၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၂၁) ပြည်သူ့လွှတ်တော်နှင့် လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ခြင်း

ဆောင်းပါး
=====
 
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၂၁)
ပြည်သူ့လွှတ်တော်နှင့် လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ခြင်း
================================================================
 
မြန်မာနိုင်ငံတွင် ပြည်ထောင်စုအဆင့်၌ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဟူ၍ ရှိသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် တွင် တိုင်းဒေသကြီး လွှတ်တော်တစ်ရပ်စီ သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်စီ ရှိသည်။ ယင်းလွှတ်တော် များကို မည်သို့ ဖွဲ့စည်းထားသနည်း။ ယင်းလွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များကို မည်သို့သတ်မှတ် သနည်း။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆိုင်ရာလွှတ်တော် ဥပဒေများမှ ကောက်နုတ်ပြီး လွှတ်တော်တစ်ရပ်ချင်းစီ အလိုက် အနှစ်ချုပ်မျှဝေပါရစေ။
 
ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းခြင်း
ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း၍ ပြည်ထောင်စု လွှတ်တော်ဟု ဖွဲ့စည်းသည်။ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအဖြစ်နှင့် သီးခြားရွေးကောက်တင်မြှောက်ပေးခြင်း မရှိပါ။ [ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၄ ]
 
ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း
ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရေအများဆုံး ၄၄၀ ဦးဖြင့် ဖွဲ့စည်းသည်။ ယင်းသို့ ဖွဲ့စည်းရာတွင် ပထမအချက်အနေဖြင့် မြို့နယ်ကိုအခြေခံ ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း၊ မြို့နယ် ၃၃၀ ထက်ပိုမိုလာပါက အသစ်ဖွဲ့စည်းသည့် မြို့နယ်ကို တစ်ဆက်တစ်စပ်တည်းဖြစ်သော မြို့နယ်တစ်ခုခုနှင့်ပူးပေါင်း၍လည်းကောင်း မဲဆန္ဒနယ်သတ် မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပို သော လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည်။ ဒုတိယအချက်အနေဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမည် စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော် သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည်။ [ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ ]
 
မဲဆန္ဒနယ်သတ်မှတ်ခြင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်နိုင်ရန် မဲဆန္ဒနယ်များသတ်မှတ်ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသတ်မှတ် သည်။ ထိုသို့သတ်မှတ်ရာ၌ အောက်ပါအချက်များကို လိုက်နာ၍ ဆောင်ရွက်သည်-
ပထမအချက်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များနှင့် ပြည်ထောင်စုနယ်မြေများ အပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ထက်ပို၍ သတ်မှတ်ခြင်း မပြုပါ။
ဒုတိယအချက်မှာ မဲဆန္ဒနယ်အရေအတွက် ၃၃၀ ထက် ကျော်လွန်ခြင်းမရှိသေးပါက တစ်မြို့နယ်လျှင် အနည်းဆုံးမဲဆန္ဒနယ် တစ်နယ်သတ်မှတ်သည်။ မဲဆန္ဒ နယ် အရေအတွက်သည် ၃၃၀ မပြည့်မီပါက လိုအပ်နေ သော မဲဆန္ဒနယ်အရေအတွက်ကို ပြည်ထောင်စုတစ်ဝန်း လုံးရှိ မြို့နယ်များ၏လူဦးရေ အများအနည်းအလိုက် တန်းစီဇယားပြုစုသည်။ လူဦးရေအများဆုံးမြို့နယ်မှ စပြီး တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်စီကို လိုအပ် နေသော မဲဆန္ဒနယ်အရေအတွက်ပြည့်သည်အထိ ထပ်ဆောင်းသတ်မှတ်ပေးသည်။
တတိယအချက်မှာ မြို့နယ်အသစ်များဖွဲ့စည်းခြင်း ကြောင့် စုစုပေါင်းမြို့နယ်အရေအတွက်သည် ၃၃၀ ထက် ကျော်လွန်ပါက မြို့နယ်အသစ်ဖွဲ့စည်းခြင်းအပေါ် မူတည် ၍ သတ်မှတ်သည်။ ဥပမာ မြို့နယ်တစ်ခုအား နှစ်ပိုင်း ခွဲခြား၍ မြို့နယ်အသစ်ဖွဲ့စည်းခြင်းဖြစ်လျှင် ယင်းမြို့နယ် အသစ်ကို မူလမြို့နယ်၏ မဲဆန္ဒနယ်အဖြစ် ပူးပေါင်း သတ်မှတ်သည်။ အကယ်၍တစ်ခုထက်ပိုသော မြို့နယ် များမှ နယ်မြေများကိုထုတ်နုတ်၍ မြို့နယ်အသစ်ဖွဲ့စည်း ခြင်းဖြစ်လျှင် ယင်းမြို့နယ်များအနက် တစ်ဆက်တစ်စပ် တည်းရှိပြီး လူဦးရေအနည်းဆုံးရှိသည့် မြို့နယ်နှင့် ပူးပေါင်း၍ မဲဆန္ဒနယ်တစ်ခုအဖြစ် သတ်မှတ်သည်။
ယခုအချိန်အခါတွင် မြန်မာနိုင်ငံ၌ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက် ၃၃၀ ဦးဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်မြို့နယ်ကို မဲဆန္ဒနယ် တစ်နယ်အဖြစ် သတ်မှတ်ခြင်းဖြင့် ရွေးကောက်တင် မြှောက်သည်။
 
