တက္ကသီလာ မြကျွန်းသာမှာ ပညာရည်နို့ သောက်စို့ခဲ့ပါသည် (အပိုင်း-၂)

ဆောင်းပါး
=========
 
 
 
စန်းနီလာဝင်း
 
အင်္ဂလိပ်နယ်ချဲ့အစိုးရလက်ထက် ရန်ကုန်တက္ကသိုလ်
ကျောင်းသားအချို့၏ ဘဝပုံရိပ်လွှာများ
 
လွန်ခဲ့သည့် ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်အခမ်းအနားကြီးကို ဦးဆောင်ကျင်းပသောအခါ အမိရန်ကုန်တက္ကသိုလ်ကြီး၏ ငွေရတုကာလနှင့် ရွှေရတုခေတ်ဦးကာလတို့၌ ပညာ သင်ယူခဲ့ကြသည့် အကြီးအကဲပုဂ္ဂိုလ်အချို့နှင့် တွေ့ဆုံ ခဲ့ရာ ထိုပုဂ္ဂိုလ်တို့၏ ဘဝပုံရိပ်လွှာများနှင့် အမှတ်တရ စကားများကို စာရေးသူပြန်လည်အမှတ်ရနေမိပါသည်။
 
အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ကိုလိုနီပညာရေးစနစ် ဆိုးကို ရိုက်ချိုးနိုင်ခဲ့သော ၁၉၂၀ ပြည့်နှစ် ပထမအကြိမ် ရန်ကုန်တက္ကသိုလ်သပိတ်ကြီးနှင့်စပ်လျဉ်း၍ ပင်လုံ ဦးဖေခင် (ရန်ကုန်တက္ကသိုလ်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဖက်ဖြစ်ခဲ့သူ သံအမတ်ကြီး-ငြိမ်း) က “ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံးဘုရင် သီပေါမင်း လက်ထက်မှာ လွတ်လပ်ရေးဆုံးရှုံးပြီး ကျွန်ဘဝရောက် ခဲ့ရပါတယ်။ ကိုလိုနီကျွန်ဘဝမှာ သူ့ကျွန်မခံလိုကြောင်း ကြိုးကြားကြိုးကြား တွန်းလှန်တိုက်ခိုက်ခဲ့ပေမယ့် တစ်နိုင်ငံလုံးကို စည်းရုံးနိုင်တဲ့ အခြေအနေမရှိသဖြင့် ဘိုးဘွားအမွေအနှစ်ကို ကျွန်တော်တို့ ပြန်လည်ရယူ နိုင်စွမ်းမရှိခဲ့ပါဘူး။
၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား မျိုးချစ်ခေါင်းဆောင်များဟာ အမျိုးသားရေးစိတ်ဓာတ်ဖြင့် တစ်မျိုးသားလုံးအကျိုးအတွက် ကျွန်ပညာရေးစနစ်ကို တွန်းလှန်ခဲ့ကြပါတယ်။ အဲဒီအချိန်က ပညာရေးစနစ်ဟာ ကိုလိုနီအုပ်ချုပ်ရေး ယန္တရားအတွက် မရှိမဖြစ် လိုအပ်တဲ့ အလိုတော်ရိဝန်ထမ်းများ မွေးထုတ်ပေးဖို့အတွက်သာ တက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ သာမန်လူတန်းစား သားသမီးများအနေဖြင့် အနားသို့ မကပ်နိုင်ကြဘူး။
 
၁၉၂၀ ပြည့်နှစ် တက္ကသိုလ်သပိတ်ကြောင့် မြန်မာ တစ်မျိုးသားလုံးနိုးကြားလာကြတယ်။ တိမ်မြုပ် ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်တို့ ပြန်လည်ရှင်သန် ထက်မြက် တက်ကြွလာခဲ့တယ်။ ကိုလိုနီပညာရေးစနစ်ကို သပိတ် မှောက်ရာမှ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာခဲ့ တယ်။
 
