ရှေ့နေနှင့် ခရီးသည်

ဆောင်းပါး
==========
 
 
 
ဦးဟန်ညွန့် (ဥပဒေ)
 
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ ရှေ့နေနှင့်ခရီးသည်ပါတဲ့ ”
“ ဘာကိုဆိုလိုပါသလဲဆရာ ”
“စာရေးဆရာကြီး မန်းတင်ရေးတဲ့ ခရီးသည် မောင်ပြုံးချို စာအုပ်အကြောင်း တင်ပြမှာပါ။
ပြီးခဲ့တဲ့အပတ်ကရေးခဲ့တဲ့ ဒုတိယအရွယ်ဆောင်းပါးရဲ့ အဆက်လို့ ဆိုနိုင်ပါတယ်”
“ စိတ်ဝင်စားပါတယ်ဆရာ”
“ ဒါဖြင့် - ဖတ်ကြည့်ကြစို့- ”
 
ခရီးသည် မောင်ပြုံးချို
စာရေးဆရာကြီးမန်းတင် ရေးသားခဲ့သော ခရီးသည် မောင်ပြုံးချိုအမည်ရှိ စာအုပ်အကြောင်း တင်ပြမည်ဖြစ် ပါ၏။ လွန်ခဲ့သော ၁၉၈၉ ခုနှစ် မေလက ဘဝတက္ကသိုလ် စာပေတိုက်က ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါ၏။ ယနေ့ ဆိုလျှင် နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။ ဘယ်အချိန် ဘယ်အခါ ပြန်ဖတ်ဖတ် မရိုးနိုင်ပါ။ စွဲမက်ဖွယ် ဖြစ်ပါ၏။ သွက်လက် ရှင်းလင်းပါ၏။ ခရီးသည်ဟူသည့်အတိုင်း ခရီးသည်တစ်ဦး၏ ဘဝခရီးကို ပြဆိုပါ၏။ ပြန်လည်အစီရင်ခံပါ၏။ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းကိုမူ စာဖတ်သူ၏ ဆန္ဒ အတိုင်းသာ ဖြစ်ပါ၏။ ကျွန်တော်ကတော့ စွဲလမ်းခုံမင် သော စာအုပ်အဖြစ် ခံယူပါ၏။
 
အဖွင့်ကဗျာ
 
စာရေးဆရာကြီးမန်းတင်က ၂၄ - ၁ - ၈၉ ရက်စွဲဖြင့် ခရီးသည် အဖွင့်ကဗျာကို အောက်ပါအတိုင်း ရေးခဲ့ပါ သည်-
 
ခရီးသည်
သွားသော်ရောက်၏
ပေါက်သည့်ခရီး
ချည်းနှီးမဖြစ်
အမြင်သစ်ကို
တွက်စစ်မှတ်သား
သုတပွား၏၊
ပွားသည့်သုတ
မှတ်သားရသော်
လောကအလယ်
ပညာကြွယ်၏၊
ကြွယ်သည့်ပညာ
ပဒေသာကို
သင့်ရာပိုင်ပိုင်
သုံးပြုနိုင်၏။ ။ ဟူ၍ ဖြစ်ပါ၏။
 
မာတိကာ
 
ဆရာကြီးမန်းတင်၏ ခရီးသည် မောင်ပြုံးချိုစာအုပ်တွင် အောက်ပါဆောင်းပါးများ ပါဝင်ပါ၏-
အလံတောင်သို့၊ ရေညိုပျံ့သင်း ညောင်ရွှေအင်း၊ တော နှင့် တောင်စွယ် ရေပြင်ကျယ်၊ တောင်တိုမှ အင်းတိမ်သို့၊ အင်းလေးတိုက်တေးပွဲ၊ မိုးညိုလမ်း၊ ရေကြီးချိန်၊ ခိုခဲ့ဖူး သည့်အရိပ်၊ အပြန်လမ်း၊ ရေစီးသန်သန် အားမာန်နှင့်ဆန်၊ မိခင်ကြီး ခေါင်းချရာ၊ ဒုလ္လဘ(၁)၊ ဒုလ္လဘ(၂)၊ ဒုလ္လဘ(၃)၊ ဒုလ္လဘ(၄)၊ အဘိုးကြီးအို ခါးမကုန်းတို့ ဖြစ်ပါသည်။
ဆရာကြီးရေးခဲ့သော ဆောင်းပါး (၁၆)ပုဒ်အနက် ကျွန်တော် အကြိုက်နှစ်သက်ဆုံး ဆောင်းပါးများကို ကောက်နုတ်ဖော်ပြပါရစေ . . . ။
 
