သမိုင်းကို သင်ခန်းစာယူ

မြန်မာ့အလင်းအယ်ဒီတာအာဘော်
 

 
ဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ကံကြမ္မာကို များစွာ ပြောင်းလဲသွားစေခဲ့သည်။ တစ်ချိန်က နယ်ချဲ့အင်ပါယာများ တစ်ခုပြီးတစ်ခု လဲပြိုသွားကြပြီး အင်ပါယာအရှင်သခင်နိုင်ငံများမှာလည်း လက်အောက်ခံ ကိုလိုနီနိုင်ငံများကို လက်လွှတ်ရကာ တစ်ချိန်က နေမဝင်အင်ပါယာသည် လည်း နိဂုံးချုပ်ခဲ့ရသည်။ မဟာမိတ်နိုင်ငံများဘက်မှ ဗြိတိန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်တွင် စစ်နိုင်သည့်ဘက်မှဖြစ်သော်လည်း စစ်ကြီးအပြီးတွင် ခြေကုန်လက်ပန်းကျကာ အင်ပါယာကို လက်လွှတ်ရအံ့အခြေသို့ ဆိုက်ရောက်လာခဲ့သည်။
၁၉၄၅ ခုနှစ်တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဖြစ်သည့် စက္ကူဖြူစာတမ်းခေါ် Burma Statement of Policy By H. M. G, 1945 ကို ထုတ်ပြန်လိုက်ပြီး ယင်းစာတမ်းအရ ဘုရင်ခံတစ်ဦးတည်း အုပ်ချုပ် သည့်စနစ်ဖြင့် မြန်မာနိုင်ငံကို သုံးနှစ်မျှ ဆက်လက်အုပ်ချုပ်သွားမည်ဖြစ် ကြောင်း ကြေညာခဲ့သည်။ နိုင်ငံရေးနိုးကြားတက်ကြွမှုများ ပြင်းထန်နေပြီ ဖြစ်သည့် မြန်မာပြည်သူလူထုက လွတ်လပ်ရေးကိုသာ အလိုရှိနေပြီဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းက “တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန်” ဗြိတိသျှ အစိုးရကို အတိအလင်းတောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အခါတွင် တောင်တန်းဒေသများပါ တစ်ပါတည်း လွတ်လပ်ရေးရရှိရန် အတွက် အားထုတ်ကြိုးပမ်းခဲ့ရာမှ ပင်လုံညီလာခံဖြစ်ပေါ်လာရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အဓိကအရေးပါခဲ့သည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ် ရေးထိုးခဲ့ရာတွင် လွယ်ကူချောမွေ့စွာ ပြီးမြောက်ခဲ့ရခြင်းမဟုတ်ဘဲ အနှောင့်အယှက်များစွာ၊ အဖျက်အမှောင့်များစွာတို့ကို ခက်ခက်ခဲခဲ ရင်ဆိုင် ကျော်လွှားခဲ့ကြရကြောင်း သမိုင်းမှတ်တမ်းများတွင် ပြန်လည်လေ့လာနိုင် သည်။ ပင်လုံညီလာခံကို ပထမအကြိမ်အဖြစ် ၁၉၄၆ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ရာတွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ရာတွင် လည်းကောင်း နယ်ချဲ့အစိုးရက စေလွှတ်ထားသည့် မျက်နှာဖြူအရာရှိကြီး များ၊ နယ်ချဲ့အစိုးရလက်အောက်တွင် ရာထူးနေရာရယူရေး မျှော်မှန်းထား ကြသည့် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ အာဏာကို လက်မလွှတ်လိုကြ သည့် ပဒေသရာဇ်ဟောင်းများ စသည်တို့က လွတ်လပ်ရေးကို ဆန့်ကျင် အတိုက်အခံပြုလုပ်ခြင်း၊ တိုင်းရင်းသားအချင်းချင်း မယုံသင်္ကာ သံသယဝင် အောင် သွေးခွဲသပ်လျှိုမှုများ ပြုလုပ်ခြင်း စသည့် အဖျက်အမှောင့်ပယောဂ မျိုးစုံတို့ကို ကမ်းကုန်အောင်ပြုလုပ်ကာ နှောင့်ယှက်ခဲ့ကြသည်။ သို့ရာတွင် တစ်ဖက်ကလည်း တိုင်းရင်းသားအပေါင်းတို့ စည်းလုံးညီညွတ်စွာ တန်းတူ ရည်တူ အတူတကွနေထိုင်ကြသည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာရေး၊ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေးတို့အတွက် တိုးတက်သည့် အင်အားစုများ နှင့် တိုင်းရင်းသားပြည်သူလူထုကြီးတစ်ရပ်လုံးက နယ်ချဲ့၏ကိုယ်စားလှယ် တော်များနှင့် ၎င်းတို့၏ လက်ပါးစေများကို ဆန့်ကျင်ကာ စစ်မှန်သည့်ဆန္ဒ နှင့် အင်အားတို့ကို ထုတ်ဖော်ပြသခဲ့ကြကာ နှလုံးရည်ဖြင့် တိုက်ပွဲဝင်ခဲ့ကြ သည်။
နယ်ချဲ့တို့၏ သပ်လျှိုမှု၊ သွေးခွဲမှု၊ ခြေထိုးမှု၊ ပယောဂမီးမွှေးမှုတို့က ပဒေသရာဇ်အနွယ်တော်အချို့ကို နားယောင်စေခဲ့သော်လည်း တိုင်းရင်း သားများ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာရေးကို လိုလားသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးတို့က ပင်လုံမြေတွင် တွေ့ဆုံ၍ တစ်ခဲနက်စုစည်း ခဲ့ကြကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပင်လုံစိတ်ဓာတ်ကို ပြသခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်မည့် ပင်လုံစာချုပ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့သည်။ မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရလျှင်သော်မှ တောင်တန်းဒေသများကို ချန်ထားရစ်ခဲ့ရန် ကြံစည်ထားသည့် နယ်ချဲ့တို့မှာလည်း ပင်လုံစိတ်ဓာတ်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသလို ပင်လုံစာချုပ်ကြောင့်လည်း လုံးဝလွတ်လပ်ရေးကို ပေးအပ်ခဲ့ရသည်။
သမိုင်းသည် သင်ခန်းစာယူရန်နှင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် မြော်မြင်ဆင်ခြင်ရန်အတွက်ပင် ဖြစ်သည်။ မိမိတို့၏ ဘိုးဘွားများ စည်းလုံးညီညွတ်ခဲ့မှု၊ ပြင်ပ ပယောဂတို့ကို တစ်စိတ်တည်း တစ်ဝမ်းတည်း တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ်စွာ တွန်းလှန်ခဲ့မှု၊ သွေးရင်းသားရင်း ချစ်ခင်ရင်းနှီးမှုတို့ဖြင့် နိုင်ငံလွတ်လပ်ရေး ကို ရယူပေးခဲ့မှုတို့မှာ နှောင်းလူတို့ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခံယူသွားကြရမည့် စိတ်ဓာတ်ပင်ဖြစ်ပြီး ယင်းစိတ်ဓာတ်ဖြင့် ပင် ဘိုးဘွားအမွေ ပြည်ထောင်စုကြီးကို ထာဝစဉ်တည်တံ့ခိုင်မြဲအောင် စောင့်ရှောက်ကာကွယ်သွားကြရမည်ဖြစ်ပါကြောင်း။ ။