စိတ်အင်အားဖြင့် တည်ဆောက်ရမည့်ရှင်သန်မှု

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

မကြာသေးသည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက အိန္ဒိယ ရုပ်ရှင်လောကမှ နာမည်ကျော်မင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ သူသည် ဘောလိဝုဒ်၏ တောက်ပသည့် ကြယ်တစ်ပွင့်၊ သူပါသည့်ရုပ်ရှင်ကားတိုင်း လူကြိုက်များပြီး ဝင်ငွေကောင်းသလို သူ၏ထင်ပေါ်ကျော်ကြားမှုကြောင့် လူတိုင်း က အားကျသူ။ ရုပ်ရှင်လောကသို့ ဝင်ရောက်မလာမီက သူသည် အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ရူပဗေဒဘာသာရပ် အမျိုးသားအဆင့် အိုလံပစ်ဆုရှင်လည်း ဖြစ်သည်။ လူအများ အားကျခံရလောက် အောင် ဤမျှပြီးပြည့်စုံသူက ငယ်ငယ်ရွယ်ရွယ်ဖြင့် (အသက် ၃၄ နှစ်အရွယ်တွင်) အဘယ်ကြောင့် ဘဝကို ကိုယ်တိုင်အဆုံးသတ် ခဲ့ပါသနည်း။
ကမ္ဘာတစ်ဝန်းလုံးတွင် စက္ကန့် ၄၀ တိုင်းမှာ လူတစ်ယောက် မိမိကိုယ်ကိုယ် သေကြောင်းကြံစည် သတ်သေကြသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ လည်နေသည့် နာရီစက္ကန့်တံ ကလေး တစ်ပတ်မပြည့်မီ၊ မပြည့်မီမှာပင် လူတစ်ယောက် တစ်ယောက် ကမ္ဘာလောကမှ ထွက်ခွာပျောက်ကွယ်သွားနေခြင်း ဖြစ်သည်။ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား အရွယ်ကောင်းများက ဤလမ်းများကို အများစုရွေးချယ်နေကြခြင်းဖြစ်ပြီး ၉၀ ရာခိုင်နှုန်း ခန့်သော အများစု၏အကြောင်းရင်းခံမှာ စိတ်ကျဝေဒနာ ဖိစီးနှိပ်စက်မှုကို မခံသာကြခြင်းကြောင့် ဖြစ်သည်။
စိတ်ဓာတ်ကျဆင်းမှုမှာ သာမန်အားဖြင့် လူတိုင်းခံစားကြ ရဖူးသည့် အတွေ့အကြုံတစ်ရပ်ပင် ဖြစ်သည်။ လူတိုင်း ဘဝ တစ်လျှောက်လုံး အခက်အခဲများ၊ လောကဓံများနှင့် ရင်ဆိုင် ကြုံတွေ့ကြရသည့်အခါ စိတ်ဓာတ်ကျဆင်းမှုကို ခံစားကြရသည်။ ယင်းမှာ သာမန်စိတ်ဓာတ်ကျဆင်းမှုဖြစ်ပြီး ယာယီသဘောသာ ဖြစ်သည်။ အချိန်တန်တော့လည်း ပြီးသွားသည်။ မေ့မေ့ ပျောက်ပျောက်ဖြစ်သွားသည်။ စိတ်ကျရောဂါ၊ စိတ်ကျဝေဒနာ ကမူ ဤသို့မဟုတ်။ ရက်သတ္တပတ် နှစ်ပတ်ကျော်လာသည်အထိ စိတ်ဓာတ်ကျဆင်းနေခြင်း၊ နေ့စဉ်ဘဝနှင့် ပုံမှန်အလုပ်ကိုပင် ထိခိုက်စေသည်အထိ ခံစားနေရပြီး သတ်သေချင်စိတ်လွှမ်းမိုး နေခြင်းဆိုသည့် အချက်နှစ်ချက်က စိတ်ကျ‌ဝေဒနာ ခံစားနေ ရခြင်း၏ အဓိကလက္ခဏာနှစ်ရပ်ပင် ဖြစ်သည်။
