အဖေပြောသော စကားတစ်ခွန်း

ဆောင်းပါး
=========
 
 
ညီမင်းတိုက် (ပညာရေး၊ တောင်တွင်း)
 
ကျွန်တော်သည် အခြေခံပညာမူလတန်းလွန်ကျောင်း ညောင်ပင်ကွင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာတစ်ဦး ဖြစ်ပါသည်။ နွေရာသီ ကျောင်းပိတ်ရက် တွင် အိမ်အတွက် လိုအပ်နေသော ထင်း၊ ဝါးများကို အဖေနှင့်ကျွန်တော် ခုတ်ကြရသည်။ ထင်း၊ ဝါးများကိုတော့ အရှေ့ရိုးမပေါ်သို့ တက်ခုတ်ရသည်။ နေပူထဲတွင် ချွေးတရွှဲရွှဲဖြင့် ကျွန်တော်တို့သားအဖနှစ်ယောက် ထင်းခုတ်ကြရသည်။ လှည်းအိမ်အပြည့်တင်ပြီးသွားတဲ့ အခါ ကျွန်တော်က ဆက်၍ခုတ်နေမိသည်။ အဖေသည် လှည်းပေါ်မှ လှမ်းကြည့်ကာ ကျွန်တော့်အားခေါ်လိုက်လေသည်။ “ထင်းကို လိုသလောက်ပဲခုတ်လေ၊ ပိုနေတာတွေ ထားခဲ့ရမှာမဟုတ်ဘူးလား၊ အသုံးမလိုဘဲ ပိုနေတော့ နှမြောစရာကောင်းပါတယ်”ဟု ပြောလေသည်။ “အဖေကလည်း ရေးကြီးခွင်ကျယ်ပြောနေပြန်ပြီ၊ ပိုတော့ ထားခဲ့မှာပေါ့”။
 
“အဖေက ရေးကြီးခွင်ကျယ်လုပ်ပြီးပြောနေတာမဟုတ်ဘူး ငါ့သား၊ အလေးထား ပြောပြနေတာ။ ဘယ်အရာမဆို ကိုယ်လိုသလောက်ပဲ အသုံးပြုခြင်းဟာကောင်းမွန်တဲ့ အလေ့အထကောင်းတစ်ခုပဲဆိုတာ သိစေချင်လို့ပါ။ သားလိုပဲ လိုတာထက်ပိုခုတ်နေကြသူ တွေ တစ်ယောက်ကနေ တစ်ထောင်၊ တစ်ထောင်ကနေ တစ်သောင်း၊ တစ်သောင်းကနေ တစ်သိန်း များသထက်များလာရင် လေလွင့်ပျက်စီးမှုပမာဏဟာ ပြောစရာတစ်ခုဖြစ်လာ ပြီပေါ့။ အပင်တစ်ပင် လေလွင့်မှုကနေ သစ်တောကြီးတစ်ခုလုံး လေလွင့်မှုအဆင့်ထိ သားတွေးရမယ်။ လူတွေက သစ်ပင်၊ တောတောင်ရေမြေတို့ကို တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။ သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့မှသာ တောတွေ၊ တောင်တွေကို သတိရတတ်ကြတယ်။ ကိုယ်ကျိုးစီးပွားဘက်ကိုလိုက်ရင်း အတ္တတွေ၊ လောဘတွေ ကြီးထွားလာကြတယ်။ ကိုယ်ကျိုးစီးပွားကလွဲရင် တခြားဘာကိုမှ မမြင်ကြတော့ဘူး။ တန်ဖိုးထားရကောင်းမှန်းလည်းမသိတော့ဘူး။ ချစ်ရမှန်းလည်းမသိတော့ဘူး။ တကယ် တော့ သစ်ပင်၊ တောတောင်ရေမြေတွေဟာ လူသားမျိုးနွယ်စုအတွက် များစွာ အထောက် အကူပြုပါတယ်။ သူတို့ကို တန်ဖိုးထားရမယ်၊ ချစ်မြတ်နိုးရမယ်၊ ဝိုင်းဝန်းစောင့်ရှောက်ရမယ် ငါ့သား။”
 
အဖေပြောတာမှန်ပါသည်။ သဘာဝတရားကြီးကပေးထားတဲ့ တောတောင်ရေမြေ၊ တွင်းထွက်ပစ္စည်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို လိုတာထက်ပိုသုံးမိရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သဘာဝတရားရဲ့ ဒဏ်ခတ်ခြင်းကို ကျွန်တော်တို့ မျိုးဆက်တွေ ခံကြရမည်။ သမိုင်းရဲ့တရားခံက ကျွန်တော်တို့ဖြစ်သွားလိမ့်မည်။ ဘယ်အရာမဆို ချင့်ချိန်သုံးစွဲမည် ဆိုပါက တစ်ဖက်မှာ ပိုလျှံမှုတွေဖြစ်လာသလို လိုအပ်တဲ့နေရာတွေမှာလည်း အစားထိုးနိုင်ပါ လိမ့်မည်။
 
ယနေ့ကမ္ဘာကြီး ပူနွေးလာမှု၊ အိုဇုန်းလွှာပျက်စီးယိုယွင်းလာမှုများသည် ကျွန်တော်တို့ လူနေမှုဘဝများနှင့် ဆယ်နွှယ်ပတ်သက်နေပါသည်။ “မဖြစ်စလောက်ဆိုတဲ့အရာတွေက ယနေ့ အကြီးကြီးဖြစ်တည်လာကြတယ်”။ အဖေပြောတဲ့ စကားတွေကြောင့် ကျွန်တော် အသိတရားရခဲ့သည်။ အပင်လေးတွေကိုလည်း တန်ဖိုးထားတတ်လာသည်။ စိမ်းလန်း စိုပြည်တဲ့အနာဂတ်ကမ္ဘာကြီးတစ်ခုဖြစ်လာစေဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိသည်။ ကျွန်တော်တို့ကမ္ဘာကြီး ကျန်းမာဖို့၊ စိမ်းလန်းစိုပြည်စေဖို့ ဝိုင်းဝန်းစောင့်ရှောက်ကြရမည်။
 
မျိုးဆက်သစ်ကလေးတွေကိုလည်း သဘာဝတရားကရတဲ့ လက်ဆောင်တွေကို တန်ဖိုးထားတတ်အောင်ပြောပြရမည်။ သဘာဝတရားကပေးတဲ့ ဘယ်အရာမဆို လိုအပ် သည်ထက် ပိုမသုံးမိစေဖို့ အမြဲပြောပြရပါတော့မည်။