နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဈေးများအား စနစ်တကျ စီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါပြုံးကေသီနိုင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့နှင့်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွ

 
 
နေပြည်တော် မေ ၁၂
 
Coronavirus Disease 2019 (COVID- 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ နေပြည်တော်ကောင်စီနယ်မြေမှ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့နှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးသည်။
 
နှုတ်ခွန်းဆက်စကားပြောကြား
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားပြောကြား သည်။
 
ထို့နောက် မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင် က ပျံကျဈေး စနစ်တကျဖွင့်လှစ်ဆောင်ရွက်မှုများ၊ Quarantine Centre များ၊ Intensive Care Unit များ ပြင်ဆင်ဆောင်ရွက်ခဲ့မှုများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် COVID- 19 ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အား သက်ဆိုင်ရာကျေးရွာ Quarantine Centre များသို့ စနစ်တကျ ပို့ဆောင်ပေးခြင်းနှင့် စနစ်တကျ နေထိုင်နိုင်ရေး ဆောင်ရွက်မှုများကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ကလောမြို့၊ ဟဲဟိုးမြို့ နှင့် အောင်ပန်းမြို့တို့ရှိ ဈေးများနှင့် ယာယီပျံကျဈေးများ စနစ်တကျဖွင့်လှစ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူများ၏ စည်းကမ်းလိုက်နာဆောင်ရွက်မှုများ၊ တွေ့ကြုံရသည့် အခက်အခဲများကိုလည်းကောင်း၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက နေပြည်တော်ရှိ ဈေးများ စနစ်တကျဖွင့်လှစ် နိုင်ရေး ဆောင်ရွက်ခြင်း၊ ဈေးရောင်းသူများနှင့် ဈေးဝယ်သူ များအား COVID-19 ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ဈေးများ၌ ပိုးသတ်ဆေးဖျန်းခြင်း၊ သန့်ရှင်း ရေးဆောင်ရွက်ခြင်းနှင့် မိုဘိုင်းဈေးများ စနစ်တကျ တိုးမြှင့် နိုင်ရေး ဆောင်ရွက်ခြင်းဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Volunteer များအား အရည်အချင်းများမြှင့်တင်နိုင်ရေး၊ ပြည်သူများ Mask မဖြစ်မနေ တပ်ဆင်စေရေး၊ နေအိမ်များ နှင့်စာသင်ကျောင်းများ၌ လက်တွေ့ကျကျဖြစ်နိုင်ခြေရှိမည့်ဘဝများ တည်ဆောက် ရေးအတွက် ရေတိုရေရှည် စဉ်းစားဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် COVID-19 ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် ရေရှည်တွင် ဖြစ်နိုင်ခြေရှိသည့်ဘဝများ တည်ဆောက်နိုင်ရေး အတွက် ဝိုင်းဝန်းစဉ်းစားကြရမည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံများမှတစ်ဆင့် နည်းလမ်းများ ပို၍တွေ့ရှိလာမည်ဖြစ်ပါကြောင်း၊ ရေရှည်တိုက်ပွဲတစ်ခုဝင်နိုင်ရန် ခံနိုင်ရည်ရှိရေးသည် အဓိကဖြစ်ပါကြောင်း၊ ခံနိုင်ရည်ရှိရေးအတွက် မျှော်လင့်ချက်ရှိကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ဇွဲ၊ ဝီရိယလည်း ရှိကြရမည်ဖြစ်ပါကြောင်း၊ မျှော်လင့်၍ အလုပ်လုပ်ကြရမည်ဖြစ်ပါကြောင်း၊ မိမိမျှော်လင့်ချက် အောင်မြင် ဖြစ်မြောက်စေရန် ဝါယမစိုက်ထုတ်ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ခံနိုင်ရည် ရှိရမည်၊ ဆက်၍သွားနိုင်သည့် သတ္တိရှိကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူ ပြည်သား များ အနေဖြင့် အဆိုပါအရည်အချင်းများကို အတိုင်းအတာတစ်ခု ပြည့်စုံသည်ဟု ယုံကြည်ပါကြောင်း၊ အရည်အချင်းများ ပိုမိုပြည့်စုံရန် တစ်နေ့ထက်တစ်နေ့ လေ့ကျင့်သွားပါဟု မေတ္တာရပ်ခံလိုပါကြောင်း၊ အားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
 
သတင်းစဉ်