တက္ကသီလာ မြကျွန်းသာမှာပညာရည်နို့ သောက်စို့ခဲ့ပါသည် (အပိုင်း-၁)

ဆောင်းပါး
==========
 
 
စန်းနီလာဝင်း
 
ကံ့ကော်တန်းကို လွမ်းပါသည်
 
မြရွက်ဝေဝေ
ပင်ခြေယှက်ထိုး၊ ခက်ချင်းမိုးသား
သာနိုးကံ့ကော်၊ မိုးမျှော်လန်းဆန်း
စိန်ပန်းတမာ၊ ခက်ချင်းဖြာယှက်
တက္ကသီလာ၊ မြကျွန်းသာ၌
ဝိဇ္ဇာသိပ္ပံ၊ ဘုံဗိမာန်နှယ်
အောင်မြေမှန်ရာ၊ ပြည်မြန်မာဝယ်
ပညာပန်းများ၊ လန်းဆန်းရာတည်း။
 
အင်းလျားကန်ပေါင်ရိုးဆီမှ တိုးတိုးတိတ်တိတ် လှုပ်ခတ်လာသော လေနုအေးသည် ကံ့ကော်မြိုင်တန်းကို ကျော်လွှား၍ အဓိပတိလမ်းမကြီးကို ရောက်လာပြီ ဆိုသည်နှင့် ဝဲဘက်ရှိ ဝိဇ္ဇာခန်းမကြီးနှင့် ယာဘက်ရှိ သိပ္ပံခန်းမကြီးတို့ကို ကသုတ်ကရက် နှုတ်ဆက်ထွေးပိုက် လိုက်ဟန်တူသည်။ ငွါးငွါးစွင့်စွင့် မားမားမြင့်မြင့် ရပ်တည်နေသော သက်တော်ရှည် သစ်ပုပ်ပင်ကြီးသည် အဆင့်မြင့်ဝိဇ္ဇာသိပ္ပံပညာရပ်တို့၏ ဘူမိနက်သန် အောင်မြေမှန်ရာဖြစ်သော ဘွဲ့နှင်းသဘင်အဆောက် အအုံကြီးကို ဂါရဝဖြင့် ဦးခိုက်နေပုံရသည်။
 
“နတ္ထိ သံမံ ဝိဇ္ဇာ မိတ္တံ” (There's no Friend Like Wisdom) “ပညာနှင့်တူသော မိတ်ဆွေဟူ၍ မရှိ”ဟူသော ဆောင်ပုဒ်သည် အဆင့်မြင့်ပညာရပ်များ သင်ကြား လေ့ကျင့်ပေးရာ အမိရန်ကုန်တက္ကသိုလ်ကြီး၏ ဘဝ အလင်းရောင်ပေးလျက်ရှိသော ခံယူချက်ဆိုင်ရာ ဆောင်ပုဒ်တစ်ခုပင် ဖြစ်ပါသည်။
 
အဆင့်မြင့် ဝိဇ္ဇာ သိပ္ပံပညာရပ်များ၏ ပညာတံခွန် စိုက်ထူရာ အမိရန်ကုန်တက္ကသိုလ်ရှိ ကံ့ကော်တောကား လွမ်းမောဖွယ်ရာရှိနေသလို ပညာထူးချွန် လူရည်မွန်တို့ အဖို့ ပညာဘဏ္ဍာတိုက်ကြီးသဖွယ်ရှိနေသည်။
သူလည်းလေလောကီသားပေမို့ ပုထုဇဉ်ပီပီ ကံ့ကော်တောမှပြောသော ချစ်ပုံပြင်များ၊ အင်းလျား ကန်ပေါင်ရိုးဆီက သမုဒယလှိုင်းသံများသည် အသက် နှစ်ဆယ် ပတ်ဝန်းကျင်အရွယ် လူငယ်မောင်မယ်အချို့၏ ဘဝတစ်စိတ်တစ်ပိုင်းကို လွှမ်းမိုးသည်လည်း ရှိပါသည်။ ပညာမစုံခင် ကြင်ရာမစုံစေနှင့်ဟူသော မိဘဆရာ၊ လူကြီး သူမများ၏ ဩဝါဒကို မြေဝယ်မကျလိုက်နာကြသည့် ကျောင်းသား ကျောင်းသူတို့မှာလည်း ရမက်ဖုံးသည့် အသည်းနှလုံးကို ဆုံးမထားကာ ဧကစာရီ တစ်ကိုယ်တော် ဝါဒီအဖြစ် ပညာသည်သာ ဘဝ၊ ဘဝသည်သာ ပညာဟူသော ခံယူချက်ဖြင့် ထူးချွန်ထက်မြက်သော ပညာရှင် (Excellent Scholar) ဖြစ်အောင် ကြိုးပမ်းကြပါသည်။ သူတို့သည် တက္ကသိုလ်များ ဗဟိုစာတိုက်ကြီးကို မှီငြမ်း ကိုးကား အားထားရာ စာပေဘဏ္ဍာတိုက်ကြီးအဖြစ် အသုံးပြုကြသလို သင်္ချာဆန်သည့် ဘဝချည်းအဖြစ်မခံလိုဘဲ ကဗျာဆန်သော ဘဝအဖြစ် တေးဂီတအနုပညာကို အပန်းဖြေ ရိပ်သာရှိ အနုပညာခန်းမတွင် သီဆိုတီးမှုတ်ကာ သရုပ်မှန်ရသအနုပညာကို လေ့လာလိုက်စားကြသူများ လည်း ရှိပါသည်။ ကိုယ်လက်လှုပ်ရှား အားကစား လိုက်စားကြသည့် မောင်မယ်များသည်လည်း တက္ကသိုလ် အားကစားရုံ၊ ရေကူးကန်၊ ဘောလုံးကွင်း၊ တင်းနစ်ကွင်း တို့တွင် ညီညာဖြဖြ လေ့ကျင့်ကြသူများလည်း ရှိပါသည်။
 
