ဆီလျှော့စားဖို့လိုပါသည်

ဆောင်းပါး

ဒေါက်တာမြတ်ထွဋ်ညွန့်

မြန်မာလူမျိုးများ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် မရှိမဖြစ်သုံးစွဲ နေကြသော စားဆီများကို အတတ်နိုင်ဆုံး လျှော့ပေါ့စားသုံးတတ် ဖို့လိုပါသည်။
မြန်မာတို့နှင့် ဆီစားသုံးမှု
မြန်မာတို့သည် ဆီကိုကြိုက်တတ်သည်။ စားစရာထဲတွင် ဆီများများပါလေ ကောင်းလေဟု အထင်ရှိတတ်သည်။ လက်ဖက်သုပ်ဆိုလျှင်လည်း ဆီရွှဲရွှဲလေးဆမ်းမှ၊ ငါးခြောက်ဖုတ် ဆိုလည်း ဆီများများထည့်ကာနှပ်ထားမှ၊ ပဲပြုတ်တွင်လည်း ဆီများများထည့်လိုက်ရမှ စားကောင်းတတ်သည်။ မြိန်တတ်ကြ သည်။ မြန်မာဟင်းအများစုတွင်လည်း ဆီပြန်ဟင်းများက ဟင်းကောင်းအဖြစ် နေရာယူထားသည်။ ယုတ်စွအဆုံး ဟင်းချိုဟင်း၊ အရည်ဟင်းတို့ထဲမှာပင် ဆီကလေးတစ်ပေါက် နှစ်ပေါက်ထည့်လိုက်ရမှ စားလို့ကောင်းမည် ထင်တတ်ကြသည်။ ဆီနည်းသည်ဆိုလျှင် 'ဟင်းကဆီတောင်မပါဘူး'ဟု ဆိုတတ်ကြ ပြန်သည်။ စားစရာမဟုတ်သည့် ဖွဲနုကိုပင်လျှင် ဆီဆမ်းစားက စားလို့ကောင်းသည်ဟု အဆိုရှိသည်။ ထို့ကြောင့် မြန်မာ့စားစရာ ဟင်းလျာများတွင် ဆီကမပါမဖြစ်ဆိုသလိုပါနေပြီး လိုသည်ထက် ပိုစားဖြစ်နေသော ဆီများကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာဆိုးများကို ခံစားနေကြရလျက်ရှိသည်။
စားသုံးဆီနှင့် ကျန်းမာရေး
တကယ်တော့ ဆီသည် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် အာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ကိုယ်ခန္ဓာရှိ ဆဲလ်များ ပုံမှန်လုပ်ငန်းဆောင်တာ လုပ်ဆောင်ရာတွင် အဆီဓာတ်က လိုအပ်သည်။ အဆီတွင်သာ ပျော်ဝင်နိုင်သည့် ဗီတာမင်များဖြစ်သည့် ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင် အီးနှင့် ဗီတာမင်ကေ ဓာတ်တို့ကို အူမှစုပ်ယူနိုင်ရန်အတွက် အဆီဓာတ်က လိုသည်။ ကိုယ်တွင်းရှိ တစ်သျှူးများ၊ ဟိုမုန်းများ တည်ဆောက်ရေးတွင်လည်း အဆီဓာတ်က အုတ်တစ်ချပ်၊ သဲ တစ်ပွင့်အဖြစ် အရေးပါပြန်သည်။ အရေပြားချောမွတ်သန့်စင် လှပဖို့ရာတွင်လည်း အဆီဓာတ်က အခရာဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးအတွက် တစ်နည်းအားဖြင့် ကိုယ်တွင်းဇီဝကမ္မ ဖြစ်စဉ်များ ပုံမှန်လည်ပတ်လုပ်ဆောင်ရေးအတွက် ဆီသည် လိုအပ်သည်။