စိတ်ကျဝေဒနာခံစားနေရသူမှာ ပျော်ရွှင်မှုများ ပျောက်ဆုံး နေပြီး ဝမ်းနည်းကြေကွဲစိတ်က လွှမ်းမိုးနေတတ်သည်။ ကျောင်းသား ကျောင်းသူဆိုလျှင် ကျောင်းစာကို အာရုံမစိုက်နိုင် သလို အလုပ်လုပ်နေသူဆိုလျှင်လည်း အလုပ်ကိုစိတ်မဝင်စားတော့။ ကောင်းကောင်းလည်းမအိပ်နိုင်သလို ကောင်းကောင်းလည်း မစားနိုင်။ တစ်ခါတစ်ရံ အလွန်အကျွံ နှစ်ရက် သုံးရက် အခန်းပိတ် အိပ်နေသလို အလွန်အကျွံစားသည့် အခြေအနေမျိုးလည်း ရှိတတ်သည်။ မိမိကိုယ်ကိုယ် တန်ဖိုးမဲ့နေသည်။ အပြစ်ရှိနေသည် ဟူ၍ ခံစားနေတတ်ပြီး အနာဂတ် မျှော်လင့်ချက်မဲ့နေသည်ဟူ၍ ထင်မြင်နေတတ်သည်။ မိမိသည် အရှုံးသမား၊ မိမိသည် ဒုက္ခ၏ သားကောင်၊ မိမိသည် ကံကြမ္မာဆိုးများကိုသာ ခံယူနေရသူ ဟူသော အတွေးများ ဖိစီးမှုဖြင့် သတ်သေချင်စိတ် အကြိမ်ကြိမ် ဖြစ်ပေါ်နေတတ်ကြသည်။
စိတ်ကျဝေဒနာကြောင့် မိမိကိုယ်ကိုယ်သတ်သေသွားကြသူ များမှာ နှစ်သိမ့်ဆွေးနွေးမှုပြုခြင်း၊ မိသားစုညီအစ်ကိုမောင်နှမ ဆွေမျိုးအသိုက်အဝန်းများ၊ မိတ်ဆွေသူငယ်ချင်းများက နားလည် မှုဖြင့် ဖေးကူခြင်းအားဖြင့် ဤအဖြစ်ဆိုးမှ ရှောင်ရှားနိုင်ကြောင်း စိတ်ကျန်းမာရေးပညာရှင်များက ပြောကြားကြသည်။ ကာယကံ ရှင်ကိုယ်တိုင်အနေဖြင့်လည်း စိတ်ဖိစီးမှုနှင့် စိတ်ကျဝေဒနာများကို ခံစားလာရပါက ကောင်းသောနှလုံးသွင်းခြင်းအားဖြင့် ဖြေလျှော့ နိုင်ဖို့လိုသည်။ မိမိမဖြေရှင်းနိုင်သည့် အခက်အခဲ၊ ပြဿနာကို ခေတ္တမေ့လျော့ထားပြီး အိပ်ရေးဝဝအိပ်စက်၍ စိတ်အပန်းဖြေခြင်း၊ အစားဝဝစား၍ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပေးခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်သည်။ မိမိစိတ်ကို ဖိစီးနှိပ်စက်နေသည့် ပြဿနာ၏ အရင်းအမြစ်နှင့် ဖြေရှင်းရမည့် နည်းလမ်းများကို မှန်မှန်ကန်ကန် ရှာဖွေကြည့်ရန်၊ ယုံကြည်စိတ်ချရသူ၊ မိတ်ဆွေ ရင်းများ စသည်တို့နှင့် တိုင်ပင်ဆွေးနွေးရန်၊ အဆိုးမြင်စိတ်ရှိသူများ ကို ရှောင်ကြဉ်ရန်၊ ရေများများသောက်သုံးရန်၊ မိတ်ဆွေအပေါင်း အသင်းများနှင့် စကားပြောဆိုရန် စသည့် နည်းလမ်းများဖြင့် စိတ်ဖိစီးမှုများကို လျှော့ချရန်လည်း ပညာရှင်များက အကြံပြု ထားကြသည်။
ဘ၀၏ အခက်အခဲ၊ အကျပ်အတည်းဟူသည်မှာ လူတိုင်း ကြုံတွေ့ရသည်ချည်းဖြစ်သည်။ မိမိကိုယ်ကိုယ် ကံဆိုးလှပြီဟု ထင်မြင်ယူဆနေချိန်တွင် မိမိထက်များစွာ ကံဆိုးသူများရှိနေ သည်ကိုလည်း သတိမူနိုင်ကြရမည်။ စင်စစ်အားဖြင့် လူ့ဘဝ တစ်သက်တာသည် အကောင်းမြင်စိတ်ဖြင့် ရှုမြင်လက်ခံကာ ခိုင်မြဲတည်ကြည်သော စိတ်အင်အားကို အသုံးချ၍ တည်ဆောက် ကြရမည့် ရှင်သန်မှုသာဖြစ်ပါကြောင်း။ ။