အစဉ်ရှိရမည့် လုံခြုံရေးသတိ

 

 

နယ်စပ်ဒေသမြို့များတွင် မူးယစ်ဆေးဝါးများအမြောက်အမြား ပမာဏကြီးမားစွာ ဖမ်းမိမှုသတင်းများ၊ မြို့နယ်/ရပ်ကွက်၊ ကျေးရွာ များတွင် မူးယစ်ဆေးဝါးသုံးစွဲ/ဖြန့်ဖြူးရောင်းချသူ ပေါများနေ ကြောင်း နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဌာနသို့ သတင်းပေးပို့တိုင်ကြားချက်များက မိမိတို့ နိုင်ငံကို မူးယစ်ဆေးဝါးကင်းစင်သောနိုင်ငံအဖြစ်သို့  ရောက်ရှိ        စေရန်  မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားရဦးမည်ဆိုသည့်     အနက်အဓိပ္ပာယ်ပင်ဖြစ်သည်။

 

မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ရောက်ရှိရန် ရည်မှန်းချက်ထား၍ မူးယစ် ဆေးဝါးထိန်းချုပ်ရေးနှစ် ၂၀ စီမံချက်ကို ဆောင်ရွက်ခဲ့ရာတွင် ထိုစဉ်က မူးယစ်ဆေးဝါးထုတ်လုပ်မှုလျှော့ချရေးနှင့် ဘိန်းစိုက်ပျိုး မှုလျော့ကျရေးကို  ဦးတည်ဆောင်ရွက်ခဲ့ကြသည်။  သို့ရာတွင် အောင်မြင်မှု သိသိသာသာမရခဲ့။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြဿနာများတွင်  ဘိန်းစိုက်ပျိုးခြင်း၊  ဘိန်းဖြူထုတ်လုပ်ခြင်း      အပြင် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ် ဖောက်ကားမှုကပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။  မြန်မာနိုင်ငံ သည် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင်  သုံးစွဲရသည့် ဓာတုပစ္စည်းများကို ထုတ်လုပ်သည့် အဓိကနိုင်ငံကြီး နှစ်နိုင်ငံ ကြားတွင် တည်ရှိနေခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါးဈေးကွက် သည် အရှေ့နှင့် အရှေ့တောင်အာရှဒေသတွင် တည်ရှိလျက်ရှိရာ မြန်မာနိုင်ငံနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေခြင်း၊ နယ်စပ်ဒေသ များ ငြိမ်းချမ်းမှုမရှိခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင် ရောင်းဝယ်မှုများတွင်  လက်နက်ကိုင်အဖွဲ့အစည်းများ  ပါဝင် ပတ်သက်မှုရှိခြင်းတို့ကြောင့်  မြန်မာနိုင်ငံ၏  မူးယစ်ဆေးဝါး ပြဿနာမှာ ကြီးမားသလောက် ရှုပ်ထွေးသည်ဟု အဆိုရှိသည်။

 

တစ်ဖက်တွင်လည်း   မြန်မာနိုင်ငံ၌   မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်နေပြီး ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်သည့် မူးယစ်ဆေးဝါးကို အကြောထဲသို့ ထိုးသွင်းသုံးစွဲသူများ အကြား အိတ်ချ်အိုင်ဗွီပိုးကူးစက်မှု၊ အသည်းရောင်ရောဂါဘီပိုးနှင့်       စီပိုးတို့ကူးစက်မှုမြင့်တက်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ  ကို အပြစ်ပေးထောင်ချမှုများကြောင့် ဒေသအသီးသီးရှိ အကျဉ်း ထောင်များတွင် အကျဉ်းသား ၅၀ ရာခိုင်နှုန်းခန့်မှသည် မြစ်ကြီးနား နှင့် လားရှိုးအကျဉ်းထောင်များတွင် အကျဉ်းသား ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်အထိ များပြားခဲ့ကြောင်း ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့ သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒတွင် ဖော်ပြ ပါရှိခဲ့သည်။ အဆိုပါ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်ကမူ  “မူးယစ်ဆေးဝါးကြောင့်  ဖြစ်ပေါ်လာသော ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ  အန္တရာယ်များကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချခြင်းဖြင့် လုံခြုံပြီး ကျန်းမာသော လူ့အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေး”အတွက် ရည်မှန်းခဲ့သည်။

 

မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်တွင် ထုတ်လုပ်မှုလျှော့ချ ရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေး၊  လူ့အခွင့်အရေးပြဋ္ဌာန်းချက် များနှင့်အညီ ဖြစ်စေရေးတို့ကို  ဦးစားပေးနယ်ပယ်များအဖြစ် သတ်မှတ်ထားပြီး အောက်ခြေအဆင့်တွင် ဟန်ချက်ညီပြီး ဘက်စုံ ပါဝင်သည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို အကောင်အထည် ဖော်ရန် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုမှာ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း အသိအမှတ်ပြုထားသည်။
ယခုအခါ နိုင်ငံတစ်ဝန်းလုံးတွင်  ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ရေးအတွက်  အာရုံစူးစိုက်နေရချိန်တွင် မူးယစ် ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်မှု၊ တရားမဝင် သစ်ခိုးထုတ်မှု၊ တရားမဝင်ကုန်ပစ္စည်းများ  မှောင်ခိုသယ်ဆောင်မှု၊  လူမှောင်ခိုသယ်ဆောင်မှုတို့ကို အခွင့်ကောင်းယူကာ   ဆောင်ရွက် ခြင်းမပြုနိုင်ကြရေးအတွက်  တားဆီးပိတ်ဆို့   ဖမ်းဆီးအရေးယူမှု များကို   လုံခြုံရေးသတိဖြင့်  ဆောင်ရွက်ကြရမည်ဖြစ်သလို   ဒေသ အသီးသီးမှ       ပြည်သူတို့၏    ပူးပေါင်းပါဝင်မှုဖြင့်   အောင်မြင်မှုကြီးမား နိုင်ကြပါစေကြောင်း။       ။