သို့သော် တန်ဆေး၊ လွန်ဘေးဆိုသကဲ့သို့ လိုသည်ထက် ပိုလာလျှင် ကောင်းကျိုးထက် ဆိုးပြစ်က ပိုလာနိုင်သည်။ ဆီစားသုံးမှု လွန်ကဲလာပါက ပိုလျှံလာသောဆီများကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ ကိုယ်တွင်းကလီစာများတွင် အဆီပိုများ စုပုံလာခြင်း၊ နှလုံးသွေးကြောနှင့် သွေးကြောများတွင် အဆီခဲများ ပိတ်ဆို့ခြင်း၊ ထိုသို့သွေးကြောများ ပိတ်ဆို့ခြင်း ကြောင့် နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါများကိုပါ ဖြစ်ပေါ်စေနိုင်ခြင်း စသည့်များပြားသော ဆိုးရွားသည့် ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည်။ ထိုသို့သော ရောဂါဆိုးများမှာ ချက်ချင်းလက်ငင်း ထဖြစ်တတ် သည် မဟုတ်ဘဲ တဖြည်းဖြည်းချင်းသာ ဖြစ်တတ်သည့်အတွက် ရောဂါအခြေအနေဆိုးပါမှ ရောဂါဖြစ်နေမှန်း သိကြရလေ့ရှိ ပါသည်။ ထို့ကြောင့် ရောဂါမဖြစ်မီကတည်းက တစ်နည်းအားဖြင့် လူငယ်လူရွယ် ကလေးငယ်ဘဝမှာကတည်းက ကျန်းမာရေး အတွက် သင့်လျော်သည့်ဆီကို မလိုစေ မပိုစေဘဲ သုံးစွဲတတ်ရန် လိုသည်။
အခြေခံအချက်နှစ်ရပ်
ဆီစားသုံးမှုနှင့် ဆက်နွှယ်နေသော ကျန်းမာရေးပြဿနာ များကို လေ့လာပါက အခြေခံအချက်နှစ်ချက်ကို တွေ့ရမည် ဖြစ်သည်။ ပထမအချက်မှာ ''ကျန်းမာရေးနှင့် မသင့်လျော်သည့် ဆီများကို စားသုံးမိခြင်း''ဖြစ်ပြီး ဒုတိယအချက်မှာ ''သုံးစွဲသင့် သည်ထက် ပိုမိုစားသုံးမိနေခြင်း'' ဖြစ်သည်။
ဘယ်ဆီကိုစားမလဲ
စားသုံးနိုင်သောဆီများကို ပါဝင်ဖွဲ့စည်းမှု ဓာတုဗေဒ သဘောအရ ပြည့်ဝဆီနှင့် မပြည့်ဝဆီဟု နှစ်မျိုးခွဲခြားနိုင်သည်။ အကြမ်းဖျင်းအားဖြင့် ပြည့်ဝဆီသည် ကျန်းမာရေးအတွက် မကောင်း၊ မပြည့်ဝဆီက ကျန်းမာရေးအတွက်ကောင်းသည် ဟု ဆိုနိုင်သည်။ မပြည့်ဝသော ဆီအမျိုးအစားထဲမှာပင် မိုနို မပြည့်ဝဆီနှင့် ပေါ်လီ မပြည့်ဝဆီဟူ၍ ထပ်ခွဲခြားနိုင်သေးသည်။ တကယ်တမ်းတွင် စားသုံးဆီအမျိုးမျိုးထဲ၌ ပြည့်ဝဆီရော၊ မပြည့်ဝဆီပါရောပြီးပါသည်။ တချို့ဆီများက ပြည့်ဝဆီပိုများများ ပါသည်။ တချို့ကျတော့ မပြည့်ဝဆီပါဝင်မှု အချိုးအဆပိုများ သည်။ ဥပမာအားဖြင့် ပြည့်ဝဆီပါဝင်မှုသည် ဝက်ဆီတွင် ၃၉ ရာခိုင်နှုန်းအထိရှိပြီး မြေပဲဆီတွင် ၁၈ ရာခိုင်နှုန်းသာရှိသည်။ အလားတူကောင်းသည့် အဆီဓာတ်ဖြစ်သော မပြည့်ဝဆီပါဝင်မှု သည် သံလွင်ဆီတွင် ၈၆ ရာခိုင်နှုန်း၊ နေကြာဆီတွင် ၈၉ ရာခိုင်နှုန်း၊ ပြောင်းစေ့ဆီတွင် ၈၇ ရာခိုင်နှုန်း၊ ပဲပုပ်စေ့ဆီနှင့် နှမ်းဆီများတွင် ၈၅ ရာခိုင်နှုန်း အသီးသီးပါဝင်ကြောင်း တွေ့ရ သည်။ (စားသုံးဆီအမျိုးအစား အသီးသီး၏ ပြည့်ဝဆီ၊ မိုနို မပြည့်ဝဆီ၊ ပေါ်လီ မပြည့်ဝဆီပါဝင်မှု အချိုးအဆ နှိုင်းယှဉ်ချက်ကို ပုံတွင် ကြည့်ပါ။)
