အရေးပါသည့် ရက်ပေါင်း ၁၀၀၀

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

မြန်မာနိုင်ငံတွင် ကလေး ၂၉ ဒသမ ၃ ရာခိုင်နှုန်းမှာ ကာလတာ ရှည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်နေကြကြောင်း စစ်တမ်း တစ်ခုက ဆိုသည်။ အာဟာရချို့တဲ့မှုဟုဆိုရာတွင် မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးမွေးဖွားပြီးနောက်ပိုင်း ကလေး နှစ်နှစ်သားအရွယ်အထိ တစ်နည်းအားဖြင့် ရက် ၁၀၀၀ ကာလ အတွင်း အာဟာရလုံလောက်စွာ မရရှိခြင်းကြောင့် ဖြစ်သည်။ အာဟာရလုံလောက်စွာ မရရှိခြင်းမှာလည်း ဆင်းရဲနွမ်းပါးမှု ကြောင့် အစာအာဟာရကို ပြည့်ဝစွာ မစားနိုင်ခြင်း၊ ကျန်းမာရေး အသိပညာအားနည်းမှုကြောင့် အာဟာရပြည့်ဝအောင် မစား သောက်တတ်ခြင်း၊ လွဲမှားသောအယူအဆများကြောင့် အစာ ရှောင်ကြရာမှ အာဟာရချို့တဲ့ပြီး ရေရှည်တွင်သက်တူရွယ်တူ လိင်တူကလေးများနှင့် နှိုင်းယှဉ်ပါက ရှိသင့်သည့်အရွယ်မရှိဘဲ သေးငယ်ပုညှက်လာရခြင်းဖြစ်သည်။
အာဟာရချို့တဲ့မှုကြောင့် မြန်မာကလေးငယ် ၁ ဒသမ ၆ သန်းမှာ ပုညှက်လျက်ရှိကြရာ မြို့ပြဒေသများမှာထက် ကျေးလက်ဒေသများတွင် ပိုမိုများပြားလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်များဖြစ်ကြသည့် ချင်း ပြည်နယ်တွင် ၅၈ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၅၀ ရာခိုင်နှုန်း အထိ ပုညှက်မှုရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်းလည်း သိရသည်။ ကလေးများ အာဟာရပြည့်ဝစွာမရရှိပါက ခန္ဓာကိုယ်ပိန်လှီပုညှက် ရုံသာမက ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်လာစေမည်ဖြစ် သည်။ ကာယဉာဏဖွံ့ဖြိုးမှု နှစ်ခုစလုံး လျော့နည်းနိမ့်ကျနေမည် ဆိုပါက ကျန်းမာရေးချူချာခြင်း၊ ကူးစက်ရောဂါများကို ခုခံနိုင်စွမ်း မရှိခြင်း၊ ကျောင်းနေအရွယ်တွင်လည်း ကျောင်းစာများကို မလိုက် နိုင်ခြင်း၊ မှတ်ဉာဏ်အားနည်းချက်ကြောင့် ကျောင်းပညာကို ပြီးဆုံးသည်အထိ ဆက်လက်မသင်ကြားနိုင်ခြင်းတို့ကဲ့သို့သော အဖြစ်များကို ကလေးဘဝတွင် ရင်ဆိုင်ကြုံတွေ့ကြရပြီး ကြီးပြင်း လာသည့်အချိန်တွင် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိသည့် အခြေအနေ သို့ ရောက်ရှိသွားနိုင်သည်။
သို့ဖြစ်ရာ အာဟာရပြည့်ဝစွာ စားသောက်တတ်ရန် ပညာ ပေးမှုလုပ်ငန်းများကို မြို့ပြများတွင်သာမက ကျေးလက်တောရွာ များအားလုံးအထိ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်သည်။ အထူးသဖြင့် ဒေသအလိုက် အလွယ်တကူရရှိစားသုံးနေကြသည့် အစားအစာအရင်းအမြစ် များအား မည်ကဲ့သို့ အာဟာရပြည့်ဝအောင် စားကြရမည်ကို သင်ကြားပညာပေးခြင်းအားဖြင့် လက်တွေ့လိုက်ပါကျင့်သုံးလာ ကြမည်ဖြစ်သည်။ ကလေးအာဟာရအတွက် ရက်ပေါင်း ၁၀၀၀ ၏ အစဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝ အောင် နေထိုင်စားသောက်တတ်ရေး၊ မွေးစမှ ခြောက်လအရွယ် အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရေးနှင့် ခြောက် လအရွယ်မှစ၍ မိခင်နို့အပြင် ဖြည့်စွက်စာကိုပါ ကျွေးရန် လိုအပ် လာသည်။
ဖြည့်စွက်စာတွင် အာဟာရမျှတစေရန်အတွက် အစာအုပ်စု သုံးစုဖြစ်သော (၁)အင်အားဖြစ်စေသော အစာ၊ (၂) ခန္ဓာကိုယ် ကြီးထွားစေသော အစာ၊ (၃) ရောဂါကာကွယ်စေသော အစာတို့ နေ့စဉ်စားသုံးသည့်အကြိမ်တိုင်း၌ ပါဝင်အောင် စီမံကျွေးမွေးရန် လိုသည်။ ဥပမာ-ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ပျားရည်၊ သကြားကဲ့သို့သော ကစီဓာတ်နှင့်သီးနှံဆီ၊ တိရစ္ဆာန် ဆီတို့က အင်အားဖြစ်စေပြီး အသား၊ ငါး၊ ပဲ အမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည်တို့က ခန္ဓာကိုယ်ကြီးထွားစေသည်။ ဗီတာ မင်ဓာတ်နှင့် သတ္တုဓာတ်ကြွယ်ဝသည့်ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံများ၊ အရည်ရွှမ်းသည့်အစားအစာများက ရောဂါကို ကာကွယ်ပေးသည်။ အသက်တစ်နှစ်ပြည့်သည့် အခါတွင်မူ ကလေးမှာ မိသားစုထမင်းဝိုင်းတွင် ပါဝင်စားသောက်နိုင်ပြီဖြစ်ရာ သီးသန့်ပြုစုရန် လိုအပ်တော့မည် မဟုတ်သည့်အတွက် ရက် ၁၀၀၀ ၏ နောက်ပိုင်းကာလများတွင် သက်သောင့်သက်သာဖြင့် ဆက်လက်ပြုစုပျိုးထောင်သွားနိုင်သည့် အခြေအနေဖြစ်သည်။
အာဟာရချို့တဲ့မှုတွင် စီးပွားရေးကောင်း မကောင်း၊ ပညာ တတ်မတတ် စသည်တို့က အဓိကမကျကြောင်း၊ အာဟာရပြည့်ဝ အောင် မည်သို့ စားသောက်မည်ဆိုသည့် အာဟာရအသိပညာနှင့် ကျွေးမွေးပြုစုစောင့်ရှောက်မှုတို့ကသာ အဓိကကျကြောင်း အာဟာရပညာရှင်များက အသိပေးထားရာ ကိုယ်ဝန်ဆောင် မိခင်တို့ အာဟာရပြည့်ဝအောင် စားသောက်ရေးနှင့် မိမိတို့ ရင်သွေးများကို အာဟာရပြည့်ဝအောင် ပြုစုပျိုးထောင်ရေးတို့ကို ကျေးလက်များအထိ ပညာပေးလေ့ကျင့်ခြင်းဖြင့် အနာဂတ်တွင် သန်မာထွားကျိုင်းသည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင် ပါစေကြောင်း။ ။