မမေ့မလျော့သော သတိဖြင့် ရှိကြဖို့

မြန်မာ့အလင်းအယ်ဒီတာအာဘော်
 

 
 
ဥဋ္ဌာန ၀တော သတိမတော၊ သုစိကမ္မဿ နိသမ္မကာရိနော၊ သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသော ဘိဝဍ္ဎုတိ။
လုံ့လလည်းရှိ၊ သတိလည်းရှိ၊
အပြစ်ကင်း စင်ကြယ်သော အလုပ်ကိုလည်း ပြုလုပ်တတ်၊
အမှုကိစ္စဟူသမျှကို ပညာဖြင့် ဆင်ခြင်၍ ပြုလုပ်လေ့လည်းရှိ၊
ကိုယ် နှုတ် စိတ် သုံးပါး ဣန္ဒြေကိုလည်း စောင့်စည်းလေ့ရှိ၊
တရားသဖြင့် အသက်မွေးလေ့လည်းရှိ၍
မမေ့မလျော့သော သူမှာ
ကောင်းမွန်အထူး ကျေးဇူးသတင်း ကျော်ဇောခြင်း
အလွန် တိုးပွားလေ၏။
(ဓမ္မပဒ။ အပ္ပမာဒ ဝဂ္ဂ)
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ပြီး ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာရသည့်အဖြစ်သို့ ရောက်ခဲ့ရသည်။ နိုင်ငံအသီးသီးတွင် များစွာကူးစက်ခဲ့ပြီး ယနေ့အချိန်ထိဆိုလျှင် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးသန်း ခုနစ်သိန်း ငါးသောင်းကျော်ရှိပြီး သေဆုံးသူမှာ နှစ်သိန်းငါးသောင်း ကိုးထောင်ကျော်၊ ပြန်လည်ကောင်းမွန်သူ တစ်သန်း နှစ်သိန်း ငါးသောင်းကျော်ထိ ရှိနေပြီ။ ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားနေသူ နှစ်သန်း နှစ်သိန်းကျော်ရှိ၏။
မြန်မာနိုင်ငံ၌ ပိုးကူးစက်ခံထားရသည်ဟု အတည်ပြုထားသူ ၁၆၁ ဦးရှိ၏။ သေဆုံးသူ ၆ ဦးရှိ၏။ ရောဂါပိုးရှိထားသည်ဟု သတ်မှတ် ထားပြီး ဆေးရုံတွင်ထားကာ ကုသမှုခံယူ၍ ရောဂါပိုးကင်းစင်လာသူ ၅၀ ဟု သိရသည်။ ယခုရက်ပိုင်းအတွင်း သံသယရှိသူများကို ဆက်လက်စစ်ဆေးနေရာတွင် မေလ ၁ ရက်၊ ၂ ရက်နေ့များတွင် ရောဂါပိုးမတွေ့ရှိ၊ ၃ ရက်နေ့တွင် ပိုးတွေ့သူ ၄ ယောက်၊ ၄ ရက်နေ့ တွင် ၆ ယောက်၊ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ပိုးတွေ့ရှိ မှု လုံးဝမရှိ ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များအရ အတည်ပြုသိရှိရပါသည်။
နိုင်ငံတကာမှ နိုင်ငံကြီးများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ အနေအထားက မဆိုးရွားလှဟု ဆိုနိုင်သော်လည်း စိုးရိမ်ဖွယ်မရှိ၊ ကောင်းနေပြီဟု ယတိပြတ်စိတ်ချရသောအခြေအနေ မဟုတ်သေးပါ။ ကိုဗစ်-၁၉ ရောဂါပိုးက အလွယ်တကူမမြင်ရအောင် ပုန်းကွယ်နေနိုင် သူ၊ တိတ်တဆိတ်ဝင်လာနိုင်သူ၊ မည်သည့်လက္ခဏာတစ်စုံတစ်ရာမှ မပြဘဲ ဟန်မပျက်ရှိနေနိုင်သူ ဖြစ်၏။ အလွန်အမင်း စိုးရိမ်ပူပန်ရမည် မဟုတ်သော်လည်း ပေါ့ပေါ့ဆဆ နေလို့မဖြစ်။
သတိတရားနှင့် အသိဉာဏ်ပညာရှိဖို့ လိုအပ်ပါသည်။ ဉာဏ်ဖြင့် ကပ်၍ အမြဲစောင့်ကြည့် သတိဖြင့်နေခြင်းက ယနေ့ ကြုံတွေ့ နေရသော ကပ်ရောဂါမျှသာမက သံသရာကိုပါ ကျော်လွန်အောင် မြင်နိုင်မည့် အကျင့်အမူဖြစ်ပါသည်။
လူတစ်ဦးသည် ထကြွလုံ့လလည်းရှိကာ သီလလုံခြုံသူလည်း ဖြစ်၍ ဉာဏ်ဖြင့်ယှဉ်ကာ မမေ့မလျော့၊ မပေါ့မဆ၊ သတိဖြင့် နေထိုင် ခြင်းသည် သူတော်ကောင်းတို့၏ အကျင့်ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၄၈-ခု။ ဥတုဂိမန္တ ကဆုန်လပြည့်ည အင်္ဂါနေ့ မိုးသောက်ယံတွင် ပရိနိဗ္ဗာန်ပြုတော်မူ ၏။ ပရိနိဗ္ဗာန်မပြုမီ နောက်ဆုံးစကားကို မြွက်ဆိုရာတွင်လည်း မမေ့ မလျော့ကြသော သတိဖြင့် နေထိုင်ကြရန်ကို ညွှန်းဆိုဟောပြ ခဲ့ပေသည်။
ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တ ယာမိ ဝေါ၊
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
ချစ်သားတို့- သင်တို့အား ယခု နောက်ဆုံးစကားမှာကြားပေအံ့။
“ဖြစ်ပေါ်သမျှ သဘာဝတို့သည် ပျက်စီးရသည်ချည်းသာတည်း။ မြဲမြံသောသတိဖြင့် သီလ သမာဓိ ပညာ တရားတို့ကို ပြည့်စုံတိုးပွား အောင် ကြိုးစားအားထုတ်ရစ်ကြကုန်လော့”ဟူ၏။
မြဲမြံသောသတိဖြင့် မမေ့မလျော့ ရှိကြပါစေ။
အပ္ပမာဒေန သမ္ပာဒေထ။