အလံတောင်သို့
 
“ အလံတောင်သို့ ” ဆောင်းပါးတွင် သာယာဝတီနယ်မှ ဆရာစံ၏ တောင်သူလယ်သမားအရေးတော်ပုံအကြောင်း စုဆောင်းတင်ပြချက်များကို ဖတ်ရသည်။ လယ်သမား ခေါင်းဆောင်ကြီး ဆရာစံနှင့် အပေါင်းပါများအား ကြိုးစင် တင်ခဲ့သော သာယာဝတီအကျဉ်းထောင်အကြောင်းနှင့် တောင်သူလယ်သမားအရေးတော်ပုံ၌ ပါဝင်ခဲ့ကြသော လယ်သမားကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေး မေးမြန်း ခဲ့ပုံများကို ဖတ်ရသည်။ ကိုယ်တွေ့ဆောင်းပါးများဟု မှတ်ယူနိုင်ပါ၏။
 
ရေညိုပျံ့သင်း ညောင်ရွှေအင်း
 
“ရေညိုပျံ့သင်း ညောင်ရွှေအင်း” ဆောင်းပါးတွင်ကဗျာ ဆရာမောင်တင်မြိုင် (အင်းလေး)၏ ဖိတ်ခေါ်ချက်အရ သွားရောက်ခဲ့ပုံ၊ ညောင်ရွှေကို ရှမ်းစော်ဘွားကြီး ဆီဆိုင်ဖ ဆိုသူက မြန်မာသက္ကရာဇ် ၇၂၁ ခု (ခရစ်သက္ကရာဇ် ၁၃၅၉) တွင် တည်ခဲ့ပုံ၊ ထိုအရပ်တွင် ရွှေရောင်အဆင်းရှိ သော ညောင်ပင်ကြီးတစ်ပင်ကို တွေ့သောကြောင့် နိမိတ် ကောင်းယူကာ ညောင်ရွှေမြို့ကို တည်ထားခဲ့ပုံများ ဖော်ပြ ရေးသားထားပေသည်။
 
မိုးညိုလမ်း
 
“မိုးညိုလမ်း” ဆောင်းပါးတွင် မောင်ပြုံးချိုနှင့် မိုးညို၊ မိုးညိုနှင့်မောင်ပြုံးချို ခွဲမရအောင် ဆက်စပ်လျက်ရှိလေ သည်ဟု အစချီကာ မောင်ပြုံးချိုသည် နှစ်ပေါင်း ၃၀ ကျော်မျှ ကာလပတ်လုံး တိုင်း/ခရိုင်/ မြို့နယ်များစွာသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရပုံ၊ ထိုထိုသော မြို့/ရွာ ဒေသများအနက် မိုးညိုကို သူသံယောဇဉ်အရှိဆုံးဖြစ် ကြောင်း၊ မိုးညိုသို့ ၁၉၄၆ ခု မတ်လတွင် မြို့ပိုင်တာဝန်ကို ထမ်းဆောင်ရောက်ရှိခဲ့ပုံ၊ တစ်သက်တာ မမေ့နိုင်ပုံစသည် များ ရေးသားထားပါသည်။
 
ရေကြီးချိန်
 
“ရေကြီးချိန်”ဆောင်းပါးတွင် မောင်ပြုံးချိုသည် ကွဲကွာ သွားသော မိတ်ဆွေများနဲ့ ပြန်လည်တွေ့ဆုံသည့်အခါ
‘ဘယ်သူတော့ ရှိသေးလား’
‘ဘယ်သူတော့ ဘာလုပ်နေတုံး’
‘ဘယ်သူ ဘယ်ပြောင်းသွားတုံး’ စသည့်မေးခွန်းများ ကို မေးသူကမေး ၊ ဖြေသူကဖြေကြပုံ ရေမြေအနေအထား ပြောင်းလဲသွားပုံ၊ လူတွေ၏ အခြေအနေ ပြောင်းလဲသွားပုံ၊ ပြောင်းရွှေ့သွားသည့် နေရာတွင် အသက်ရှင်သူ ရှိသလို အချို့လည်း ကွယ်လွန်ကုန်ကြပုံများကို သတိသံဝေဂပွား ကာ ခရီးသည်မောင်ပြုံးချိုက မှတ်တမ်းတင်ထားလေ သည်။ (စာမျက်နှာ − ၁၂၃)
 