ကျွန်ဘဝသို့ရောက်ရှိပြီး တစ်လျှောက်လုံးလိုလိုပင် ကျောင်းသားလှုပ်ရှားမှုမရှိခဲ့ဘဲ ငြိမ်သက်ခဲ့ရာမှ ၁၉၂၀ ပြည့်နှစ် သပိတ်ကြီးပေါ်ပေါက်လာပြီး ပြောင်ပြောင် တင်းတင်း ဆန့်ကျင်လိုက်ခြင်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးကို လျစ်လျူရှုမထားဘူး၊ လက်ပိုက် ကြည့်မနေဘူး တိုက်ပွဲဝင်သွားတော့မယ်လို့ နယ်ချဲ့ကို သတိပေးလိုက်ခြင်းပဲဖြစ်တယ်။ တစ်ချိန်တည်းမှာလည်း ရန်ကုန်တက္ကသိုလ်သပိတ်ကြီးဟာ အမျိုးသားတစ်ရပ်လုံး နိုးထလာအောင် တပ်လှန့်နှိုးဆော်ခြင်းလည်း ဖြစ်တာ ကြောင့် အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံရဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုတစ်စခန်းက အစပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ် ဟု ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်၏ သမိုင်းဝင် အမျိုးသားရေးလှုပ်ရှားမှု ပုံရိပ်ကိုထင်ဟပ်အောင် အမှတ် တရ ပြောပြခဲ့ပါသည်။
 
ထိုစဉ်က နိုင်ငံတော်ရှေ့နေချုပ် ဦးသာထွန်းကလည်း သူ၏ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ နှင့်စပ်လျဉ်း၍ “ကျွန်တော်ရန်ကုန်တက္ကသိုလ်ကို ၁၉၄၀- ၄၁ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် ရောက်ပါတယ်။ ဂျပန်ဝင်လာပြီးနောက် ၁၉၄၃ ခုနှစ်မှာ ဂျပန်ခေတ် ရန်ကုန် တက္ကသိုလ် ပြန်ဖွင့်တယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့က ကျောင်းမှာ တက္ကသိုလ်တက်ရတယ်။ ဂျပန်ခေတ်မှာ ဗုံးကြဲ နေတုန်း စာသင်ရတာဖြစ်တဲ့အတွက် ကျီးလန့်စာစား ဖြစ်ခဲ့ရတယ်။ ဗုံးကျင်းထဲဝင်ပြေးလိုက်ရ ပြန်တက်လိုက်ရနဲ့ စာသင်ခဲ့ရတယ်။
 
တက္ကသိုလ်ကျောင်းသားလို့ ဆိုသာဆိုရတယ်၊ ခန်းဆီးဟောင်း၊ အိပ်ရာခင်းဟောင်းနဲ့ ဖျင်ကြမ်းကြီးတွေကို ရှပ်အင်္ကျီချုပ်ဝတ်နေရတဲ့ဘဝကို ရောက်ခဲ့ရတယ်။ လုံချည် တွေဟာ ဘယ်လောက်ထူသလဲဆိုရင် ရေဝတ်ချိုးလိုက်တဲ့ အခါမှာ လုံချည်ကရေစုပ်သွားလို့ တော်ရုံတန်ရုံလူဟာ ဖင်ထိုင်ကျသွားတော့တာပဲ။
 
