မိမိကျွမ်းကျင်ရာနယ်ပယ်အလိုက် ဦးဆောင်နိုင်သူတစ်ဦးဖြစ်ပါစေ

ဆောင်းပါး
=====
 
မိမိကျွမ်းကျင်ရာနယ်ပယ်အလိုက် ဦးဆောင်နိုင်သူတစ်ဦးဖြစ်ပါစေ
===========================================
 
ကောင်းမွန်
=======
 
 
မိမိကျွမ်းကျင်ရာနယ်ပယ်အလိုက် ဦးဆောင်နိုင်သူ တစ်ဦး၊ ကျွမ်းကျင်သော၊ ထူးခြားသည့် အရည်အချင်း ရှိသော ပညာရှင်တစ်ဦးအဖြစ် ရောက်ရှိရေးအတွက် အရည်အချင်းငါးရပ်ကို လေ့ကျင့်ပြုစုပေးသွားဖို့ လိုပါ လိမ့်မယ်။
အနာဂတ်ဟာ အရည်အသွေးပြည့်ဝသူတွေ အတွက်ဖြစ်တဲ့အလျောက် ဘက်စုံအရည်အချင်း ပြည့်ဝကြသလို နည်းပညာပိုင်းအရည်အချင်းလည်း ပြည့်ဝလျက် အများပြည်သူနဲ့ဆက်ဆံရေး၊ အထူးသဖြင့် ညှိနှိုင်းဆွေးနွေးမှုအပိုင်းမှာ ထူးချွန်ပြီး အများနှစ်သက် တဲ့ ဆက်ဆံရေးအပိုင်း ကောင်းမွန်သူတစ်ဦးဖြစ်ဖို့ အရေးကြီးပါတယ်။ သို့ဖြစ်၍ နေ့စဉ်နေ့တိုင်း၊ နေရာတိုင်း မှာ လေ့လာမှတ်သားတတ်တဲ့အကျင့်ကို ပြုစုပျိုးထောင်ဖို့ လိုပါတယ်။
မည်သည့်နယ်ပယ်မှာဖြစ်စေ၊ မည်သည့်လုပ်ငန်း ကို လုပ်ကိုင်သည်ဖြစ်စေ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာ စေဖို့ အောက်ဖော်ပြပါ အရည်အချင်းငါးရပ်ကို လေ့ကျင့် ပျိုးထောင်သင့်ပါတယ် -
(၁) အခွင့်အရေးတိုင်းကို ကောင်းစွာအသုံးချပါ။
မူလဆောင်းပါးရှင်ဟာ ဆံပင်ပုံသွင်းပုံဖော်သူ ပညာရှင်တစ်ဦးအနေနဲ့ ဘဝကို စတင်ခဲ့သူဖြစ်ပါတယ်။ သို့ဖြစ်၍ ယခုနောက်ပိုင်း ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲ တွေမှာ မကြာခဏဆိုသလို မေးမြန်းခံရသည်မှာ ဆွေးနွေးပွဲတွေမှာ အဓိကဟောပြောသူ တစ်ဦး၊ စာရေးဆရာ တစ်ဦး၊ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ မိန့်ခွန်း တွေအတွက် အကြံပြုရသူတစ်ဦး ဖြစ်လာစေဖို့ ဘယ်လို လေ့ကျင့်ခဲ့သလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
အဖြေက ရိုးရိုးစင်းစင်းလေးပါ။ အခါအခွင့် သင့်တိုင်း ပေါ်လာတတ်တဲ့ အခွင့်အရေးကို သတိ ပြုမိတတ်အောင် လေ့လာတာနဲ့ ယင်းတို့ကို အသုံးချ တတ်ခြင်းပဲ ဖြစ်ပါတယ်။
အခွင့်အလမ်းဆိုတာ တစ်ကြိမ်တစ်ခါတည်း ဖြစ်ပေါ်လာတတ်တာ မဟုတ်ပါ။ အချိန်တိုင်း၊ နေရာ တိုင်းမှာ ဖြစ်ပေါ်တတ်ပေမယ့် မိမိတို့က အခွင့် အလမ်းရဲ့ အသုံးပြုခြင်းကို သတိမထားမိခြင်းပဲ ဖြစ်ပါ တယ်။
