ကိုဗစ်ကာလနှင့် အိမ်ရှင်မ

ဆောင်းပါး
======
 
ကိုဗစ်ကာလနှင့် အိမ်ရှင်မ
================
 
 
မြန်မာနိုင်ငံကို ကိုဗစ်ရောက်တာ ၂၃-၃-၂၀၂၀ ရက်နေ့၊ ဟုမ်းစတေးနေရတဲ့ ပထမပိုင်းကာလက ၁၅ -၅- ၂၀၂၀ ရက်နေ့အထိ၊ ဒုတိယပိုင်းသက်တမ်းတိုးလိုက်တော့ ၃၁ - ၅- ၂၀၂၀ ရက်နေ့အထိ ဖြစ်သွားတယ်။ အိမ်ထဲမှာနေ ရတဲ့ကာလကို လက်တွေချိုး ရေတွက်ကြည့်တဲ့အခါ နှစ်လနဲ့ ၁၀ ရက်။ မိသားစုတွေအားလုံး အိမ်ထဲမှာနေနေ ကြရတယ်။ အိမ်ထောင်ဦးစီး၊ အိမ်ရှင်မ၊ အဘိုး၊ အဘွား၊ ဦးကြီး၊ ဒေါ်ကြီး၊ လူပျိုလူလွတ်၊ အပျိုကြီး၊ သားသမီး၊ မြေးမြစ်တွေ တစုတဝေးတည်း ရှိနေကြတယ်။
အိမ်တိုင်းအိမ်တိုင်းမှာ “အိမ်ရှင်မ” ရှိတယ်။ “အိမ်ရှင်မ” ဆိုတဲ့အထဲမှာ အစိုးရဝန်ထမ်း၊ ကုမ္ပဏီ ဝန်ထမ်း၊ ကိုယ်ပိုင်လုပ်ငန်းရှင်၊ စားသောက်ဆိုင်ပိုင်ရှင်၊ ဆရာဝန်၊ ဆရာမ၊ အထူးကု၊ သူနာပြု၊ အတတ်ပညာရှင်၊ အသိပညာရှင်၊ သရုပ်ဆောင်၊ အဆိုတော်၊ မင်းသမီး၊ စာရေးဆရာ စသဖြင့် နေရာဌာနအသီးသီးမှာ ရာထူးကြီး၊ ငယ်၊ ရွယ်၊ လတ် ပါရှိနေကြတယ်။ ရပ်ကွက်ဈေးထဲမှာ ဈေးရောင်းသူ၊ ရာသီစာမုန့်မျိုးစုံ လှည့်လည်ရောင်းချသူ မှသည် အမှိုက်တွန်းလှည်းတွန်း၍ အသက်မွေးသူ အိမ်ရှင်မအထိ အကျုံးဝင်တယ်။
“အိမ်ရှင်မ” ဆိုတာ
“အိမ်ရှင်မ” ဆိုတော့ အိမ်ထောင်ရှင်မဟုတ်တဲ့ အပျိုကြီး၊ အပျိုလေးတွေက ပြောကြမယ်။ သူတို့တွေက လည်း ဒီကာလမှမဟုတ်ဘူး။ မိအိုဖအိုတွေရဲ့ စားရေး၊ နေရေး၊ ကျန်းမာရေး အစစတာဝန်ယူပေးနေကြရတယ်၊ ကျွေးမွေးပြုစုပေးနေကြရတယ်ဆိုတော့ ဒါလည်း ဟုတ်တာပါပဲ။ “အိမ်ရှင်မ” ဆိုတာ အိမ်ထောင်ရှင် အမျိုး သမီးမှ မဟုတ်ဘူး။ အိမ်တစ်အိမ်ရဲ့ အရေးအရာမှန်သမျှ စီစဉ်ဆောင်ရွက်နေသူ အမျိုးသမီးထုအားလုံးကို ကိုယ်စားပြုနေတယ်လို့ပဲ သတ်မှတ်ရမယ်ထင်ပါတယ်။
