ မိတ်ဆွေများထံသို့ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူ များ၊ ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာ ရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာရယူခြင်းလုပ်ငန်းများကို စနစ်ကျစွာ စီစဉ်ဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း ပြောကြား သည်။
 
ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲ နမူနာရယူခြင်းများကို မေ ၁၃ ရက်တွင် လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများ အားလည်းကောင်း၊ မေ ၁၄ ရက်နှင့် ၁၅ ရက် တွင် လွှတ်တော်ကိုယ်စားလှယ်များအား လည်းကောင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 
သတင်းစဉ်