သည်တုန်းက တက္ကသိုလ်မှာ အေးအေးချမ်းချမ်း သာသာယာယာ ပညာသင်ကြားခဲ့ရတဲ့အချိန်က နည်းပါး ခဲ့ပါတယ်။ စစ်ဘေးစစ်ဒဏ်ကြား၊ အသက်အန္တရာယ် ကြားထဲမှာ ခက်ခက်ခဲခဲ ပညာသင်ကြားခဲ့ရပါတယ်။ ဂျပန်ခေတ်မှာ ဂျပန်တပ်နဲ့ အင်္ဂလိပ်တပ်တွေ တိုက်ပွဲ ဖြစ်ခဲ့ရာမှာ အမိရန်ကုန်တက္ကသိုလ်ထဲက အဆောက် အအုံအချို့ဟာ ဗုံးဒဏ်ခံခဲ့ရတယ်”ဟု ဂျပန်ခေတ်က ရန်ကုန်တက္ကသိုလ်၏ စစ်ဘေးဒဏ်ခံခဲ့ရသည့် အနိဋ္ဌာရုံ ဘဝကို မှတ်မှတ်ရရ ပြန်လည်ပြောပြခဲ့ပါသည်။
 
အလားတူ ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးလည်းဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ပဲခူးဆောင်၌ တစ်ဆောင်တည်းနေ ကျောင်းနေဖက် ဖြစ်ခဲ့သည့် ဦးစန်းမောင် (ချွေတာစုဆောင်းရေးနှင့် အာမခံစာချုပ်များမင်းကြီး-အငြိမ်းစား) ကလည်း “ကျွန်တော်ရန်ကုန်တက္ကသိုလ်က ၁၉၃၂-၃၃ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။
 
ကျွန်တော်တို့တုန်းက ဒီဂျေစလော့စ် (DJ.Sloss) ဟာ ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။ ဝိဇ္ဇာ ဘာသာတွဲမှာ အင်္ဂလိပ်စာပေနှင့် Double History လို့ ခေါ်တဲ့ ခေတ်သစ်သမိုင်းနှင့် အိန္ဒိယသမိုင်းဘာသာရပ် ဆိုတာ ရှိတယ်။ အဲဒီဘာသာတွဲကို ကျွန်တော်ယူပြီးမှ နောက်ပိုင်းမှာ ဖြုတ်ပစ်လိုက်တယ်။ ဘာပြုလို့လဲဆိုတော့ အိန္ဒိယသမိုင်းမှာပါတဲ့ အမည်တွေက မှတ်ရသိပ်ခက်လို့ပဲ။
 
ကျွန်တော်တို့ခေတ်မှာ အရှေ့ဖျားရာဇဝင် (For Eastern History) ဆိုတဲ့ ဘာသာရပ်အသစ် စတင် သင်ကြားပို့ချတယ်။ ဆရာကြီး မစ္စတာ ဂျီအိပ်ချ်လုစ် (Mr. GH Luce) ပါ။ သူက ကျောက်စာဝန်ဖြစ်တယ်။ ကျွန်တော်တို့ကို ကျောက်စာလည်း သင်ပေးတယ်။ ဆရာကြီး လုစ် ဟာ တရုတ်သမိုင်းကို အသေအချာ နှံ့နှံ့စပ်စပ် လေ့လာသူဖြစ်တယ်။ တရုတ်ပါမောက္ခကြီး တစ်ယောက်က ဆရာကြီး လုစ် ကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးတာတွေ့ရတယ်။ ဆရာကြီး လုစ် ဟာ တရုတ် စကားကောင်းကောင်း ပြောဆိုတတ်တယ်။
 
၁၉၄၂ ခုနှစ်မှာ ဂျပန်ဖက်ဆစ်ဝင်လာတော့ အင်္ဂလိပ်က စစ်ပြေးဘဝနဲ့ မြန်မာနိုင်ငံကအထွက်မှာ မုံရွာတစ်မြို့လုံးကို မီးရှို့သွားတယ်။ ပြီးတော့ ကျွန်တော့် မိဘများနဲ့အတူ ယင်းမာပင်နယ်ဘက်မှာ သွားခိုအောင်း နေခဲ့ရတယ်။ အဲဒီအချိန်မှာ ယင်းမာပင်နယ်ဘက်ကို ဘီအိုင်အေ (BIA) တပ်ရောက်လာတယ်။ အဲဒီတပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်းပါလာလို့ ကျွန်တော် သွားတွေ့တယ်။ သူတို့နဲ့ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် မှာ နေစဉ်က သူခိုးလိုက်ခဲ့ရတဲ့အဖြစ်ကို ပြန်ပြောခဲ့ကြ တယ်။ အဲဒီညက အဆောင်မှာ လူရိပ်ကို မြင်လိုက်လို့ သူခိုးထင်ပြီး အော်လိုက်တော့ တစ်ဆောင်လုံး နိုးသွားပါလေရော။ အဲဒီညမှာ ကိုအောင်ဆန်းဟာ စာမကျက်နိုင်ခဲ့တာကြောင့် အမှတ်တရ ပြန်ပြောမိခဲ့ကြ တာပါ။
 