ဤနေရာမှာ အခွင့်အလမ်းဆိုတာနဲ့ပတ်သက်ပြီး မိမိငယ်စဉ်က ဖတ်ဖူးခဲ့တဲ့ ဆရာနန္ဒာသိန်းဇံရဲ့ “ခရောင်း လမ်းကို ဖြတ်ကျော်ခြင်း” ဆိုတဲ့ စာအုပ်ထဲမှာ ရှင်းလင်း ဖော်ပြထားတဲ့ အခွင့်အလမ်းကို မှတ်မိသလောက် ပြန်လည်မျှဝေလိုပါတယ်။ အခွင့်အလမ်းဆိုတာကို လမ်းလေးခွဆုံမှာချထားပြီး မျက်နှာမှာ ဆံပင်တွေ ဖုံးနေကာ ခြေ၊ လက်တွေမှာ အတောင်ပံတွေပါတဲ့ ရုပ်တု တစ်ခုနဲ့ တင်စားထားတာပါ။ အခွင့်အလမ်းဆိုတာ မိမိတို့ထံပါးကို ရောက်ရှိလာတတ်ပေမယ့် မျက်စိကို ဆံပင်တွေ ဖုံးနေသလိုမျိုး အခြားသော အခြင်းအရာတွေ နဲ့ အခွင့်အလမ်းကို သတိမပြုမိ ဖြစ်တတ်ပါတယ်။ အတောင်အလက်ပါပြီး အဝေးကို ပျံသွားသလိုမျိုး အခွင့် အလမ်းက ရောက်ရှိလာပြီး မကြာမီမှာပဲ အလျင်အမြန် ထွက်သွားတတ်တယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခု လောက်က ဖတ်ထားမိတာကို မှတ်မိသလောက် ပြန် ဝေမျှလိုက်ပါတယ်။ စာသားအသုံးအနှုန်း ကွာခြားမှုတွေ၊ တင်ဆက်မှု ခြားနားချက်တွေအတွက် တောင်းပန်ရင်း အတိအကျ ဖတ်မှတ်လေ့လာနိုင်ဖို့ ယင်းစာအုပ်ကို ရည်ညွှန်းလိုပါတယ်။
ဒီနေ့ အသုံးပြုနေကြတဲ့ အမျိုးမျိုးသော တယ်လီ ဖုန်းတွေ၊ လက်ကိုင်ဖုန်းတွေ၊ စမတ်ဖုန်းတွေရဲ့ ဘိုးအေ ကြီးလို့ ဆိုရမယ့် ကနဦးတယ်လီဖုန်းကို တီထွင်ခဲ့တဲ့ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ကလည်း အခွင့်အလမ်း နဲ့ပတ်သက်ပြီး ရှင်းလင်းဖွင့်ဆိုထားဖူးပါတယ်။ ၎င်းက တော့ အခွင့်အလမ်းကို တံခါးချပ်တွေနဲ့ တင်စားထား တာပါ။ တံခါးချပ်တစ်ခု ပိတ်သွားချိန်မှာ အခြားတစ်ချပ် က ပွင့်လာတတ်ပါတယ်။ သို့ပေမယ့် ပိတ်သွားတဲ့တံခါးချပ် အပေါ်မှာ အချိန်ကြာမြင့်စွာ အာရုံစိုက်ကြည့်နေတတ်လို့ အခြားတစ်ဖက်က မိမိတို့အတွက် ပွင့်လာတဲ့ အခွင့်အလမ်း ဆိုတဲ့ တံခါးချပ်ကို မမြင်မတွေ့ဖြစ်တတ်တယ်လို့ ဖွင့်ဆို ထားတာ ဖြစ်ပါတယ်။
အခွင့်အလမ်းတွေအကြောင်း ပြောနေရင်းက မူလ ဦးတည်ချက်ဖြစ်တဲ့ မိမိလုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်မှု ရရှိစေဖို့ နည်းလမ်းတစ်ရပ်အဖြစ် အောင်မြင်တဲ့ပုဂ္ဂိုလ်တွေ ၎င်းတို့ရဲ့အောင်မြင်မှုတွေကို ဘယ်ပုံဘယ်နည်းနဲ့ရရှိခဲ့တယ် ဆိုတာကို လေ့လာဖို့လည်း အကြံပြုလိုပါတယ်။
(၂) လျော်ကန်သည့် မေးခွန်းများမေးပါ။
"မေးပါများ စကားရ" ဆိုတဲ့အတိုင်း မိမိတို့ သိလို တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတို့ကို မေးမြန်းဖို့ လိုပါတယ်။ တစ်ကြိမ်တည်းနဲ့ မေးမြန်းလို့ မရပါက နောက်တစ်ကြိမ် အခွင့်သာရင် ထပ်မံမေးမြန်းသင့်ပါ တယ်။
အောင်မြင်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ၎င်းတို့ရဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ပတ်သက်ပြီး မျှဝေဖို့ အသင့်ရှိပါလိမ့်မယ်။ အရေးကြီးတာက ၎င်းတို့ရဲ့ အလေး ဂရုပြုမှုနဲ့ တုံ့ပြန်မှုတို့အတွက် လျော်ကန်တဲ့ မေးခွန်းကောင်း တွေ မေးတတ်ဖို့ပဲ ဖြစ်ပါတယ်။
အခြားသောသူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အတွက် အဓိကသော့ချက်က အပြန်အလှန် စကားပြော တာဖြစ်ပြီး ယင်းအတွက် အဓိကကျတာက မှန်ကန်တဲ့၊ ဆီလျော်တဲ့ မေးခွန်းတွေ မေးတတ်ခြင်းပဲ ဖြစ်ပါတယ်။ အပြန်အလှန် စကားပြောတာကနေ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်နိုင်သလို ယင်းမှ တစ်ဆင့် အံ့ဩဖွယ်ကောင်းတဲ့ ရလဒ်ကို ဖြစ်စေတတ်ပါ တယ်။
(၃) မိမိရဲ့ လုပ်ငန်းနယ်ပယ်မှာ အပြည့်အဝ အာရုံစိုက်ပါ။
အစဉ်လို မိမိကိုယ်ကို မေးမြန်းနေရမယ့် မေးခွန်းနှစ်ခု ရှိပါတယ်။ ပထမမေးခွန်းကတော့ မိမိရဲ့ လုပ်ငန်းအပေါ်၊ မိမိရဲ့အလုပ်ရှင်၊ မိမိရဲ့လုပ်ငန်းဌာန၊ အဖွဲ့အစည်းအပေါ် မည်သို့မည်ပုံ အထောက်အကူ ပြုစေနိုင်မလဲဆိုတာ ပါပဲ။
ဒုတိယမေးခွန်းကတော့ လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး မှီခိုအားထားခံရသူ၊ အလေးထားခံရသူတစ်ဦး ဖြစ်လာ စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ မေးခွန်းပါပဲ။ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး မိမိကိုယ်ကို အစဉ်မေးမြန်းနေ မယ်၊ ယင်းအတွက်လည်း ကြိုးပမ်းအားထုတ်နေမယ်ဆိုရင် တော့ မိမိက ပေးဆပ်လိုက်ရတာထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။
(၄)စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းတို့ကို အသုံးပြုပါ။
မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိလုပ်ငန်းပိုင်းနဲ့ဖြစ်စေ အကောင်းဆုံးဖြစ်စေဖို့ ဘယ်လိုတင်ဆက်ရမယ် ဆိုတာကို အစဉ်စဉ်းစားထားသင့်ပါတယ်။ မိမိလုပ်ငန်းပိုင်းဆိုင်ရာ ကွန်ရက်ကို တည်ဆောက်နိုင်ဖို့ ယင်းအတွက် တစ်ဖက် သားရဲ့ ခေါင်းထဲမှာ စွဲမြဲနေစေမယ့် ဇာတ်လမ်းတွေကို စဉ်းစားထားသင့်ပါတယ်။ တစ်ခါတစ်ရံတော့လည်း နောက်ခံမှာ အသာလေး မှေးဝင်တတ်ဖို့ လိုပါတယ်။
မိမိတို့အများစုက အခြေအနေအချို့မှာ ရှက်ကြောက် နေတာမျိုး ဖြစ်တတ်ပါတယ်။ သို့သော်လည်း မိမိလုပ်ငန်း ပိုင်းနဲ့ပတ်သက်ပြီး အလေးထားခံရသူ၊ မှီခိုအားထားခံရ သူတစ်ဦးဖြစ်ဖို့ဆိုရင်တော့ လိုအပ်ရင်လိုအပ်သလို ရှေ့ထွက်ပြောဆိုတတ်ဖို့ လိုပါတယ်။
အများရှေ့မှောက်သို့ရောက်နေပြီး မိမိကိုယ်ကို တင်ဆက်ရတော့မယ့်အခြေအနေမျိုးမှာ မည်သို့ တင်ဆက် ပါမလဲ။ သင့်အနေနဲ့ မည်သည့်လုပ်ငန်းကို လုပ်ကိုင်ပါသလဲ၊ မိမိရဲ့အလုပ်မှာ ဘာတွေလုပ်ဆောင်သလဲလို့ အများက မေးလာတဲ့အခါမှာ ၎င်းတို့ရဲ့ဦးနှောက်ထဲမှာ စွဲသွားစေဖို့ ဘယ်ပုံဘယ်နည်းနဲ့ တင်ဆက်ပါမလဲ၊၊ ယင်းအတွက် တစ်ပါး သူတွေရဲ့ ခေါင်းထဲမှာ စွဲသွားစေဖို့ တစ်ကြောင်းဝါကျလေး တွေကို စဉ်းစားထားဖို့ အကြံပြုလိုပါတယ်။