ကျောင်းပြီးလျှင် အမျိုးသားကာကွယ်ရေးတာဝန်ကို အဓိက ထမ်းဆောင်လိုကြသည့် ကျောင်းသားများက တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ဝင်ကာ စစ်ပညာကို သင်ယူလေ့ကျင့် ကြပါသည်။ စာမှစာ၊ ဂီတမှဂီတဟူသော တစ်ဖက်သတ် ခံယူမှုဖြင့် ကိုယ်လက်လှုပ်ရှားအားကစားနှင့် ကင်းဝေး ကြသည့် မောင်မယ်များမှာ ကိုယ်ခံအားနည်းပြီး တက္ကသိုလ် ဆေးရုံသို့ ဂိလာနလူနာအဖြစ် မကြာခဏ သွားပြနေရသည် ကိုလည်း တွေ့ခဲ့ရကြုံခဲ့ရပါသည်။
 
ရန်ကုန်တက္ကသိုလ်၏ ရေခံ မြေခံ
 
အမိရန်ကုန်တက္ကသိုလ်ကြီး၏ မူလဘူတဇာတိဘဝမှာ အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ကိုလိုနီအုပ်ချုပ်ရေးဘဝတွင် ၁၈၇၈ ခုနှစ်၌ ရန်ကုန်ကောလိပ် (Rangoon College) အဖြစ်ဖြင့် စတင်မွေးဖွားလာခဲ့ရသည့် ၁၉၀၆ ခုနှစ်တွင် အစိုးရကောလိပ် (Government College) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထိုစဉ်က အိန္ဒိယနိုင်ငံရှိ ကာလကတ္တားတက္ကသိုလ် (University of Calcutta)၏ လက်အောက်ခံဖြစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်သို့ ရောက်သော အခါ ရန်ကုန်ယူနီဗာစီတီကောလိပ် (Rangoon University College) နှင့် ဂျပ်ဆင်ကောလိပ် (Judson College) တို့ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ် (Rangoon University )ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ပါသည်။
 
ထိုစဉ်က အင်္ဂလိပ်နယ်ချဲ့အစိုးရကျင့်သုံးခဲ့သော ရန်ကုန်တက္ကသိုလ်ပညာရေးစနစ်မှာ ကိုလိုနီအုပ်ချုပ်ရေး ယန္တရားအတွက် မရှိမဖြစ်လိုအပ်သည့် အလိုတော်ရိ ဝန်ထမ်းများကို မွေးထုတ်ရန်သာ ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ် သုတေသနအသင်းဥက္ကဋ္ဌနှင့် သုတေသီ ဂျေအက်စ်ဖာနေဗယ်လ် (J.S Furnival) ရေးသားပြုစုခဲ့သည့် ကိုလိုနီဝါဒနှင့် လက်တွေ့ကျင့်သုံး မှု (Colonial Policy and Practice) အမည်ရှိစာအုပ် တွင် “ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံ၌ ပညာရေးစနစ် ကို ကျင့်သုံးရာတွင် စာရေးစာချီများ၊ ရှေ့နေရှေ့ရပ်များ ဖြစ်ရန်ကိုသာ ရည်ရွယ်ခဲ့ပြီး အင်ဂျင်နီယာများ၊ ဆရာဝန် များ၊ သဘာဝသိပ္ပံပညာရှင်များ၊ စီးပွားရေးပညာရှင်များ ပေါ်ထွက်လာအောင် ရည်ရွယ်ချက် အလျှင်းမရှိခဲ့ပါ” ဟု ဝေဖန်သုံးသပ်ထောက်ပြခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ မူမမှန်သော ပညာရေးစနစ်ကို ထင်လင်းစွာ တွေ့မြင်ကြရမည်ဖြစ်ပါသည်။
 