ပြီးတော့ ဆိုရန်တိုဗီလာ စီမံကိန်းရေးဆွဲတဲ့အခါမှာ စီမံကိန်းရဲ့ အခန်း(၁၀)မှာ “ပြည်တွင်းဘဏ္ဍာရှာဖွေရေး” ဆိုတာ ပါတယ်။ ပြည်တွင်းဘဏ္ဍာရှာဖွေရေး(Internal Financing) နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု မှာ သုံးလသွားလေ့လာဖို့ ကျွန်တော်နဲ့ ဦးသိမ်းမောင်ကို ၁၉၄၇ ခုနှစ် နိုဝင်ဘာလမှာ လွှတ်တယ်။ “မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ကလည်း သေချာနေပြီ။ အင်္ဂလိပ် အုပ်စိုးမှုအောက်မှာ နေခဲ့ရတော့ လွတ်လပ်ရေးရတာကို သိပ်မြင်ချင်တာပဲ။ အဲဒါနဲ့ ကျွန်တော်တို့က လွတ်လပ်ရေး ရတာကို မြင်သွားချင်ပါတယ်လို့ လူကြီးတွေကို ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့ရဲ့ဆန္ဒအတိုင်း ကျွန်တော် တို့ကို လွတ်လပ်ရေးရပြီးမှ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း အမေရိကန်ပြည်ထောင်စုကို လွှတ်ပါ တယ်”ဟု အမှတ်တရ ပြန်လည်ပြောပြခဲ့ပါသည်။
 
ထိုစဉ်က ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့်ကလည်း လွတ်လပ်ရေး ရပြီးခေတ် ပြည်တွင်းရောင်စုံသောင်းကျန်းသူများ ထကြွသည့်ကာလတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား ဘဝအတွေ့အကြုံများနှင့်စပ်လျဉ်း၍ “၁၉၅၀ ပြည့်နှစ်မှာ ကျွန်တော် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ စတင် ခဲ့ပါတယ်။ အဲဒီကာလဟာ ပြည်တွင်းမှာ လက်နက်ကိုင် ဆူပူမှုတွေဖြစ်ပေါ်နေတဲ့ကာလ ဖြစ်တယ်။ ၁၉၅၂ ခုနှစ် မှာ ပဲခူးဆောင်လိပ်စာနဲ့ ဗိုလ်သင်တန်းကို လျှောက်တယ်။ ရွေးချယ်ခံရပြီဆိုမှ အိမ်က အမေကိုအသိပေးတယ်။ အမေက ငိုယိုပြီး စစ်ထဲမလိုက်ဖို့ တားတယ်။ ကျွန်တော်က အမေရယ် စစ်ထဲဝင်တိုင်းမသေပါဘူး၊ သေရမယ့်လက္ခဏာ ပါရင် နေရာမရွေးသေရတာပါ”လို့ တရားဟောရတယ်။ အဲဒီလိုနဲ့ ကျွန်တော်တပ်မတော်ထဲကို ရောက်သွားတယ်။
 
