လေသန့်မှ ကျန်းမာမည်

မြန်မာ့အလင်းအယ်ဒီတာအာဘော်
 

 
 
ကမ္ဘာပေါ်တွင် လူ ၁၀၀ လျှင် ၉၀ မှာ ညစ်ညမ်းသောလေကို ရှူရှိုက်မိနေကြရပြီး လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူခုနစ် သန်းခန့် သေဆုံးနေကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ လေ့လာတွေ့ရှိချက်များအရ သိရသည်။ ညစ်ညမ်းသည့် လေထုထဲတွင် အန္တရာယ်ရှိ ဓာတုပစ္စည်းများနှင့် အမှုန်အမွှား၊ အရည်တို့ရောနှော ပျံ့နှံ့နေကြသည်။ မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ စက်ရုံစသည်တို့မှ ထုတ်လွှတ်သော အခိုးအငွေ့များ၊ အမှိုက်မီးရှို့ခြင်း၊ တောမီးရှို့ခြင်းတို့မှ ထွက်ရှိလာသည့် မီးခိုးငွေ့များ၊ ယာဉ်များသွားလာခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကဲ့သို့သော လုပ်ငန်းခွင်များမှ ထွက်ပေါ်လာသော အမှုန်အမွှားများတို့ကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်လာခြင်း ဖြစ်ရာ လူတို့၏ ပယောဂကြောင့် လေထုညစ်ညမ်းရခြင်းပင် ဖြစ်သည်။
အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်သည့် ကာဗွန်ဒိုင် အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်၊ ဟိုက်ဒရိုကာဗွန်၊ ဆာလ်ဖာအောက်ဆိုက်နှင့် အမှုန်များ လေထုအတွင်း ပျံ့နှံ့နေ သည့်အခါ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ရာ ရေတိုအားဖြင့် မျက်စိ၊ နား၊ လည်ချောင်းတို့ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဓာတ်မတည့်သော ဝေဒနာခံစားရခြင်း၊ အော့အန်ခြင်းတို့ ခံစားရနိုင်ပြီး ရေရှည်တွင်မူ အဆုတ်ရောင် ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ အသည်း၊ ကျောက်ကပ်၊ နှလုံး ရောဂါဖြစ်ပေါ်နိုင်ခြင်း၊ လေပြွန်ရောင်ရမ်းခြင်း၊ အသက်ရှူ လမ်းကြောင်းထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
လေထု၏ အရည်အသွေးကို နေ့စဉ်စောင့်ကြည့်တိုင်းတာ ၍ လေထု ညစ်ညမ်းမှုအညွှန်းကိန်း (Air Quality Index-AQI) ဖြင့် ဖော်ပြရာတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း (၀ မှ ၅၀ အထိ)သည် ကျန်းမာရေးသတ်မှတ်ချက်အရ (ကောင်းမွန်)ပြီး (အစိမ်းရောင်)၊ (၅၁ မှ ၁၀၀ အထိ)သည် (အလယ်အလတ်)ဖြစ်ပြီး(အဝါရောင်)၊ (၁၀၁မှ ၁၅၀ အထိ)သည် (ထိခိုက်လွယ်သော လူများ- ဥပမာ- အဆုတ်ရောဂါရှိသူများအတွက် ထိခိုက်နိုင်)ပြီး (လိမ္မော် ရောင်)၊ (၁၅၁ မှ ၂၀၀ အထိ)သည် (ကျန်းမာရေးထိခိုက်နိုင်)ပြီး (အနီရောင်)၊ (၂၀၁ မှ ၃၀၀ အထိ) သည်(အလွန်ထိခိုက်နိုင်)ပြီး (မရမ်းစေ့ရောင်)၊ (၃၀၁ မှ ၅၀၀ အထိ)သည် (အန္တရာယ်ရှိ)ပြီး(နီညိုရောင်) ဟူ၍ AQI ခြောက်ခုသတ်မှတ်ထားသည်။ နှစ်အလိုက် မြန်မာ နိုင်ငံ၏ လေထုညစ်ညမ်းမှု အညွှန်းကိန်း များတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အနိမ့်ဆုံး ၈၆ မှ အမြင့်ဆုံး ၉၃ အထိရှိ၍ ကျန်းမာရေးသတ်မှတ်ချက် အလယ် အလတ်အဆင့်တွင်ရှိပြီး အရောင်သတ်မှတ်ချက်တွင် အဝါရောင် ဖြစ်သည်။ သို့ရာတွင် မကြာမီက မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း ၁၉၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ကျန်းမာရေးထိခိုက်နိုင်သည့် အနီရောင်အဆင့်သို့ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ကျော်နေထိုင်ပြီး မြန်မာနိုင်ငံရှိ မော်တော်ယာဉ်စီး ရေ၏ ထက်ဝက်ခန့်ကို အသုံးပြုလျက်ရှိသော၊ စက်မှုဇုန်အများ အပြားတည်ရှိရာ ရပ်ဝန်းလည်းဖြစ်သော ရန်ကုန်မြို့ကြီး၏ လေထုအရည်အသွေး ပြန်လည်ကောင်းမွန်လာရေးအတွက် ရေတိုရေရှည်လုပ်ငန်းစဉ်များနှင့် မူဝါဒများ ချမှတ်လုပ်ကိုင် သွားရန် လိုအပ်နေပြီဖြစ်ကြောင်း ခေါင်းလောင်းထိုးလိုက်ခြင်းပင် ဖြစ်သည်။
လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အန္တရာယ်ရှိ ဓာတု ပစ္စည်းများကို ထုတ်လွှတ်သောအရင်းအမြစ်များ၊ စက်ယာဉ် ယန္တရားများနှင့် စက်ရုံအလုပ်ရုံများကို ထိန်းချုပ်ခြင်း၊ အခိုး အငွေ့များနှင့် ဖုန်အမှုန်များ ထွက်ပေါ်မှု လျှော့ချနိုင်သည့် ပစ္စည်းများနှင့် နည်းလမ်းများကိုသုံးစွဲခြင်း၊ သစ်ပင်သစ်တောအုပ် များနှင့် မြို့ပြအစိမ်းရောင်ဇုန်များ ဖော်ထုတ်ထိန်းသိမ်းခြင်း၊ လေထုအတွင်း အမှုန်များလျှော့ချရေးအတွက် လမ်းများနှင့် လေထုအတွင်းနေ့စဉ်အချိန်မှန် ရေဖျန်းခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်နှင့်အမျှ ရန်ကုန်မြို့၏ လေထုသည် အတိုင်းအတာတစ်ခုအထိ ကောင်းမွန်လာမည်ဖြစ်သည်ဟူ၍ ယုံကြည်မိသည်။ မိမိတို့ အချိန်နှင့်အမျှရှူရှိုက်နေကြရသည့် လေထု၏အရည်အသွေး ကောင်းမွန်ရေးသည် မိမိတို့၏ သက်ရှည်ကျန်းမာရေးပင် ဖြစ်သည့်အလျောက် လူတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် ကြပါစေကြောင်း။ ။