မိမိကစ ကာကွယ်ပါ

 
 
 
တိရစ္ဆာန်များမှစတင်ကာ လူများသို့ ကူးစက်ဖြစ်ပွားသည့် ကူးစက်မြန် ကပ်ရောဂါများသည် ဘီစီ ၆ ရာစုဝန်းကျင်ကာလ ရှေးခေတ်အိန္ဒိယ နိုင်ငံ၌ ဖြစ်ပွားခဲ့ပုံများကို ပိဋကတ်တော်၌ ဖော်ပြခဲ့သည်များရှိသည်။ ဗုဒ္ဓဘုရားရှင်လက်ထက်ရာဇဂြိုဟ်ပြည်၌ ဖြစ်ပွားခဲ့သည့် ‘‘အဟိဝါတ’’ ခေါ် ကူးစက်မြန်ပြင်းထန် ကပ်ရောဂါဆိုလျှင် လွန်စွာကြောက်မက်ဖွယ် ကောင်းလှသည်။
အဟိဝါတ၏ အဓိပ္ပာယ်ကို မြွေဆိပ်ကဲ့သို့ ပြင်းထန်သောလေ ဟူ၍ ပြန်ဆိုကြသည်။ အဟိသည် မြွေဆိပ်ဖြစ်၍ ဝါတသည် လေ ဖြစ်ရာ အသက်အန္တရာယ်ပြုနိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ ရောဂါသည် လေထုမှတစ်ဆင့် လျင်မြန်စွာကူးစက်သည့် အနက် သဘောကိုဆောင်သည်။ ရောဂါဝေဒနာခံစားနေရသူတစ်ဦး အိမ်ထဲ သို့ဝင်လာပါက အိမ်ထဲရှိလူများ ခေါင်မိုးဖောက်ပြေး သို့မဟုတ် ထရံဖောက်ပြေးနိုင်မှလွတ်သည်။ ဝေဒနာသည်ဝင်လာသည့် တံခါးဝ ကို ဖြတ်ပြေးသူမှာ ကူးစက်ခံရသည်ဟု ဆိုသည်။ ရောဂါကူးစက် ခံရပြီဆိုပါကလည်း သေဖို့ရန် သေချာသည်။ တစ်မိသားစုလုံး၊ တစ်မျိုးလုံး၊ တစ်နွယ်လုံး သေကြရသည်။ မသေခင်မှာ ကိုယ်အပူချိန် မြင့်တက်ပြီး ငန်းဖမ်းသလို ဝေဒနာကို ခံစားကြရသည်။
 
 
ရာဇဂြိုဟ်မြို့မှ ကုမ္ဘဃောသက အမည်ရှိ သူဌေးသားဆိုလျှင် မိဘနှစ်ပါးရောဂါကူးစက်ခံရသောအခါ သားဖြစ်သူကို ပြေးခိုင်း သောကြောင့် မြို့မှထွက်ပြေးခဲ့ရာ ၁၂ နှစ်ကြာသည်။ ထိုခေတ် ထိုအခါကပင် ခပ်ဝေးဝေးနေမှ ရောဂါကူးစက်မှု လွတ်မြောက်နိုင် မည်ကို နားလည်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ယခုလည်း ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်ဆေးနှင့် ကုသဆေးတို့ကို တစ်ကမ္ဘာလုံးက ရှာဖွေနေကြရဆဲဖြစ်သည်။ ရောဂါအတွက် ဆေး မတွေ့သေးသော်လည်း ရောဂါကူးစက်ပြန့်ပွားမှုက ကမ္ဘာတစ်ပတ် ပတ်မိသွားပြီဖြစ်သလို ဗိုင်းရပ်စ်၏ မျိုးဗီဇမှာလည်း အေ၊ ဘီ၊ စီ စသည်ဖြင့် ပြောင်းလဲနေပြီဖြစ်သည်။ နဂိုကမှ မာယာများလှသည့် အတွက် နားလည်ရန်ခက်နေသည့် ကိုရိုနာဗိုင်းရပ်စ်က မျိုးဗီဇ ပြောင်းလဲလာသည်နှင့်အတူ နောက်တိုးရောဂါလက္ခဏာအသစ် များနှင့် ရောဂါဝေဒနာဆိုင်ရာ တွေ့ရှိချက်အသစ်များအရ ကိုဗစ်-၁၉ မှာ ပို၍ ပို၍ ကြောက်စရာကောင်းလာသည်။
 