ဒုလ္လဘ
 
“ဒုလ္လဘ” ဆောင်းပါးတွင် မောင်ပြုံးချိုအနေနှင့် ရဟန်း တစ်ပါး၏ အတွေ့အကြုံများကို ရေးသားထားလေသည်။ သာသနာ့ရိပ်သာသို့ ပရိက္ခရာရှစ်ပါးကို လွယ်လျက် ရောက်ရှိခဲ့ပုံ၊ ‘သက္ကလ၊ ဝဋ၊ ဒုက္ခ၊ နိဿရဏ၊ နိဗ္ဗာနဿ …’ အစချီ၍ ဆရာတော်ဘုရားက သင်္ကန်းတောင်းကို ပါဠိ ဘာသာဖြင့် ချပေး၍ လိုက်ဆိုရပုံ၊ မြန်မာဘာသာဖြင့် ‘အရှင် မြတ်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ မျက်မှောက်ပြုပါရခြင်း အကျိုးငှာ၊ ဘုရား တပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကို ယူတော်မူ၍ ဘုရားတပည့်တော်ကို အစဉ်သနားခြင်း အကြောင်းပြု၍ ရှင်သာမဏေဖြစ်အောင် ပြုပေးတော်မူပါဘုရား’ ဟု ရွတ်ဆိုကာ သင်္ကန်းအစုံလိပ်ကို ရိုသေစွာ ကိုင်ဆောင် လျက် အလေးအနက် တောင်းပန်လျှောက်ထားရပုံများ ကို ကိုယ်တိုင်တွေ့ကြုံခံစားလျက် ဒုလ္လဘ (၁)၊ (၂)၊ (၃)၊ (၄) တို့တွင် အနုစိတ် ရေးသားထားပါသည်။
 
ဖောင်းတယ် ပိန်တယ်
‘ဖောင်းတယ်၊ ပိန်တယ်’
‘ဖောင်းတယ်၊ ပိန်တယ်’
‘ဖောင်းတယ်၊ ပိန်တယ်’ ဖောင်းခြင်း၊ ပိန်ခြင်းကို သတိကပ် ရှုမှတ်ပြီး စိတ်ကို ချုပ်နှောင်ရပုံ၊ တစ်မိနစ်ပင် ရှိမည်မထင်။ လွတ်ထွက်သွားလေသည်။ အိမ်သို့ရောက် သွားလိုက်၊ မောင်ပြုံးချိုမိသားစု၏ မျက်နှာတွေ တစ်ခုပြီး တစ်ခု ပေါ်လာလိုက်၊ မိမိငယ်ငယ်က နေထိုင်ခဲ့သည့်ဒေသ အသီးသီးသို့ ရောက်သွားလိုက် စသည်ဖြင့် လွတ်သွားသော စိတ်ကို သတိဖြင့် ပြန်ချုပ်ရပုံ၊ နေရာမှန်သို့ရောက်လာပုံ၊ မည်မျှကြာလိုက်သည်မသိပုံ၊ လွတ်သွားပြန်ပုံ၊ မကြာသေး မီက ကွယ်လွန်ခဲ့သော တင့်တယ်၏မျက်နှာပေါ်လာပုံ၊ မကွယ်လွန်မီတစ်နေ့က ဆေးရုံပေါ်တွင် ချွဲသံပါပါဖြင့် စကားပြောသည်ကို ကြားယောင်နေပုံ၊ သတိကိုပြန်ကပ် အောင် ကြိုးစားနေရပုံ၊ သည်အထဲက လွတ်သွားပုံ စသည် ဖြင့် ရေးသားထားသည်မှာ ဒုလ္လဘဝတ်ဖူးသူတိုင်း သိကြ သော်လည်း လက်တွေ့ မှတ်တမ်းမတင်နိုင်ပုံကို သတိပြု ဆင်ခြင်မိပါသည်။ (စာမျက်နှာ -၂၃၂)
 