“အိမ်ရှင်မ” ဆိုတဲ့အနက်အဓိပ္ပာယ်က အိမ်ထောင့် တာဝန်တွေကို စီမံခန့်ခွဲသူ၊ ခင်ပွန်းနဲ့ သားသမီးတွေရဲ့ အရေးအရာကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးရသူ၊ သာယာပြည့်စုံတဲ့ မိသားစုဘဝဖြစ်ဖို့ ပဲ့ကိုင်ထိန်းကျောင်း ပေးရတဲ့ ပဲ့ကိုင်ရှင်၊ မယားဝတ္တရားငါးပါး ကျေပွန်သူရယ် လို့ အဓိပ္ပာယ်ဖွင့်ကြပါတယ်။ စကားလုံးလှလှသုံးရရင် “အိမ်ရဲ့ အရှင်သခင်မပေါ့”။
“အိမ်ရှင်မ” ဆိုတဲ့စကားလုံးက သုံးလုံးမျှသာ ရှိပေမယ့် တကယ့်လက်တွေ့ဘဝကတော့ တာဝန်ကြီးမား လှပါတယ်။ တစ်နေ့ကို ၂၄ နာရီ၊ မိနစ်ပေါင်း ၁၄၄၀၊ စက္ကန့်ပေါင်း ၈၆၄၀၀ ရှိတဲ့အနက်က အိပ်ချိန် ခုနစ်နာရီကို နုတ်ရင် အိမ်ရှင်မတစ်ယောက်ရဲ့တစ်နေ့တာ အလုပ်ချိန် က ၁၇ နာရီ။ မိနစ်ပေါင်း ၁၀၀၀ ကျော်၊ စက္ကန့်ပေါင်း ၆၀၀၀၀ ကျော်ဖြစ်ပါတယ်။ စက်ရုပ်တစ်ရုပ်တောင် သူ့လောက်မနေမနား မလုပ်ရလောက်ပါဘူး။
အိမ်ရှင်မတွေရဲ့ ဘဝ
မနက်အိပ်ရာထတာနဲ့ ချက်ပြုတ်ကြော်လှော်၊ ဆွမ်းတော်တင်၊ ရေချမ်းကပ်၊ ပန်းကပ်၊ ဖွပ်လျှော်မီးပူ တိုက်၊ ကြမ်းတိုက်၊ တံမြက်လှည်း၊ တစ်ခါတလေ နေဝင် သွားမှာ မသိလောက်အောင် မီးဖိုချောင်ထဲက မထွက်ရ တဲ့ အိမ်ရှင်မတွေရဲ့ ဘဝပါပဲ။ အခုလို ကိုဗစ်ကာလမှာ ပိုဆိုးပါတယ်။ လူစုံတက်စုံ၊ တစ်အိမ်သားလုံးရဲ့ ရသာရုံကို ဖြည့်ဆည်းဖို့ တစ်မျိုးပြီးတစ်မျိုးမရိုးရအောင် ချက်ပြုတ်ရတယ်။ မီးဖိုကပူ၊ ဆီငွေ့ဟင်းငွေ့တွေကိုရှူ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးညှော်တွေနဲ့ နဖူးကချွေး ကျောကြား၊ ရင်ကြားမှသည် ခြေဖနောင့်အထိ စီးကျလို့ လုပ်ကြရပါတယ်။
တစ်နေ့ကို ထမင်းသုံးနပ်စားကြတယ်။ နေ့စဉ် “နေ့ဖို့ညစာ”သာမက နောက်တစ်နေ့စာအတွက်ပါ စီစဉ်၊ ဇယားချ၊ ကြိုတင်ပြင်ဆင်ထားရတယ်။ တစ်ခါတစ်ရံ အိမ်ထောင်ဦးစီးတွေက ပြောပါသတဲ့။ “ဟိုနေ့ကမှ အများကြီးဝယ်ထားတယ်၊ ဒီနေ့လည်း ဈေးသွားပြန်ပြီ၊ ဝယ်ရပြန်ပြီလား” ဆိုတော့ အိမ်ရှင်မကပြန်ပြောပါတယ်။ “ဟိုနေ့က ဝယ်တာ ဟိုနေ့က စားကြတယ်လေ၊ မနေ့က ဝယ်တာ မနေ့က ချက်တယ်။ ဒီနေ့ဝယ်တာ ဒီနေ့ စားဖို့နဲ့ မနက်ဖြန်ဖို့ပါ။ ဒီနေ့ မဝယ်စေချင်ရင် ဒီနေ့မစားကြနဲ့လေ။ နေ့တိုင်းစားနေကြတာ ဘယ်သူတွေလဲ၊ အဲဒီပါးစပ် တစ်ပေါက်၊ ဝမ်းတစ်ထွာတွေသာ တစ်နေ့စာနဲ့ ပြီးရိုးဆိုရင် ဈေးလည်းသွားစရာမလို၊ ဟင်းလည်းချက်စရာမလို၊ လူလည်း သက်သာသလို ငွေလည်း ကုန်စရာမလို”။
