ဗိုင်းရပ်စ်ကာကွယ်မည့် နှာခေါင်းစည်း ရေရှည်သုံးစွဲနိုင်ရန် ကိုယ်တိုင်ထုတ်လုပ်

မြန်မာ့အလင်းအယ်ဒီတာအာဘော်
 

 
 
ပြည်ပသို့ ခရီးသွားရာဇဝင်မရှိသူများတွင် ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲတွေ့ရှိမှုတို့ များပြားလာသည်။ ပြည်တွင်းကူးစက်မှု များပြားလာရခြင်း၏ အကြောင်းရင်းက ရောဂါကာကွယ်ရေး ဆိုင်ရာ အကြံပြုလမ်းညွှန်ချက်များကို အလေးမထား၊ မလိုက်နာ ခြင်း၊ ရောဂါအပေါ် ပေါ့ဆစွာ သဘောထားကြခြင်းကြောင့်ပင် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုး ဝင်ရောက်စွဲကပ်နေသော်လည်း ရောဂါ လက္ခဏာမပြသူများမှာ လူကောင်းပကတိအတိုင်း အများပြည်သူ ကြားတွင် လှုပ်ရှားသွားလာမှု အရေအတွက် မည်မျှရှိနေမည်လဲကို မည်သူမျှ မသိနိုင်။ လောလောဆယ်တွင် ဓာတ်ခွဲခန်း အတည်ပြု လူနာများကိုအခြေခံ၍ ဆက်စပ်သူများကို ခြေရာကောက် ဖော်ထုတ်ကာ အသွားအလာကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ် ခြင်းမှ ရောဂါပိုးတွေ့ရှိလူနာများကို ဖော်ထုတ်နေခြင်းဖြစ်ပြီး ကန့်သတ်စောင့်ကြည့်မှုမှ လွတ်နေသူက လွတ်နေနိုင်သေးသည်။
မည်သို့ပင်ဖြစ်စေ ကိုဗစ်-၁၉ ကူးစက်မခံရရေးအတွက် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေရန်၊ တစ်ယောက်နှင့်တစ်ယောက် ခြောက်ပေထက်မနည်း အကွာအဝေးမှသာ ပြောဆိုဆက်ဆံရန်၊ ဝိုင်းဖွဲ့စကားပြောဆိုခြင်းနှင့် လူစုလူဝေးတို့ကိုရှောင်ကြဉ်ရန်၊ မကြာခဏ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်နှင့် ပြင်ပသို့သွားသည့်အခါတိုင်း နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မီဒီယာ နည်းလမ်းမျိုးစုံဖြင့် အသိပညာပေးလျက်ရှိရာ လိုက်နာကျင့်သုံးကြ သည်နှင့်အမျှ မိမိအတွက်ရော အခြားသူများအတွက်ပါ အကျိုး ဖြစ်စေမည် ဖြစ်သည်။
ကိုဗစ်-၁၉ သည် ကူးစက်မှုလျင်မြန်သည့် ကပ်ရောဂါဖြစ်ပြီး မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်ဟူသော မျက်နှာပေါ်တွင်ရှိသည့် ဒွါရတို့မှ ဝင်ရောက်ကူးစက်ကြခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကို ရောဂါပိုးဟူ၍ အများနားလည်အောင် အလွယ်ပြောရသော် လည်း စင်စစ်အားဖြင့် သက်ရှိပိုးမွှားမျိုးမဟုတ်။ မိမိဘာသာ ကြာကြာမရပ်တည်နိုင်။ မျိုးမပွားနိုင်။ ရောဂါပိုးရှိနေသူ စကား ပြောဆိုသည့်အခါ၊ အသက်ရှူထုတ်သည့်အခါ၊ နှာချေ ချောင်းဆိုး သည့်အခါ ရေငွေ့ကဲ့သို့သော အခိုးအငွေ့၊ အမှုန်အမွှားများနှင့် အတူ ဗိုင်းရပ်စ်ပိုးက ပြင်ပသို့ထွက်လာသည်။ အဲကွန်းခန်း၊ လေလုံခန်းများတွင် လေထဲ၌ မိနစ်တော်တော်ကြာ လွင့်မျောနေ သည်။ အချို့ ဗိုင်းရပ်စ်များက အောက်သို့ကျသည်။ အချို့ဗိုင်းရပ်စ် များကလည်း လူတို့အထိအကိုင်များသည့် အရာဝတ္ထုများနှင့် နေရာများတွင် အချိန်တော်တော်ကြာအောင် ကပ်ငြိတည်ရှိနေ သည်။ အရွယ် အစားအားဖြင့် ၁၂၅ နာနိုမီတာမျှသာရှိသည်ဆိုသည့် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို သာမန်မျက်စိဖြင့် မည်သူမျှ မမြင်နိုင်။ ၁ နာနိုမီတာသည် တစ်မီတာ၏ သန်း ၁၀၀၀ ပုံလျှင် ၁ ပုံသာ ရှိသည့် အလျားတိုင်း ယူနစ်ဖြစ်ရာ ဗိုင်းရပ်စ်၏ အရွယ်အစားကို ခန့်မှန်းနိုင်သည်။ ထိုမျှအရွယ်အစားသေးငယ်သည့် လေထုထဲမှ ရောဂါပိုးကို ရှောင်နိုင်ရန်မှာ တစ်ယောက်နှင့်တစ်ယောက် ဝေးဝေးနေခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းကသာ အလုပ်အဖြစ်ဆုံး ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာချိန်မှ စ၍ နှာခေါင်းစည်းများက ဈေးကွက်တွင် လိုချင်တိုင်းမရနိုင်တော့။ ဈေးနှုန်းတွေကလည်း ခုန်တက်သွားသည်။ အရည်အသွေးနိမ့်ကျ လွန်းသည့် နှာခေါင်းစည်းများ ရောင်းချလာကြသည်ကိုလည်း တွေ့ရသည်။ ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်ပါမည်လား ဆိုသည့် အာမခံချက်လည်းမရှိ။ မဖြစ်မနေ နေ့စဉ် တပ်ဆင်ရမည့် အခြေအနေတွင် တစ်ခါသုံး နှာခေါင်းစည်းများကို နေ့စဉ်ဝယ်သုံး ရန်မှာလည်း ရေရှည်တွင် မဖြစ်နိုင်တော့။ သို့ဖြစ်ရာ ကမ္ဘာတွင်ရော မိမိတို့နိုင်ငံတွင်ပါ ကိုယ်တိုင်ချုပ် အိမ်တွင်းဖြစ် ကျန်းမာရေးနှင့် ညီညွတ်ပြီး ပြန်လည်လျှော်ဖွပ်သုံးစွဲနိုင်သည့် အဝတ်နှာခေါင်းစည်း များ ထုတ်လုပ်သုံးစွဲကြရန် အားပေးလာရသည်။ ပိတ်စရွေးချယ် နည်း၊ ချုပ်လုပ်နည်းများကို လူမှုကွန်ရက်နှင့် အင်တာနက်တို့တွင် အများအပြား တွေ့လာရသည်။ ကိုဗစ်-၁၉ ရောဂါ ဆုတ်ခွာမသွား သေးသရွေ့ ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ ပြင်ပသွားတိုင်း နှာခေါင်းစည်း တပ်ဆင်ကြရမည်။
ကိုဗစ်-၁၉ ရောဂါက လူသားတို့ကို သင်ခန်းစာများစွာ ပေးနေသည်ဟုပင် တွေးထင်စရာဖြစ်သည်။ စိတ်အလိုကိုလိုက်၍ မရ။ လူတိုင်း မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ကြဖို့လိုသည်။ အတ္တဟိတ ပရဟိတ မျှတဖို့လည်း လိုသည်။ သတိသမ္ပဇဉ် ဉာဏ်အမြင်ရှိဖို့လည်း လိုသည်ဟု ရှုမြင်မိပါကြောင်း။ ။