သတိထားရှောင်ရမည့် ပြောင်းလဲဆီ
စားသုံးဆီများနှင့် ပတ်သက်ပြီး နောက်ထပ်သိထားရမည့် အချက်မှာ မည်သည့်ဆီပင်ဖြစ်ပါစေ၊ ကြော်လှော်သည့်အခါတွင် ပြောင်းလဲဆီ (Trans Fat)အဖြစ်သို့ ရောက်သွားနိုင်ခြင်းဖြစ် သည်။ ပြောင်းလဲဆီသည် ကျန်းမာရေးအတွက် အဆိုးရွားဆုံး၊ ကျန်းမာရေးထိခိုက်မှု အဖြစ်နိုင်ဆုံး ဆီအမျိုးအစားဖြစ်သည်။ ဆီကို ထပ်တလဲလဲကြော်သုံးခြင်းဖြင့် ပြောင်းလဲဆီဖြစ်ပေါ်နိုင်ပြီး ထိုဆီနှင့် ကြော်ထားသည့် အာလူးကြော်၊ အကြော်စုံ၊ ငါးမုန့် ကြော်၊ ကြက်ကြော် စသည်တို့ထဲတွင် ပြောင်းလဲဆီများ ပါဝင်နေ နိုင်သည်။ ထိုအစားအစာများကို စားသုံးပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ကောင်းသော အဆီအမျိုးအစားပင် ဖြစ်စေကာမူ အကြိမ်ကြိမ် အထပ်ထပ် ကြော်လှော်ပါက ပြောင်းလဲဆီအဖြစ် ပြောင်းလဲကာ ကျန်းမာရေး ထိခိုက်စေနိုင်သည်။ ဤနေရာတွင် သိထားသင့်သည့်အချက်မှာ ပြည့်ဝဆီများသည် ကြော်လှော်သည့်အခါ ပြောင်းလဲဆီအဖြစ် ဖြစ်ပေါ်စေနိုင်မှု နည်းပါးသည်။ ထို့ကြောင့် အပင်မှရသည့်ဆီများ ဖြစ်သည့် ပဲပုပ်ဆီ၊ နေကြာဆီ၊ ပြောင်းဆီ၊ မြေပဲဆီ၊ နှမ်းဆီတို့ကို ချက်ပြုတ်စားသုံးရာတွင် သုံးစွဲသင့်ပြီး ကြော်လှော်ရန်အတွက် အုန်းဆီနှင့် စားအုန်းဆီများကို သုံးစွဲနိုင်သည်။
ဆီဘယ်လောက်စားသင့်သလဲ
ဒုတိယအချက်မှာ ဆီဘယ်လောက်များများ စားသင့်သလဲ ဆိုသည့်အချက်ဖြစ်သည်။ ပညာရှင်များ၏ တွက်ချက်မှုများအရ အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်နေ့တာ စားသုံးသင့် သည့် ပမာဏမှာ ၂ဝ ဂရမ် (လက်ဖက်ရည်ဇွန်း လေးဇွန်းစာခန့်)ဖြစ် သည်။ ကလေးများတွင် အဆီလိုအပ်မှု အနည်းငယ်ပိုသည့် အတွက် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းငါးဇွန်းအထိ စားသုံးနိုင် သည်။ အသက် ၉ နှစ်အရွယ်အထက်တွင် လေးဇွန်းခွဲအထိ စားသုံး နိုင်သည်။ အဝလွန်သူများ၊ နှလုံးနှင့် သွေးကြောကျဉ်းရောဂါရှိသူများနှင့် သွေးတွင်းအဆီဓာတ် များနေသူများဖြစ်ပါ က ထိုပမာဏအောက်လျှော့၍ စားသုံးသင့်သည်။ အကြမ်း အားဖြင့် လူတစ်ဦးသည် တစ်နေ့အနည်းဆုံး လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်သော ဆီကိုစားသုံးသင့်သည်။ ထို့ကြောင့်အရွယ် ရောက်ပြီးသူ တစ်ဦးအတွက် တစ်လတာအတွက် ဆီစားသုံးမှု သည် လီတာဝက် ကျော်ကျော် (ဝ ဒသမ ၆ လီတာခန့်) လိုအပ် မည်ဖြစ်သည်။ ထိုပမာဏသည် စုစုပေါင်း ဆီစားသုံးမှုဖြစ်ပြီး