အိမ်ရှင်မတွေအဖို့ အာရုံကများ
ဒါပေမဲ့ အသက်ရှင်နေသမျှ စားနေကြရမှာက လူ့ဘဝပါပဲ။ ဒီတော့ အစားသံသရာက လည်နေကြမယ်လို့ ပြောတော့ ထောက်ခံပါတယ်။ တစ်နေ့တစ်နေ့ မိသားစုတွေ လျှာရင်းလေးမြက်စေဖို့ ဘာဟင်းလေးချက်ရပါ့။ ဦးနှောက် တွေဆူ၊ ခေါင်းတွေပူ၊ ဟိုတစ်ယောက်က ဒီအသားမစားဘူး၊ ဒီတစ်ယောက်က ဒီဟင်းမစားဘူး၊ တစ်အိမ်လုံးအကြိုက် ချိုချဉ်၊ ငန်စပ်၊ ဖွယ်ဖွယ်ရာရာချက်ပြုတ်ဖို့ သုံးလိုက်ရတဲ့ ဦးနှောက်၊ အိမ်ရှင်မတွေအဖို့ အာရုံကများ လှတယ်။
ဒီမနက် ခေါက်ဆွဲကြော်မယ်၊ နောက်မနက် ကြာဆံ ကြော်မယ်၊ ထမင်းကြော်မယ်၊ တစ်ခါတစ်ရံ ပဲပြုတ်ဆီဆမ်း၊ ကြက်ဥကြော်၊ ငါးပိကြော်၊ လက်ဖက်သုပ်၊ ငါးခြောက်ဖုတ်၊ နောက်တစ်နေ့မှာ ဘူးသီးကြော်၊ ဗယာကြော်၊ ကြက်သွန် ကြော်၊ မတ်ပဲကြော် (တစ်ခုခုကိုကြော်) မန်ကျည်းချဉ်ရည် လေးလည်းဖျော်၊ စံပြဒေါ်ကြည်၊ ခင်ထွေးရီ၊ ရခိုင်မုန့်တီ အသင့်ချက်ဟင်းထုပ်လေးတွေကို အလှည့်ကျချက်မယ်။ လပ်ကီးတံဆိပ်၊ စိန်တံဆိပ် ကြက်ဥခေါက်ဆွဲတွေများများဆောင်ထားလို့ သုပ်လိုသုပ်၊ ကြော်လိုကြော် လိုရာဖန်တီး။ ယိုးဒယားမယ်၊ ရွှေလိပ်ပြာ၊ မွှေးအကြော်မှုန့်တွေကိုလည်း မပြတ်စေမှ။ ပဲနီလေး၊ ပဲဝါလေး၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ပဲရာဇာ၊ ပဲကတ္တီပါ ပဲမျိုးစုံကိုလည်း လှောင်ထား။ နေ့တိုင်း ပဲအမျိုးမျိုးချက်စားမှ ကိုယ်ခံအားကောင်းမယ်။ ကိုဗစ်ကာလမှာ အာဟာရပြည့်ဝမှ ရောဂါမကူးစက်မှာ။ ရောဂါပိုးမတွေ့ရတော့ဘူးဆိုပေမယ့် ဘယ်ကာလအထိ သတိနဲ့ နေနေကြရမယ်ဆိုတာ မသိနိုင်ဘူး။ ဒီတော့ ကိုယ့်အိမ်သားတွေ ဝမ်းဝရုံမက အာဟာရပြည့်ဝဖို့ပါ ကြိုးစားစီမံပေးရတယ်။
ဆေးကျောင်းသူ လုပ်ရပြန်