၁၉၂၀ ပြည့်နှစ်မှာပင် တက္ကသိုလ်ကျောင်းသား မျိုးချစ်ခေါင်းဆောင်များက ကိုလိုနီပညာရေးစနစ်ကို ပယ်ဖျက်ပေးရန် အမျိုးသားရေးစိတ်ဓာတ် အပြည့်အဝ ဖြင့် ပထမအကြိမ် ရန်ကုန်တက္ကသိုလ်သပိတ်ကြီးကို ဆင်နွှဲခဲ့ရာ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မုခ်တံခါးကို စတင် ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
၁၉၂၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ ပထမဦးဆုံး အကြိမ် ဘွဲ့နှင်းသဘင်ကျင်းပခဲ့ရာ ထိုစဉ်က ကျေးဇူးရှင် လယ်တီဆရာတော်ကြီးအား “ဂုဏ်ထူးဆောင် ပါရဂူဘွဲ့” ဆက်ကပ်ရန်စီစဉ်ခဲ့သော်လည်း ဆရာတော်ကြီးမှာ မျက်စိကွယ်နေရှာသဖြင့် ကိုယ်တော်တိုင် တက်ရောက် မယူနိုင်ခဲ့ကြောင်း သိရပါသည်။
 
၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏လက်အောက်ခံအဖြစ် မန္တလေးကောလိပ် (Mandalay College) စတင် ပေါ်ပေါက်လာခဲ့ပြီး ၁၉၃၀ ပြည့်နှစ်၌ ရန်ကုန်မြို့တွင် ဆရာအတတ်သင်ကောလိပ် (TTC =Teachers Training College) နှင့် ဆေးပညာကောလိပ် (MC= Medical College) တို့ စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၃၈ ခုနှစ်၌ မန္တလေးမြို့တွင် စိုက်ပျိုးရေးကောလိပ် (Agriculture College) စတင်ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
 
ကိုလိုနီခေတ် ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်တိုက်ဖျက်ခဲ့သော ပထမအကြိမ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ် ကြီးနှင့်စပ်လျဉ်း၍ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာကြီး ဒေါက်တာထင်အောင်က သူရေးသားပြုစုခဲ့သော နာမည် ကျော် သမိုင်းစာအုပ်ကြီးတစ်အုပ် ဖြစ်သည့် ( A History of Burma) စာအုပ်တွင် “ကိုလိုနီပညာရေးစနစ်ကို အသက်သွင်းထားခဲ့သော အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ (Rangoon University Act) ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသော ရန်ကုန် တက္ကသိုလ် မျိုးချစ်ခေါင်းဆောင်များ၏ ပထမအကြိမ် ရန်ကုန်တက္ကသိုလ် သပိတ်ကြီးကြောင့် အမျိုးသား ပညာရေးစနစ် (National Education) ရုပ်လုံး ပေါ်လာပြီး မြန်မာပြည်အနှံ့ ကိုယ့်အားကိုယ်ကိုး အမျိုးသားကျောင်းများ (National Schools) ပေါ်ပေါက်လာခဲ့ရသည်။ ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ် နယ်ချဲ့အစိုးရလက်ထဲမှ အချုပ်အခြာအာဏာတစ်ရပ် လုံးကို ပြန်လည်ရယူနိုင်သည့် မြန်မာ့လွတ်လပ်ရေး အတွက်ပါ လမ်းပြရှေ့ဆောင်မှာ ပထမအကြိမ် ရန်ကုန် တက္ကသိုလ်သပိတ်ကြီး (၁၉၂၀) နှင့်အတူ ဝံသာနုအမျိုးသား လှုပ်ရှားမှုကြီးကြောင့် ဖြစ်သည်”ဟု ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။
 
ဤနေရာတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဒေါက်တာထင်အောင်၏ ဂုဏ်ယူအားကျ စံထားဖွယ်ရာ ထူးချွန်မှုစွမ်းရည်အချို့ကို အကျဉ်း ဥဒ္ဒေသအဖြစ် ဖော်ပြလိုပါသည်။ ဆရာကြီးသည် ၁၉၃၃ ခုနှစ်တွင် ထိုစဉ်က အသက် ၂၄ နှစ်အရွယ်မှာပင် “အင်္ဂလန်ဒဗ္ဗလင်တက္ကသိုလ်”မှ ပါရဂူဒေါက်တာဘွဲ့ရရှိ ခဲ့သည့်အပြင် အိုင်ယာလန်၊ အမေရိကန်၊ သီရိလင်္ကာနှင့် ဥရောပတက္ကသိုလ်များမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များစွာ ရရှိခဲ့သည့် ပါရမီရှင် မဟာပညာကျော်ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်ပါသည်။
 