မြန်မာတို့၏ ဆီစားသုံးမှုနှင့် ယှဉ်ကြည့်လျှင် သိသိသာသာ များပြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် စားသောက်ဆိုင်များတွင် ရောင်းချသည့် စားစရာများတွင် ဆီအများအပြားပါလေ့ရှိပြီး မြန်မာကြိုက်ဖြစ်သည့် အစားအစာ အများစုဖြစ်သည့် ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ထမင်းကြော်၊ အုန်းနို့ခေါက်ဆွဲ၊ ဒံပေါက်၊ ထောပတ်ထမင်း စသည်တို့တွင်လည်း ဆီပါဝင်မှုများလေ့ရှိသည့်အတွက် ကျန်းမာရေးအတွက် လိုအပ် သည့် ပမာဏထက်များစွာ ကျော်လွန်နေပါသည်။
ကျန်းမာဖို့ရာ ဆီလျှော့စားပါ
ထို့ကြောင့် ကျန်းမာရေးအတွက် စားသုံးဆီသုံးစွဲမှုနှင့် ပတ်သက်ပြီး အောက်ပါအချက်များကို အထူးဂရုပြုလိုက်နာသင့် ပါသည်။
 မိမိအိမ်တွင် ချက်ပြုတ်သုံးစွဲရာတွင် တိရ္ဆာန်ထွက် အဆီများဖြစ်သည့် ဝက်ဆီ၊ အမဲဆီ၊ ကြက်ဘဲ အရေခွံ တို့ကို မစားသုံးသင့်ပါ။
 အကြိမ်ကြိမ်ကြော်လှော်ပါက ပြောင်းလဲဆီများ ဖြစ်လာနိုင်သည့်အတွက် အကြိမ်ကြိမ်ကြော်ထား သည့် ဆီထဲတွင် ကြော်လှော်ထားသည့် အကြော် အမျိုးမျိုးကို အတတ်နိုင်ဆုံး ရှောင်သင့်ပါသည်။
 စားသောက်ဆိုင်များနှင့် အစားအစာထုတ်လုပ် ရောင်းချသူများအနေဖြင့်လည်း ပြန်ကြော်ဆီများ၊ အကြိမ်ကြိမ်ကြော်ထားသော ဆီများသုံးစွဲခြင်းမပြုရန် လိုအပ်ပါသည်။ူ ဆီပါဝင်မှုများသော ကြော်ထားသည့် အစားအစာများ၊ တာရှည်ခံဆီများများပါသည့် အစားအစာများနှင့် ဆီများများဖြင့် ချက်ပြုတ်ထားသည့် အစားအစာများ ကို လျှော့ချစားသုံးသင့်ပါသည်။
 ဆီအမျိုးအစားအနေဖြင့် မြေပဲဆီ၊ နှမ်းဆီ၊ ပြောင်းဖူး ဆီ၊ ပဲပုပ်ဆီများကို ချက်ပြုတ်ရာတွင် သုံးသင့်ပြီး ကြော်လှော်မည်ဆိုပါက ပြောင်းလဲဆီအဖြစ် အသွင်း ပြောင်းမှုနည်းသည့် စားအုန်းဆီကို သုံးနိုင်ပါသည်။
 မည်သည့်ဆီကို သုံးသည်ဖြစ်စေ၊ သုံးစွဲစားသုံးမှု များပြားပါက ရေရှည်တွင် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများ ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်သည့်အတွက်ဆီစားသုံးမှုကို လျှော့ချရန် လိုပါသည်။
ကျန်းမာရေးအတွက် မသင့်လျော်သော ဆီများစားသုံးခြင်း နှင့် ဆီစားသုံးမှု လွန်ကဲခြင်းကြောင့်ဖြစ်ပေါ်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများသည် ကုသရခက်ခဲစေနိုင်သည့်အတွက် ကျန်းမာကြံ့ခိုင်စေရေးအတွက် ဆီစားသုံးမှုကို လျှော့ကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။