ဟင်းချက်ပြီး၊ ထမင်းစားပြီး ပုံနေတဲ့ ပန်းကန်ခွက် တွေကို ဆေးကြော၊ ဆေးကျောင်းသူလုပ်ရပြန်တယ်။ တချို့သားသမီးတွေက ငယ်ငယ်ကတည်းက အကျင့်လုပ် ပေးထားတော့ ကိုယ်စားတဲ့ပန်းကန် ကိုယ်ဆေးကြော ကြတယ်။ တချို့သားသမီးကတော့ စားချိန်ရောက်မှ အခန်း ထဲကထွက်လာပြီး ဧည့်သည်လိုပဲ စားတယ်။ ထမင်းစား ရင်း ဖုန်းအကြည့်မပျက်၊ ဂိမ်းအဆော့မပျက်၊ ရုပ်ရှင်အကြည့် မပျက်၊ မျက်လုံးက ဖုန်းကမခွာ၊ ပါးစပ်က ထမင်းစားတယ်၊ ပြီးတာနဲ့ အခန်းထဲပြန်ဝင်၊ ဖုန်းတစ်လုံး၊ လက်ပ်တော့ တစ်လုံးနဲ့ ဇိမ်ကျနေကြတယ်။ တကယ့်ကို အိပ်လိုက် စားလိုက် ဂရိတ်ဖိုက်၊ တီဗွီကြည့်လိုက်၊ ဖုန်းကြည့်လိုက်နဲ့ အမေ့ကို ကူညီကြပါဦးဆိုလည်း တုတ်တုတ်မျှမလှုပ်ကြတဲ့ သားသမီးတွေလည်းရှိကြတယ်။ တစ်ခါတလေ သူတို့လေး တွေ မှတ်လောက်သားလောက်အောင် ဘာမှချက်မထားဘဲ နေကြည့်ရမလား။ ဘယ်သူမှ ကိုယ့်ဝမ်းကိုယ်တော့ အငတ် မခံဘူး၊ ဆာလောင်လာရင် သူတို့ဟာသူတို့ ထလုပ်မလားလို့ မတွေးပါနဲ့ ။ အချိန်တန်ရင် ကိုယ်ပဲနားပူမယ်။ မွေးကတည်း က ကျောင်းနဲ့အိမ်၊ အိမ်နဲ့ ကျူရှင်၊ ကျူရှင်နဲ့ ဝိုင်း၊ ထမင်းစား ပွဲရှေ့ရောက်၊ ရေကန်အသင့်၊ ကြာအသင့်၊ အပူအပင် ကင်းအောင်ထားခဲ့၊ အကျင့်လုပ်ခဲ့ကြတာ ဘယ်သူတွေလဲ၊ အခုမှထပြီး “ကူညီပါဦး” ပြောလို့ မလုပ်တဲ့ သူတို့အပြစ် လား၊ ကိုယ်က မွေးထားတာဆိုတော့ ကိုယ့်တာဝန်ချည်းပါပဲ၊ လုပ်နိုင်သမျှ လုပ်ပေဦးတော့။
ကဲ အိမ်ရှင်မရေ နေ့လယ်စာစီစဉ်ကြမယ်။ ကြက်သား နဲ့ အာလူး၊ ဘူးသီးရောမလား၊ ဝက်သားနီချက်၊ ကင်ပွန်း ချဉ်ရည်ဟင်း ချက်မလား၊ ဆိတ်သားနှပ်၊ ခရမ်းချဉ်သီး ငါးပိချက်နဲ့ တို့စရာ၊ ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်ကြော်၊ မျှစ်နဲ့ စားတော်ပဲကြော်၊ ဂေါ်ဖီလေးလည်းကြော်၊ စိန်တစ်လုံးသရက် သီးလေးလှီး။ တစ်ခါတလေ ဘာချက်ရမှန်း မသိတော့ရင် ပင်တိုင်မင်းသား ကြက်ဥကိုပဲ ရွေးချယ်၊ ကြက်ဥချဉ်ရည်၊ ကြက်ဥပေါင်း၊ ကြက်ဥမွှေကြော်၊ ကြက်ဥကိုခေါက်ပြီး