ကျွန်တော်တို့ခေတ်တုန်းက ပညာကိုပဲ အဓိကအားပြု ကြတယ်။ အပြင်နိုင်ငံရေးလောကနဲ့ အဆက်အသွယ်ရှိတဲ့ ကျောင်းသားနိုင်ငံရေးသမားတွေရှိတယ်။ သူတို့က ကျွန်တော်တို့ကို လာစည်းရုံးတာပေါ့။ သူတို့ထဲမှာ သူငယ်ချင်းတွေပါတယ်။ ကျွန်တော်တို့က စာရိုးရိုးလာ သင်ပေးတာ။ ဘယ်အဖွဲ့ကိုမှမပါချင်ဘူးလို့ ပြောလိုက် ပါတယ်။
အဲဒီလိုပဲ အမျိုးသမီးဆောင်တွေကို သွားကြတာ ရှိပေမယ့် ရိုးရိုးတန်းတန်းခင်မင်မှုနဲ့ သွားကြတာများပါ တယ်။ မရိုးမသားနဲ့ သွားလာသူတွေလည်း ရှိကြတာပေါ့ဗျာ၊ ရယ်စရာတစ်ခုပြောရဦးမယ်။ သီချင်းလည်း မဆိုတတ်၊ အင်းလျားဆောင်သူကိုလည်း ပိုးချင်တော့ “ဓာတ်စက်” ကြီး ယူသွားတယ်။ အဲဒီ “ဓာတ်စက်” ကြီးကို ခေါင်းပေါ် ရွက်ပြီး ဓာတ်ပြားဖွင့်ပြတယ်ဆိုတာ ရှိခဲ့ဖူးတယ်။
 
ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေထဲမှာ လမ်းမှား လိုက်မိလို့ ဥစ္စာပစ္စည်း ဂုဏ်သရေမှစ အသက်ပင်ဆုံးရှုံး သွားရတဲ့ သူတွေရှိသလို လမ်းမှန်လျှောက်လှမ်းခဲ့ကြသလို တိုးတက်ထွန်းကားသွားတဲ့ သူတွေလည်း တစ်ပုံကြီး ရှိပါတယ်။
 
ကျွန်တော့်အနေနဲ့ မျိုးဆက်သစ်ကျောင်းသား တွေကို “ပညာဟူသည် မြတ်ရွှေအိုး၊ ဥစ္စာဟူသည် မျက်လှည့်မျိုး”ဆိုတဲ့အတိုင်း ပညာကိုသာ အာရုံပြု သင်ကြားကြပါလို့ အလေးအနက်မှာကြားချင်ပါတယ်။ မိဘတွေက သားသမီးတွေဘွဲ့ရအောင် ရုန်းကန်ရှာဖွေ ပေးပြီး တက္ကသိုလ်ကို ပို့ပေးကြတာ ဖြစ်ပါတယ်။ ယခုခေတ် ပညာသင်စရိတ်ဟာ ကျွန်တော်တို့ခေတ် ပညာသင်စရိတ်ထက် ပိုမိုကြီးမားပါတယ်။
 
ဒါကြောင့် မျိုးဆက်သစ်ကျောင်းသားတွေအနေနဲ့ “ငါတို့ဟာ ခေတ်တစ်ခေတ်ရဲ့ ခေါင်းဆောင်တွေဖြစ်အောင် ကြိုးစားကြမယ်ဆိုတဲ့ မွန်မြတ်တဲ့ ရည်မှန်းချက်ကို မြဲမြဲမြံမြံ ထားရှိပြီး ကိုယ့်ရဲ့ညီငယ်ညီမငယ်တွေအပါ အဝင် သားစဉ်မြေးဆက်မှာ သမိုင်းကြောင်း ကောင်းရ အောင် ပြောဆိုဆုံးမကြမယ်။ မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရပ်တည်မယ်ဆိုတဲ့ သဘောထားမွေးမြူကြပါလို့ တိုက်တွန်းပါတယ်” ဟု ဩဝါဒစကား ပြောကြားခဲ့သည်ကိုလည်း ပြန်လည် အမှတ်ရနေမိပါသည်။ ။