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများ
နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်သူ များ၊ ရွေးကောက်တင်မြှောက်ခံနိုင်ရေးအတွက် အမည် စာရင်းတင်သွင်းသည့်အချိန်တွင် အသက် ၂၅ နှစ်ပြည့် ပြီးသူများ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည့်အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်သူများ (နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကို နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလအဖြစ် ထည့်သွင်းရေတွက်သည်)၊ မဲစာရင်းတွင်ပါဝင်သူများဖြစ် လျှင် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် ရှိသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူတစ်ဦးသည် တစ်သီး ပုဂ္ဂလအဖြစ်ဖြစ်စေ၊ နိုင်ငံရေးပါတီတစ်ခုခုကိုကိုယ်စားပြု၍ဖြစ်စေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပခြင်း
လွှတ်တော်ရွေးကောက်ပွဲများကို ဖြစ်နိုင်သရွေ့ တစ်နေ့တည်းတွင် တစ်ပြိုင်နက် ကျင်းပရမည်ဟု ဥပဒေ က ပြဋ္ဌာန်းထားသဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲများကို အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများ နှင့်အတူ တစ်နေ့တည်းတွင် တစ်ပြိုင်နက်တည်း ကျင်းပ ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမ အကြိမ် လွှတ်တော်အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ် လွှတ်တော်အထွေထွေရွေးကောက်ပွဲ များကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် လည်း ကောင်း ကျင်းပခဲ့သည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစု ပေါင်း ၃၃၀ သတ်မှတ်ခဲ့သော်လည်း မဲဆန္ဒနယ် ငါးနယ် တွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင် ခြင်း မရှိခဲ့ပါ။ မဲဆန္ဒနယ် ၃၂၅ နယ်အတွက်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင်ပါတီ ၃၇ ခုမှ ပါတီကိုယ်စားပြု ၂၉၈၇ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၂ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ ပါတီ ၂၂ ခုမှ လွှတ်တော်ကိုယ်စားလှယ် ၁၁၄၈ ဦးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့ ရွေးကောက်တင် မြှောက်ခံရသည်။ အမျိုးသမီးကိုယ်စားလှယ် ၄၅ ဦး ပါဝင်ရွေးကောက်ခံရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစု ပေါင်း ၃၃၀ သတ်မှတ်ခဲ့သော်လည်း မဲဆန္ဒနယ် ခုနစ်နယ် တွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင် ခြင်းမရှိခဲ့ပါ။ မဲဆန္ဒနယ် ၃၂၃ ခုအတွက်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ခုမှ ပါတီကိုယ်စားပြု ၅၇၂၈ ဦးနှင့် တစ်သီးပုဂ္ဂလ ၃၁၀ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပါတီ ၂၂ ခုမှ လွှတ်တော်ကိုယ်စားလှယ် ၁၁၄၅ ဦး နှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ငါးဦးတို့ ရွေးကောက်တင် မြှောက်ခံရသည်။ အမျိုးသမီး ကိုယ်စားလှယ် ၁၅၁ ဦး ပါဝင်ရွေးကောက်ခံရသည်။
 
