ရောဂါဘယများဘေးမှကင်းရှင်းရေး ဈေးများ၏သန့်ရှင်းရေး မြှင့်တင်ပေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်
 

 
 
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် ဆောင်ရွက် ချက်များတွင် ယာယီဈေးများ ဖွင့်လှစ်ခြင်းလည်း ပါဝင်သည်။ ရောင်းသူဝယ်သူများဖြင့် ပြည့်ကျပ်လျက် တစ်ဦးနှင့်တစ်ဦး တိုးဝှေ့ရောင်းဝယ်နေကြခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့စေမည့် အကြောင်းရင်းကြီးတစ်ခု ဖြစ်နိုင်သည့်အလျောက် ပုံမှန်‌ဈေးများမှ ကုန်စိမ်း ကုန်စိုနှင့် ခေါင်းရွက်ဗျပ်ထိုးဈေးသည် များကို ယာယီပြောင်းရွှေ့ပြီး စနစ်တကျ နေရာပေးကာ ရောင်းချစေခြင်းဖြင့် လူစုလူဝေးကို ကျဲပါးသွားစေပြီး ရောဂါ ကူးနိုင်သည့် အခြေအနေကို လျှော့ချလိုက်ခြင်းလည်း ဖြစ်သည်။ တစ်ဆိုင်နှင့် တစ်ဆိုင်အကြား ခြောက်ပေစီခြားလျက် စနစ်တကျ ရောင်းချနေကြသည့် ယာယီဈေးများမှာ သန့်ရှင်းလျက် မျက်စိပသာဒကိုလည်း ဖြစ်စေသည့်တိုင်အောင် ရောင်း၍ဝယ်၍ အဆင်မပြေဟု ယူဆကြသူများ၊ ယာယီအခက်အခဲကို သည်းမခံ နိုင်သူများလည်း ရှိကြမည်သာပင်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ၏အစ ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက် ခဲ့သည့်နေရာမှာ ဈေးတစ်ခုပင်ဖြစ်သည်။ ယင်းအချက်ကို ငြင်းဆို ၍ ဝိဝါဒကွဲပြားသည့် သတင်းအချို့ ထွက်ပေါ်ခဲ့သည့်တိုင် တရုတ် နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ရှိ ဟွနန် ပင်လယ်စာဈေးမှ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားလာခြင်းဖြစ်သည်ဟူသည့် သတင်း ကိုသာ အများက လက်ခံထားကြသည်။ ယင်းအချက်ကို အခြေခံ ကာ တရုတ်၊ အိန္ဒိယတို့အပါအဝင် အာရှနိုင်ငံများမှ သားငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများအပါအဝင် ကုန်စို ကုန်စိမ်း များရောင်းချသည့်ဈေး (Wet Market) များကို ရောဂါဘယကူးစက် ပျံ့နှံ့နိုင်သည့် အန္တရာယ်ကြီးသောနေရာများအဖြစ် ပြည်ပ မီဒီယာများတွင် ဝေဖန်သုံးသပ်မှုများကို တွေ့ရှိရသည်။
အဆိုပါ ဈေးများတွင် သတ္တဝါအရှင်များကို သိုလှောင်ရောင်းချ ခြင်း၊ သွေးစိမ်းတစိုစိုဖြင့် ခုတ်ထစ်ရောင်းချကာ အနီးဝန်းကျင်၌ လည်း အမွေးအမှင်များ၊ စွန့်ပစ်အညစ်အကြေးများ အချိန်အတိုင်း အတာတစ်ရပ်အထိရှိနေခြင်း၊ တရားမဝင် သားရိုင်းတိရစ္ဆာန်များ ၏ အသားနှင့် ခန္ဓာကိုယ်အပိုင်းအစများကို ရောင်းချခြင်း၊ ဈေးများတွင် သန့်ရှင်းရေး‌ဆောင်ရွက်ချက်များမှာ ကူးစက်ရောဂါ များပျံ့နှံ့မှုကို ကာကွယ်ရန် လုံလောက်မှုမရှိခြင်းတို့အပေါ် ထောက်ပြခဲ့ကြခြင်းဖြစ်သည်။ စူပါမားကတ်များတွင် ချက်ပြုတ် စားရန် အသင့်ပြုပြင်ထုပ်ပိုးထားသည့် အေးခဲအသားငါး အစိမ်း များ ရရှိနိုင်ပြီဖြစ်သော်လည်း ဈေးဝယ်သူအများစုမှာ ကုန်စို ကုန်စိမ်းဈေး(Wet Market) များတွင် ဝယ်ယူမှသာ စိတ်တိုင်းကျ သည့် အလေ့အထစွဲနေကြခြင်းက အဓိကဖြစ်သည်။ မိမိတို့နိုင်ငံ တွင်လည်း ယင်းသို့သော အခြေအနေများကို တွေ့မြင်ရပြီး အချို့ နေရာများတွင် ပို၍ဆိုးရွားသော အခြေအနေများကို တွေ့ရသည်။ အထူးသဖြင့် လမ်းဘေးဈေးများ၊ တရားမဝင်ဈေးများ၊ ကျူးကျော် ဈေးများ စသည်တို့တွင်ဖြစ်သည်။ ယင်းနေရာများတွင် သားငါး၊ ဟင်းသီးဟင်းရွက်များနှင့် အစားအစာများကို အမှိုက်သရိုက်၊ ရေပုပ်ရေသိုး၊ ညစ်ညမ်းနေပြီး အန္တရာယ်ရှိသည့် ပတ်ဝန်းကျင် အခြေအနေတို့နှင့် တစ်ဆက်တစ်စပ်တည်းရှိနေသည်ကို မကြာ ခဏ တွေ့ကြရသည်။
လူအပါအဝင် သတ္တဝါခပ်သိမ်းတို့မှာ အသက်ရှင်သန်မှုအတွက် အစာစားကြရသည်။ ထို့အပြင် ကျန်းမာရေးအတွက်လည်း အစာအာဟာရသည် ဆေးတစ်ပါးဖြစ်သည်။ သို့ရာတွင် အစားအစာမသန့်ရှင်းသည့်အခါ အစာသည် ဆေးမဟုတ်တော့ဘဲ ဘေးဖြစ်လာသည်။ မိမိတို့၏ နေ့စဉ်လူမှုဘဝများတွင် အစားအစာများ၏ အရင်းအမြစ်မှာ ဈေးကသာ အဓိကဖြစ်သည်။ ဈေးမှဝယ်ယူစားသုံးကြရခြင်းဖြစ်သည့်အတွက် ဈေးများ၏ သန့်ရှင်းရေး၊ အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေးက အရေးကြီးလှသည်။ ဆားစ်နှင့် ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါ များ၏အစသည် ဈေးများမှ စတင်ခဲ့ခြင်းဖြစ်သည်ကို တွေးဆ ဆင်ခြင်ကာ သတိမူလျက် ဈေးသန့်ရှင်းရေး မြှင့်တင်ပေးလျက် ရောဂါဘယများဘေးမှ ကင်းဝေးနိုင်ကြပါစေကြောင်း။ ။