 
ရောဂါစတင်ဖြစ်ပွားစဉ်ကာလက ကိုဗစ်-၁၉ ကို လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအဖြစ် သတ်မှတ်ခဲ့ကြသော် လည်း သုတေသနရလဒ်သစ်များအရ ကိုဗစ်-၁၉ ပြင်းထန်သည့် အခြေအနေတွင် အဆုတ်ကိုသာမက အစာအိမ်နှင့်အူလမ်းကြောင်း ကိုပါ တိုက်ခိုက်ပြီး အစာခြေစနစ်တစ်ခုလုံးကို ထိခိုက်စေသည်ဟု ဆိုသည်။ ထို့အပြင် အစာခြေစနစ်နှင့် အူလမ်းကြောင်းတို့အပေါ် ကူးစက်သက်ရောက်မှုများက သွေးကြောများအတွင်း သွေးခဲမှုနှင့် သွေးစီးဆင်းမှုအဟန့်အတားများနှင့်လည်း ဆက်စပ်နေသည်ကို တွေ့ရှိထားကြသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် အသက် ရှူလမ်းကြောင်းအပြင်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အဆုတ်၊ နှလုံး၊ အာရုံကြောစနစ်နှင့် သွေးကြောများကို ထိခိုက်စေသည့်အတွက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုပါ ထိခိုက်ပျက်စီးစေသည်ဟု ဆိုသည်။
 
 
လွန်ခဲ့သည့် ၁၀ ရက်ခန့်မှစ၍ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို မတွေ့ရတော့ဘဲ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ များကို စောင့်ကြည့်စစ်ဆေးရာမှ ရောဂါဓာတ်ခွဲအတည်ပြုလူနာ များ ဆက်လက်တွေ့ရှိနေရခြင်းဖြစ်သည်။ ပြည်ပနိုင်ငံအသီးသီးမှ ပြန်လည်ရောက်ရှိလာသူများကို အသွားအလာကန့်သတ်၍ စောင့်ကြည့်ရေးနေရာများ၌ စောင့်ကြပ်ကြည့်ရှုနေခြင်းဖြစ်ရာ လာမည့်ရက်သတ္တပတ်နှစ်ပတ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုများ အတိုင်းအတာတစ်ရပ်အဖြစ် တွေ့ရှိလာနိုင်ဖွယ်ရှိသည်။
 
 
ပြည်သူများအနေဖြင့်မူ အန္တရာယ်ကြီးသည့် ကူးစက်မြန် ကပ်ရောဂါမှ လွတ်မြောက်စေရန် မိမိကိုယ်ကိုယ်ကာကွယ်ခြင်းမှသာ စတင်ကြရမှာဖြစ်သည်။ မကြာမကြာ လက်ဆေးခြင်း၊ လိုအပ်သည့် နေရာများနှင့် ပြင်ပသို့သွားသည့်အခါများ၌ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ခပ်ဝေးဝေးခွာနေခြင်းတို့က မိမိကိုယ်ကိုယ် ကာကွယ် ခြင်းသာဖြစ်သည်။ လူတိုင်း မိမိကိုယ်ကိုယ်ကာကွယ်ခြင်းဖြင့် ကိုဗစ်-၁၉ အန္တရာယ်မှ ကင်းလွတ်ကာ ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဖြာ နိုင်ကြပါစေကြောင်း။ ။