မိမိတို့ရဲ့ လုပ်ငန်းပိုင်း၊ မိမိတို့ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေကို ရှင်းလင်း မြင်သာတဲ့ တင်ဆက်မှုမျိုးနဲ့ ပြောပြနိုင်ဖို့ စဉ်းစားထားသင့်ပါ တယ်။ တစ်ပါးသူတွေအနေနဲ့ သင်ပြောနေတဲ့ စကားတွေ ထက် သင်ဖန်တီးလိုက်တဲ့ ပုံရိပ်ကို ပိုမိုအမှတ်ရကြမှာ ဖြစ်ပါတယ်။
(၅)တစ်ဖက်သားကိုဆွဲဆောင်နိုင်တဲ့ စွမ်းပကားကို
ပြုစုပျိုးထောင်ပါ။
လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်ပြီး တာဝန်ခံနိုင်သူ တစ်ဦးဆိုတာက အခြားသူတွေအပေါ်မှာ ဩဇာသက် ရောက်မှုရှိအောင် မည်သို့လုပ်ရမယ်ဆိုတာ သိရှိနားလည် ထားခြင်းပဲ ဖြစ်ပါတယ်။
အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ အိုက်စင် ဟောင်ဝါက တစ်ခါက ပြောဖူးပါတယ်။ “ခေါင်းဆောင်မှု ဆိုတာ ဘာကိုလုပ်ဆောင်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်ပြီး ယင်းကို အများက လိုလိုလား လား ဆောင်ရွက်လာကြအောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းပါပဲ”တဲ့။
တစ်ပါးသူအနေနဲ့ လိုလိုလားလားလိုက်နာ ဆောင်ရွက်ကြအောင်၊ ၎င်းတို့အပေါ် ဩဇာသက်ရောက်မှု ရှိအောင် မည်သို့လုပ်ရပါမလဲ။
စာရေးသူထံမှာ အလုပ်အပ်နှံဖူးသူများအနက် တစ်ဦးကတော့ ရစ်ဇ်ကာလ်တန်ဟိုတယ်အုပ်စုက ဥက္ကဋ္ဌ ဟောင်းပဲ ဖြစ်ပါတယ်။ ၎င်းက ရစ်ဇ်ကာလ်တန်ဟိုတယ်ရဲ့ လုပ်ငန်းခွင်ကို ဝင်ရောက်လာကြမယ့်သူတွေကို ပြောလေ့ ရှိတာက “မိမိတို့အားလုံးဟာ လူကြီးလူကောင်းတွေကို ဝန်ဆောင်မှုပေးကြတဲ့ လူကြီး လူကောင်းတွေပဲ ဖြစ်ကြပါ တယ်”တဲ့။ မိမိတို့ ဟိုတယ်မှာ လာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေဟာ အတွေ့အကြုံကောင်းရချင်လို့ မိမိတို့ ဟိုတယ်ရဲ့ ဈေးနှုန်းအတိုင်းပေးပြီး လာရောက်တည်းခိုကြ တာပါ။ ဝန်ထမ်းတွေရဲ့အလုပ်က ဧည့်သည်တွေမျှော်မှန်း ထားတဲ့ အတွေ့အကြုံကောင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ တစ်ဖက်သူတွေက မေးမြန်းလာတဲ့အခါ အဲဒါ မိမိရဲ့လုပ်ငန်းတာဝန်မှာ ဖော်ပြထားခြင်း မရှိဘူးလို့ ဘယ်သောအခါမှ မပြောမိစေဖို့ အရေးကြီးသလို သင်တို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို လုပ်ငန်းခွင်သို့ သယ်ယူမလာ ဖို့လည်း ထပ်တူအရေးကြီးပါတယ်”တဲ့။ သိသာတဲ့အချက် ကတော့ အဲဒီနည်းလမ်းက ရစ်ဇ်ကာလ်တန်မှာ အလုပ် ဖြစ်နေတယ်ဆိုတာပါပဲ။