နည်းလမ်းနှစ်သွယ်
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ကို သတ်မှတ်ရာ တွင် မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း သတ်မှတ်ခြင်း နည်းလမ်း နှစ်သွယ်ရှိသည်။ သို့ရာတွင် မြို့နယ်စုစုပေါင်း ၃၃၀ ရှိသည့်အတွက် တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ် သတ်မှတ်ခြင်းဖြင့် ပြည့်စုံသွားသည်။ လူဦးရေကို အခြေခံရန် လိုအပ်မည်မဟုတ်ပါ။ အကယ်၍ မြို့နယ် အရေအတွက် ၃၃၀ ထက်လျော့နည်းသွားလျှင် သို့မဟုတ် ၃၃၀ ထက် ပိုမိုလာလျှင် ထိုအခါမျိုးတွင် လူဦးရေ အများ အနည်းကိုအခြေခံရန် လိုအပ်လာမည်ဖြစ်သည်။
မြို့နယ်ကိုအခြေခံ၍ မဲဆန္ဒနယ်သတ်မှတ်ထားခြင်း ဖြစ်သဖြင့် မဲဆန္ဒနယ်တစ်နယ်နှင့် တစ်နယ် လူဦးရေ ကွာခြားမှုရှိသည်။ လူဦးရေကွာခြားလျှင် မဲဆန္ဒရှင်လည်း ကွာခြားသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အများဆုံးဖြစ်သော ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်သည် လှိုင်သာယာမြို့နယ်ဖြစ်ပြီး မဲဆန္ဒရှင်စုစုပေါင်း လေးသိန်းခွဲကျော်ရှိသည်။ မဲဆန္ဒရှင် အနည်းဆုံးဖြစ်သော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်ဖြစ်ပြီး မဲဆန္ဒ ရှင် စုစုပေါင်း နှစ်ထောင်နီးပါး ရှိသည်။
ယခုအခါ ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်၍ ဗိုလ်တထောင်မြို့နယ်နှင့် လမ်းမတော်မြို့နယ်များတွင် ထည့်သွင်းခဲ့သည်။ မဲဆန္ဒရှင်အရေအတွက်များသော လှိုင်သာယာမြို့နယ်ကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ မြို့နယ်နှစ်မြို့နယ်ခွဲ၍ သတ်မှတ်ခဲ့သည်။
 
အသင့်ပြင်ဆင်ပါဝင်ယှဉ်ပြိုင်နိုင်ကြပါစေ
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် သတ်မှတ်ထား သော အရည်အချင်းနှင့် ပြည့်စုံကြရပါမည်။ အထူးသဖြင့် မဲစာရင်းတွင်ပါဝင်သူဖြစ်ရမည်။ မဲစာရင်းတွင်ပါဝင်သူဟု ဆိုရာတွင် မိမိရွေးကောက်တင်မြှောက်ခံမည့် မဲဆန္ဒနယ် ၏ မဲစာရင်းတွင်ပါဝင်ရန်မလိုပါ။ မဲဆန္ဒနယ် တစ်ခုခု၏မဲစာရင်း တွင် ပါဝင်နေဖို့လိုသည်။ ဤသည်မှာအရေးကြီးသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးက နီး၍ နီး၍ လာချေပြီ။ ယခင်အစဉ်အလာများအရ ပုံမှန်အား ဖြင့် နိုဝင်ဘာလထဲတွင် ကျင်းပသွားဖွယ်ရှိပါသည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ များသည် မိမိတို့၏ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ်လောင်းများအား မည်သည့်မဲဆန္ဒနယ်တွင် ပါဝင် ယှဉ်ပြိုင်ကြမည်ဆိုသည်ကို ကြိုတင်ရွေးချယ်မှုတွေ ပြုကြရပါမည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများကို ကြိုတင်လေ့လာဖတ်ရှုထားကြရ ပါမည်။ သို့မှသာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲကျင်းပမည့်ရက်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်း တင်သွင်းရမည့် နေ့ရက် နှင့် မဲဆွယ်စည်းရုံးရေးကာလများကို ထုတ်ပြန်ကြေညာ သည့်အခါ မိမိတို့အနေဖြင့် အဆင်သင့်ရှိနေကြမည် ဖြစ် ကြောင်းပါဗျာ။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတမှုရှိပါစေ၊
လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကြိုတင် စီမံဆောင်ရွက်နိုင်ကြပါစေ၊
အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း များ ပါဝင်ယှဉ်ပြိုင်မှု ပိုမိုများပြားလာပါစေ။ ။
 
မောင်စာဂ