သိက္ခာချခြင်း
 
ဦးဓမ္မရက္ခိတဘွဲ့ခံ ဦးပဉ္ဇင်းကြီး မောင်ပြုံးချိုသည် ရဟန်းအဖြစ်မှ သိက္ခာချချိန်တွင် သာမဏေအဖြစ်သို့ ကူးပြောင်းရာ၌ ပြည့်စုံရမည့် အင်္ဂါခြောက်ပါးကို ရှင်းလင်း ရေးသားခဲ့သေးသည်။
 
သိက္ခာချလိုသော ရဟန်းသည် -
 
(၁) သူကိုယ်တိုင်က သိက္ခာချလိုသောဆန္ဒ ရှိရမည်။
 
(၂) သိက္ခာချမည့်အကြောင်းကို မိမိနားလည်သလို ပါဠိဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့် ဖြစ်စေ နှုတ်မှ မြွက်ဟရွတ်ဆိုရမည်။
 
(၃) ထိုစကားရပ်များကို ပစ္စုပ္ပန်ကာလဖြင့် ရွတ်ဆို
ရမည်။
 
(၄) သိက္ခာချနေသည့်အကြောင်းကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိစေရမည်။
 
(၅) သိက္ခာချနေသည့် အခြင်းအရာကို ကြားသူမြင်သူ တို့ ချက်ချင်းသိရှိ နားလည်သွားစေရမည်။
 
(၆) သိက္ခာချနေစဉ် ရူးသွပ်ခြင်း၊ စိတ်ပျံ့လွင့်ခြင်းမှ ကင်းလွတ်ရမည်ဟု ဖော်ပြထားချက်ကို ဗဟု သုတလေ့လာလိုက်စားသူများ သတိပြုမှတ်သား သင့်ပါသည်။ ဘာသာရေးနှင့် နီးစပ်သူတိုင်း သတိမကပ်မိသော အချက်များဖြစ်ပါသည်။ ဆရာကြီး မန်းတင်၏ ဘက်စုံထောင့်စုံ ရေးသား သုံးသပ်ပုံ၊ အများနားလည်အောင် ရေးသားနိုင်ပုံ များကို မှတ်သားဖွယ်၊ လေးစားဖွယ် တွေ့ရှိရပေ သည်။
 
အဖိုးကြီးအို ခါးမကုန်း
 
ဆရာကြီး မန်းတင်ရေးခဲ့သော စာစုများအနက် ကျွန်တော်အကြိုက်ဆုံး စာစုဆောင်းပါးမှာ “အဖိုးကြီးအို ခါးမကုန်း” ဆောင်းပါး ဖြစ်လေသည်။ ဘာကြောင့်ကြိုက် သလဲ။ လိုတိုရှင်းရေးပြပြီး ဖတ်ရှုမဝ သဘာဝကျလွန်း၍ ဖြစ်သည်။ ဖတ်ကြည့်ပါဦး- - - - - ။
 
