ဝေးဝေးသွားပါ ကိုရိုနာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 
 
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မေလ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၈၄ ဦး ရှိလာပြီဖြစ်သည်။ ယင်းအနက် ရန်ကုန်တိုင်းဒေသကြီးမှ ပိုးတွေ့လူနာ ၁၄၈ ဦးဖြစ်ရာ ကျန် ၃၆ ဦး သည်သာ ပဲခူး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ မန္တလေး၊ နေပြည်တော်၊ မွန်၊ မကွေး၊ ကချင် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိ ခဲ့သည့် မတ်လ ၂၃ ရက်နေ့မှစ၍ လက်ရှိအချိန်ကာလအထိ နှစ်လ နီးပါးခန့် ကြာမြင့်လာခဲ့ပြီးသည့်နောက်တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှုများနှင့်အတူ ရောဂါကာကွယ်တားဆီးရေး အတွေ့ အကြုံများနှင့် အသိပညာဗဟုသုတများကိုလည်း မြန်မာပြည်သူတို့ တွေ့ကြုံသိရှိကြရပြီးဖြစ်သည်။
 
 
မြန်မာတစ်နိုင်ငံလုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၏ ၈၀ ရာခိုင် နှုန်းရှိနေသော ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သလို လူဦးရေ အထူထပ်အသိပ်သည်းဆုံးသော ဒေသလည်း ဖြစ်သည်။ စက်မှုဇုန်အများဆုံးတည်ရှိပြီး စက်မှုလက်မှု လုပ်သား အများအပြားလည်း မှီတင်းနေထိုင်ကြသည်။ ရောဂါပိုးတွေ့လူနာများ အများစုမှာ ပြည်ပမှ ဝင်ရောက်လာသူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ် ခဲ့သူ ကွင်းဆက်လူနာများဖြစ်သည်။ ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်မှုများ ပြုလုပ်ခြင်းက လွန်စွာထိရောက်မှုရှိသော်လည်း ကန့်သတ်မှုကာလ ကြာမြင့်လာသည်နှင့်အမျှ နိုင်ငံ၏ စီးပွားရေး ကဏ္ဍများ နှေးကွေးတုံ့ဆိုင်း ကျဆင်းလာမည်ဖြစ်သလို ပြည်သူများ အတွင်း အခြေခံလူတန်းစားများမှစ၍ စားဝတ်နေရေးထိခိုက်မှု များ တစ်စ တစ်စ ပိုမိုကြုံတွေ့လာကြရမည်ဖြစ်သည်။ ထို့ကြောင့် အသွားအလာ ကန့်သတ်တားဆီးမှုများ လျှော့ချပေးပြီး တစ်ဖက် တွင်မူ လူတစ်ဦးချင်းစီ လိုက်နာကြရမည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအစီအစဉ်များကို လူတိုင်းမဖြစ်မနေ လိုက်ပါ ဆောင်ရွက်ကြရန် တင်းတင်းကျပ်ကျပ်ကြပ်မတ်ရန် လိုအပ်လာ သည်။ မြန်မာနိုင်ငံထက် စောစွာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ခံစားခဲ့ကြရသည့် အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာ သုံးသပ်ကြည့်ပါကလည်း တစ်ဦးချင်း လိုက်နာဆောင်ရွက်မှု အားကောင်းသည့် နိုင်ငံများက ရောဂါကို ထိန်းချုပ်နိုင်ကြပြီး အကန့် အသတ် အတားအဆီးများကို မိမိတို့အား ချုပ်ချယ်သည်ဟု ယူဆကာ တစ်ဦးချင်းလွတ်လပ်စွာ နေထိုင်မှုကို အသားပေးကြသည့်နိုင်ငံများ မှာမူ မည်မျှပင် ခေတ်မီတိုးတက်ချမ်းသာသည့် နိုင်ငံဖြစ်ပါစေ ကိုဗစ်-၁၉ ကပ်ရောဂါက ချမ်းသာခွင့်မပေးဘဲ ကူးစက်နှုန်းနှင့် သေနှုန်းမြင့်မားများပြားသည့် သာဓကများ ရှိနေပြီဖြစ်သည်။
လက်ကို မကြာမကြာဆေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးခွာ၊ ပြင်ပသွားလာပါက ပါးစပ်နှာခေါင်းစည်း လုံအောင်တပ်ဟူသော ကိုဗစ်-၁၉ ကာကွယ်ရေး လူတိုင်းကျင့်သုံးရမည့် အခြေခံအချက် (၃)ရပ်ကို မမေ့မလျော့ မပေါ့ဆဘဲ အသိတရားရှိရှိဖြင့် လူတိုင်းက ကျင့်သုံးကြရမည်ဖြစ်သည်။ အရေးကြီးသော နေရာများဖြစ်သည့် အများပြည်သူသွားလာရေး မော်တော်ယာဉ်၊ ကူးတို့ရေယာဉ်၊ ရထား များ၊ အများပြည်သူဝင်ထွက်သွားလာကြသည့် ရှော့ပင်းမောလ်များ၊ အစားအစာရောင်းချသည့် ဆိုင်များတွင် ထိတွေ့မှု၊ ကိုင်တွယ်မှုများ ကို အနည်းဆုံးဖြစ်အောင် လျှော့ချခြင်း၊ ရောဂါပိုးမွှားနှိမ်နင်းရေး အစီအမံများကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ဆောင်ရွက် ပေးခြင်းများ လိုအပ်သလို လိုက်နာခြင်းမရှိသူများအား အရေးယူမှု များ ထိထိရောက်ရောက် ပြုလုပ်ဖို့လည်း လိုအပ်သည်။
 
 
ကိုရိုနာဗိုင်းရပ်စ်သည် မျက်နှာမလိုက်။ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ၊ အသက်အရွယ်ကြီးငယ်မရွေး၊ ရာထူးဂုဏ်သိမ် အရှိန်အဝါ အနိမ့်အမြင့်မရွေး ကူးစက်ခွင့်ပေးသူကို မည်သူမဆို ကူးစက်ကာ ရောဂါဝေဒနာကို ခံစားစေသည်။ ကူးစက်ခွင့်မပေးသူကိုမူ သူက မကူးစက်။ ကိုဗစ် - ၁၉ ရောဂါ မကူးစက်စေသည့် အခြေခံအချက် လေးများမှာ ကလေးကစ၍ မည်သူမဆို အလွယ်တကူ ကျင့်သုံးနိုင် ကြသည့်အလျောက် ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်မသွားနိုင်သေးသည့် ကိုရိုနာဗိုင်းရပ်စ်တို့ ရှိနေသေးသရွေ့ ကူးစက်ခွင့်မပေးဘဲ ကျင့်သုံး နိုင်ကြပါစေကြောင်း။ ။