စာဖတ်သူတွေအနေနဲ့ရော အခြားသူတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ လုပ်ငန်းနယ်ပယ်က အတတ်ပညာရှင် တွေကို အလားတူ ဆွဲဆောင်နိုင်တဲ့ စွမ်းပကားရှိပါသလား။ သင့်ရဲ့ကုမ္ပဏီ၊ လုပ်ငန်းဌာန၊ အဖွဲ့အစည်းနဲ့ပတ်သက်ပြီး အများရှေ့မှောက်မှာတင်ပြဖို့အတွက် ဆွဲဆောင်ပြောကြား ဖို့ အသင့်ရှိနေပါသလား။
လေ့လာမှု အလေ့အထကို နေရာတိုင်း၊ အချိန်တိုင်း မှာ ပြုစုပျိုးထောင်ဖို့ လိုပါတယ်။ ကနဦး လှုပ်ရှားမှုကို လိုအပ်သလို လုပ်ဆောင်ပါ။ လူအများစုထဲက သင်တို့နဲ့ မတူတဲ့သူတွေ၊ သင်တို့ စဉ်းစားသလိုမျိုး မစဉ်းစားတဲ့ သူတွေနဲ့ တွေ့ဆုံပါ။
စာရေးသူအနေနဲ့ တစ်ခါတုန်းက ငါးရက်ကြာကျင်းပ တဲ့ ညီလာခံတစ်ခုကို တက်ရောက်ခဲ့တာ အမှတ်ရမိပါ တယ်။ ညီလာခံသို့ တက်ရောက်လာသူအများစုက ခရစ်ယာန်ဘုန်းကြီးတွေ ဖြစ်ကြပါတယ်။ စာရေးသူက နံနက်စာသုံးဆောင်ဖို့ ကော်ဖီဆိုင်အသွား ဆိုင်အတွင်း မိမိနဲ့တူညီမှု မရှိဆုံးအုပ်စုကို လေ့လာကြည့်မိပါတယ်။ ယင်းနောက်တော့ ပရိုတက်စတင့်အုပ်စု တစ်မျိုးဖြစ်တဲ့ မင်နိုနိုက်မိသားစုဝင်နှစ်စုနဲ့ အတူတူထိုင်ပြီး နံနက်စာ သုံးဆောင်ဖြစ်ပါတယ်။ ညီလာခံကာလတစ်လျှောက် ပြောဆိုလာလိုက်တာ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေတွေ အဖြစ် ရောက်ရှိခဲ့ပါတယ်။ ၎င်းတို့နဲ့ ပိုမိုသိကျွမ်းလာပြီး ၎င်းတို့နဲ့ စကားပြောဆိုရတာကို နှစ်ခြိုက်မိတဲ့အလျောက် ၎င်းတို့အနေနဲ့ ဘာကိုသက်ဝင်ယုံကြည်ကြပြီး ဘာကြောင့် ဆိုတာကို ပြောပြနိုင်မလားလို့ မေးမြန်းတဲ့အထိ ရင်းနှီး ခဲ့ပါတယ်။ စာရေးသူအနေနဲ့ ၎င်းတို့နဲ့ တွေ့ဆုံရင်းနှီးခွင့်ရ ခြင်းအပေါ် ကျေနပ်အားရမိသလို ၎င်းတို့ကလည်း စာရေး သူနဲ့ ရင်းရင်းနှီးနှီး ပြောဆိုခွင့်ရတဲ့အပေါ် ကျေနပ်အားရ ကြတာကို တွေ့ရှိရပါတယ်။
သင်တို့ရဲ့လုပ်ရပ်အရလည်းကောင်း၊ ဖန်တီးလိုက်တဲ့ ဝန်းကျင်အနေအထားအရလည်းကောင်း တစ်ပါးသူတွေ ကို ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ သက်ဆိုင်ရာလုပ်ငန်းဘာသာရပ်အရဖြစ်စေ စိတ်အားတက်ကြွလာအောင် လှုံ့ဆော် နိုင်ပါလိမ့်မယ်။
စာဖတ်သူတို့အနေနဲ့ လုပ်ငန်းနယ်ပယ်မှာ ကျွမ်း ကျင်ပြီး တာဝန်ခံနိုင်သူ တစ်ဦးအဖြစ်သို့ ရောက်ရှိလာချိန် မှာတော့ အခြားသူတွေက သင်တို့လုပ်ကိုင်သမျှကို လေ့လာစောင့်ကြည့်ပြီး သင်တို့ ပြောကြားတာ မှန်သမျှကို နားထောင်ကြမှာ ဖြစ်ပါတယ်။
Ref: “Be a leader in your field.” by Patricia Fripp, an executive speech coach, sales presentation skills trainer and award-winning keynote speaker.