“အတော်ပဲ။ စောစောထလိုသူ မောင်ပြုံးချိုအတွက် နှိုးစက်နာရီထားရန် မလိုတော့ပေ။ မရှေးမနှောင်းပင် ‘ပဲပြုတ်’ ဟူသောအသံက လမ်းထိပ်ဆီမှ ထွက်ပေါ်လာ သည်။ သည်အချိန်မှာပင် ခြံဝင်းအတွင်းမှ ငှက်ကလေး တွေ၏ ‘ စိုစီ . . . စိုစီ’ မြည်သံများကို ကြားနေရလေသည်” ဟု အစချီကာ မောင်ပြုံးချိုသည် အိပ်ရာမှ လူးလဲထလိုက် လေသည်။ ကိုယ်လက်သုတ်သင်ပြီးနောက် ရာသီဥတုနှင့် သင့်လျော်သော အဝတ်အစားများကို လဲလှယ်ပြီး လမ်း လျှောက်တုတ်ကိုကိုင်ကာ လှေကားမှ ဆင်းလာခဲ့လေ သည်ဟု ဖော်ပြရေးသားထားသည်မှာ မျက်စိထဲတွငကွက်ကွက်ကွင်းကွင်း ရှိလှပေသည်။ ထို့နောက် ‘ဘယ် တုန်းက ပြောင်းလာတုံး’ မောင်ပြုံးချိုကို သိသူများက လှမ်း၍ နှုတ်ဆက်မေးမြန်းကြသည်။ ‘နှစ်ရက် သုံးရက်ပဲ ရှိသေးတယ်’ ဟု မောင်ပြုံးချိုက ဆိုသည်။
“အခုဘာလုပ်နေတုံး” ၊ “ပင်စင်ယူပြီလေ”
“မနက်တိုင်းလမ်းလျှောက်သလား” ၊ “ဟုတ်ကဲ့”
“ဒီလိုဆို ကျွန်တော်တို့အဖွဲ့ထဲဝင်ပါ” ၊ “ဘာအဖွဲ့လဲ”
“လမ်းလျှောက်လူငယ်အဖွဲ့” ၊ “ဝင်ကြေးဘယ်လောက် တုံး၊ လစဉ်ကြေးကကော”
 
‘ဝင်ကြေးမရှိ၊ လစဉ်ကြေးမရှိ၊ အလကား’ သူတို့ တစ်တွေ မောင်ပြုံးချို၏အမေးကို ပြိုင်တူဖြေကြသည်။ ‘ဒီလို ဆို ဝင်တယ်ဗျို့’ မောင်ပြုံးချိုက ဟစ်ကြွေးလိုက်လေသည်။ ဝင်ကြေးတွေ၊ လစဉ်ကြေးတွေ သတ်မှတ်ထားလျှင် စဉ်းစားရဦးမည်။ အခုတော့ စဉ်းစားရန် မလိုတော့ပြီ။ အိမ်ရှင်မနှင့် တိုင်ပင်နေဖို့မလို။ ထိုနေ့မှစ၍ မောင်ပြုံးချို သည် ဘဘကြီးတို့၏ လမ်းလျှောက်လူငယ်အဖွဲ့ဝင်တစ်ဦး ဖြစ်သွားလေသည်ဟု ရေးသားခဲ့ပါသည်။ (စာ−၂၈၈)
ကွက်ကွက်ကွင်းကွင်းရှိလှသော စာအရေးအသား
ဖြစ်ပါပေသည်။
 
လမ်းလျှောက်အဖော်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့သည် ထုံးစံအတိုင်း နှုတ်ဆက်ကြပြီး ထွေရာလေးပါး စကားပြောရင်း ခေါက်တုံ့ ခေါက်ပြန် လျှောက်နေကြလေသည်။ နောက်တစ်နေ့ နံနက်တွင် သူတို့တစ်တွေ သည်လိုပင် သည်နေရာတွင် ဆုံကြဦးမည်။ သည်လမ်းမပေါ်တွင် သည်လိုပဲ စုပေါင်း လမ်းလျှောက်ကြဦးမည်။
 
အဘိုးကြီးအို ခါးမကုန်း
မနက်ခင်းတိုင်း လမ်းလျှောက်တုန်း
နောက်နှစ်ခါ တန်ဆောင်မုန်း
ဆက်လက်လျှောက်ပါဦး (အုံး)ဟု နိဂုံးချုပ်ထားသည်မှာ စွဲမက်စရာပါ။
 
နိဂုံး
 
“ ပေါက်သည့်ခရီး ချည်းနှီးမဖြစ်၊ အမြင်သစ်ကိုတွက်ဆ မှတ်သား၊ သုတပွား၏” ဟု ဆရာကြီးမန်းတင်က ရေးသား ခဲ့ပါပြီ။ ဆရာကြီးရေးခဲ့သော သုတအဖြာဖြာ၊ သုတပဒေသာ ကို သင့်ရာပိုင်ပိုင် အသုံးပြုနိုင်ကြပါကြောင်း လေးစားစွာ ဖြင့် ထပ်လောင်းတင်ပြ အစီရင်ခံပါရစေ . . . ။