ဆရာကြီး၏ အစ်ကိုအကြီးဆုံးမှာ လွတ်လပ်ရေးမရမီ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ခဲ့သော အစိုးရအဖွဲ့တွင် အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် အိုင်စီအက်စ် ဦးတင်ထွဋ် ဖြစ်ပါသည်။ အစ်ကိုငယ်မှာ လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရအဖွဲ့တွင် တရားလွှတ်တော်ချုပ်တရားရေးဝန်ကြီးနှင့် တရားဝန်ကြီး ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်၊ အမေရိကန် ဩဇာခံ ကူမင်တန်တရုတ်ဖြူများ မြန်မာနိုင်ငံထဲသို့ ကျူးကျော်ခဲ့စဉ်ကလည်း သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂ တွင် တိုင်ကြားတင်ပြခဲ့သူလည်းဖြစ်သည့် ဦးမြင့်သိန်းပင် ဖြစ်ပါသည်။
 
ဆရာကြီး ဒေါက်တာထင်အောင် ပါရဂူဘွဲ့အသီးသီး ရရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သောအခါ အစ်ကိုဖြစ်သူများက ထိုစဉ်က ဝင်ငွေကောင်းလှသော ဝတ်လုံတော်ရရှေ့နေအဖြစ် လုပ်ကိုင်ရန် တိုက်တွန်းခဲ့သော် လည်း ဆရာကြီးသည် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ကြောင့် ထိုစဉ်က ဝင်ငွေနည်းသော ရန်ကုန်တက္ကသိုလ် ကထိက ရာထူးကိုသာ ရွေးချယ်တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပညာရှင်တစ်ဦး ဖြစ်ခဲ့ပါသည်။
 
ထို့အပြင် ၁၉၅၆ ခုနှစ်၌ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အရှေ့တောင်အာရှတက္ကသိုလ်များအသင်းကြီးတွင် ဒုတိယ ဥက္ကဋ္ဌတာဝန် ယူခဲ့ရုံမျှမက အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များနှင့် နိုင်ငံတကာရှိ တက္ကသိုလ်များဘုတ်အဖွဲ့ကြီး၌ အမှုဆောင် လူကြီးတစ်ဦးအဖြစ် ပူးတွဲတာဝန်ယူခဲ့ကာ အမိရန်ကုန် တက္ကသိုလ်၏ ဂုဏ်ဒြပ်ကို အထူးမြင့်မားစေခဲ့ပါသဖြင့် ဂုဏ်ယူအားကျစံထားဖွယ် ဖြစ်ပါသည်။
 
အလားတူ အင်္ဂလိပ်နယ်ချဲ့အစိုးရလက်ထက်တွင် ရန်ကုန်ကောလိပ်၌ မြန်မာလူမျိုးထဲမှ ပထမဆုံးကောလိပ် ကျောင်းအုပ်ကြီးနှင့် ပါမောက္ခတာဝန်ထမ်းဆောင်ခဲ့သည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ ဆရာကြီးဦးဖေမောင်တင် ကိုလည်း ဂုဏ်ယူကြည်ညိုလေးစားစံထားရပါသည်။ ဆရာကြီးသည် လန်ဒန် အောက်စဖို့ဒ်တက္ကသိုလ်မှ စာပေပါရဂူဘွဲ့ရရှိခဲ့ပြီး မြန်မာစာပေသမိုင်း၊ မြန်မာသဒ္ဒါ ကျမ်းနှင့် တက္ကသိုလ်တွင် မြန်မာစာပေ တိုးမြှင့်သင်ကြား ရေးကို ဦးဆောင်ကြိုးပမ်းခဲ့ပြီး “ခေတ်စမ်းစာပေ” ဟူသော “မြန်မာစာပေပုံစံသစ်”ကို စတင်ဖော်ထုတ် ခဲ့ပါသည်။ ဆရာကြီးသည် မြန်မာနိုင်ငံသုတေသနအသင်း ဥက္ကဋ္ဌနှင့် မြန်မာ့သမိုင်းကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ ဗုဒ္ဓစာပေဖြစ်သော “အဋ္ဌသာလိနီ ကျမ်း”နှင့် “ဝိသုဒ္ဓိမဂ်ကျမ်း”တို့ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပြီး မှန်နန်းရာဇဝင်ကျမ်း (ပုဂံခေတ်)ကဏ္ဍ ကိုလည်း သမိုင်းပါမောက္ခ ဂျီအိပ်ချ်လုစ် (GH Luce)နှင့်ပူးတွဲကာ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့ခြင်း ကြောင့် ဆရာကြီး၏ ကြိုးပမ်းအားထုတ်မှုများမှာ အဆင့်မြင့်ပညာရေးလောက၌ အတိုင်းမသိ ကျေးဇူး တရား ကြီးမားလှပါသည်။ ။