သခင်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်း ဦးအောင်ဆန်း

မြန်မာ့အလင်းအယ်ဒီတာအာဘော်
 

 
 
အောင်ဆန်းဆိုသည့် နာမည်ကို မြန်မာတွင်သာမက နိုင်ငံတကာ ကပါ ရင်းနှီးကျွမ်းဝင်ကြသည်။ နိုင်ငံတကာသမိုင်းကို နှံ့စပ် နားလည်သူများသည်ကား အောင်ဆန်းဆိုသည့် အမည်ကို အမျိုးသားခေါင်းဆောင်၊ သူရဲကောင်း၊ ထက်မြက်သလောက် ရိုးသားဖြူစင်သူအဖြစ် အသိအမှတ်ပြုကြသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီးအဖြစ် ခေတ်ပြိုင် နိုင်ငံရေးသမားများကရော၊ လုပ်ဖော်ကိုင်ဖက်များကရော၊ သူ့ကို မုန်းသူများကပါ တလေးတစားရှိကြသည်။ သူ၏ ထက်မြက်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်က ကြောက်ခမန်းလိလိဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီးအဖြစ် သူကျဆုံးချိန်က သူ၏ အသက်မှာ သုံးဆယ့်သုံးနှစ်မျှသာရှိသေးသည်။ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက် ရေး တိုက်ပွဲများအားလုံး၏ ရှေ့ဆုံးတန်းက ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့၏။ ရန်သူ မိတ်ဆွေအားလုံးက ဦးညွတ်ကြရသည့် ခေါင်းဆောင်ဖြစ်ပါသည်။
ဒေါင်ဒေါင်မြည် မျိုးချစ်သူရဲကောင်းဟု ဆိုသော်လည်း မျက်ကန်း မျိုးချစ်မဟုတ်။ နိုင်ငံတကာအမြင်ရှိသူ၊ အမြင်ကျယ် သူဖြစ်၏။ ဒီမိုကရေစီကို ယုံကြည်သူ၊ ညီညွတ်ရေးကို ဦးဆောင် ဦးရွက်ပြုနိုင်သူ၊ လူမွဲတို့၏ ထွက်ရပ်လမ်းကို ရှာဖွေထိုးဖောက် အရောက်သွားလိုသူ။
တိုင်းပြည်အတွက် ပြည်သူလူထုအတွက်ဆိုသည်ကလွဲ၍ အခြားမစဉ်းစားသူဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲအတွက် ဖြစ်မည်ဆိုလျှင် မည်သူနှင့်မဆို စေ့စပ်ညှိနှိုင်းသည်၊ လက်တွဲ အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်သည်၊ အာဃာတမရှိ။ ညီညီ ညွတ်ညွတ် လက်တွဲလုပ်လိုသူလည်းဖြစ်သည်။ သဘောထား ချင်း မတိုက်ဆိုင်ရုံမျှနှင့် ဘေးဖယ်မထား။ အမှန်တရားကို ယုံကြည်သည်။ သတ္တိရှိသည်။ ရင်ဆိုင်ရဲသည်၊ ဆွေးနွေးရဲသည်၊ အဖြေရှာရဲသည်။
ဒေါက်တာဘမော်နှင့်အတူ အလုပ်လုပ်သည်။ ဘကြီးဘဘေ နှင့်လည်း အတူတွဲသည်။ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့နှင့် အလုပ်အတူလုပ်သည်။ လက်ဝဲအင်အားစုများဖြစ်သည့် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်သိန်းဖေတို့နှင့် ယုံယုံကြည်ကြည် အလုပ် လုပ်သည်။ လက်ဝဲဆန့်ကျင်ရေးအင်အားစုများနှင့်လည်း အလုပ် တွဲလုပ်သည်။ သူ့၏ အမှန်တရားပေါ်မှာ ရပ်တည်နိုင်မှုနှင့် သဘောထားကို သူယုံကြည်သည်။ ယနေ့ခေတ်စားနေသည့် အားလုံးပါဝင်နိုင်ရေးဆိုသည့် (all inclusive)အမြင် ခိုင်ခိုင်မာမာ ရှိသူဖြစ်သည်။
မှန်မှန်ကန်ကန်ပြောသည်၊ သူပေးသည့်ကတိကို သူတည် အောင်နေသည်။ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရမည်ဟု ပြောခဲ့သည့်အတိုင်း သူကျဆုံးပြီးဖြစ်သော်လည်း လွတ်လပ်ရေး တစ်နှစ်အတွင်း ရခဲ့ပေသည်။
သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ယနေ့ဆိုလျှင် ဦးအောင်ဆန်း၏ အသက် တစ်ရာ့ငါးနှစ် ပြည့်ပြီ။ နိုင်ငံအတွက် လူမျိုးအတွက် သူဆောင်ရွက်သွားခဲ့သည်တို့က များလှ၏။ သူ အသက်ရှင်နေထိုင်သွားခဲ့သည့် သက်တမ်းနှင့်မမျှ။ သူ့ကျေးဇူး များက နိုင်ငံအတွက် များစွာရှိနေသည်ပဲဖြစ်၏။
လက်နက်အားကိုးဖြင့် အာဏာလောဘရှိသူတို့၏ လုပ်ကြံမှု ကြောင့် ကျဆုံးခဲ့ရသော်လည်း သူ၏ လုပ်ရပ်တို့က ကွယ်ပျောက် မသွား။ မည်သူတို့က မည်သို့ပင် ဖျောက်ဖျက်ချင်သည်ဖြစ်စေ သူ၏ နာမည်ကောင်းတို့က တိမ်မြုပ်မသွား။
သူနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ သော ဒီမိုကရေစီနိုင်ငံ၊ တိုင်းရင်းသားတို့ သွေးစည်းညီညွတ်သော နိုင်ငံ၊ ငြိမ်းချမ်းသော နိုင်ငံအဖြစ်သို့ ကြိုးစားအားထုတ်ခြင်းသည် မြန်မာနိုင်ငံ၏ မှန်ကန်သည့် နိုင်ငံရေးလမ်းစဉ်ဖြစ်သည်ဟု ယုံကြည်လျက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ဦးအောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုလိုက်ပါကြောင်း။ ။