ကြက်သွန်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ငရုတ်သီးစိမ်းပါးပါး လှီး ကြက်ဥနဲ့ရောကြော် ကြက်သွန်မိတ်၊ နံနံပင်ပါ ထည့်အုပ်လိုက်။ ချဉ်ပေါင်ဟင်းလေး တစ်ခွက်၊ ငါးပိ ထောင်းလေးတစ်ခွက်နဲ့ အပြောင်းအလဲလုပ်ရတယ်၊ နေ့လယ်စာဟင်းကို ညစာမှာ ကျွေးရင် “ ဟင် ဒါပဲလား” လို့ မေးတတ်ကြတော့ ညစာအတွက် ဘာလေးထပ်ဖြည့်ရ မလဲ၊ အသီးအရွက်သုပ်လေး ထပ်ဖြည့်မယ်စဉ်းစား။
ချွေးနဲ့ သာမက သွေးနဲ့ရင်းပြီးလုပ်ရ
မီးဖိုလေးခမျာ တစ်နေ့လုံး မနားရရှာ၊ မီးဖိုနှစ်ဖိုမှာ ဟိုဘက်အိုးကိုဆီသတ်၊ ဒီဘက်အိုးကိုမွှေ၊ ကြက်သွန်ဖြူကို ထောင်း၊ ငရုတ်သီးကိုကြိတ်ခြေ၊ အသားကိုနယ်၊ အသီးကို လှီး၊ ဟိုအိုးထဲပစ်ထည့်၊ ဒီအိုးထဲပစ်ထည့်၊ လက်ချောင်း ဆယ်ချောင်း၊ နှစ်ဖက်သောလက်၊ ပဉ္စလက်အတတ်နဲ့ တစ်ယောက်တည်းမှ တစ်ယောက်တည်း တစ်နာရီအတွင်း မှာ ဟင်းခွက်လေးခွက်၊ ငါးခွက်ကို တစ်ပြိုင်နက်ချက်နိုင် တာ အိမ်ရှင်မပါပဲ။ လက်မောင်းလေ့ကျင့်ခန်းတွေ ထူးပြီး လုပ်စရာမလိုပါဘူး။ တစ်ခါတလေ လက်ကို ဓားရှဓားထိ၊ သွေးတွေထွက်လာရင် ဘေစင်မှာ ရေနဲ့ဆေးချ၊ အရက်ပြန် လေး၊ ဘီတာဒင်းလေးသုတ်၊ ဟန်ဆာပလပ် အမြန်ကပ်ပြီး ဆက်လက်ချက်ပြုတ်ရပြန်တော့ ချွေးနဲ့သာမက သွေးနဲ့ ရင်းပြီးလုပ်ရတဲ့ ဘဝလို့ပဲ ကြွေးကြော်ရတော့မလိုလို။
ဒီကြားထဲ ကိုဗစ်ကာလ ဖေ့စ်ဘွတ်ပေါ်က ဟင်းချက် နည်း၊ မုန့်လုပ်နည်းတွေ ကြည့်ပြီး တစ်ယောက်တစ်မျိုး လက်စွမ်းပြကြပြန်တော့ သူတို့ရှုပ်ခဲ့၊ ဖွခဲ့သမျှ ဒိုင်ခံ ရှင်းလင်းရပြန်တယ်။ အမြှုပ်ထကော်ဖီတဲ့ မွှေလိုက်ကြ၊ ဖျော်လိုက်ကြ၊ သောက်လိုက်ကြ၊ တစ်ခွက်ပြီးတစ်ခွက်၊ ပန်ကိတ်တဲ့၊ ကြက်ဥပူတင်းတဲ့၊ ဆီချက်ခေါက်ဆွဲ၊ ပဲခေါက် ဆွဲ၊ မာလာရှမ်းကော၊ မာလာဟင်းတဲ့ လုပ်လိုက်ကြတာ။ စိတ်ကူးပေါက်သခိုက်မှာ လုပ်ကြပြီး ငြိမ်သွားကြပြန်ရော။ ဒီကြားထဲ အွန်လိုင်းကနေ သူတို့စားချင်တာ မှာကြသေး တယ်။ ရောက်လာတော့ ဆီးပြီးရွေးရတယ်၊ ငွေရှင်းရ တယ်။ အထုပ်တွေ၊ ဘူးတွေကို အရက်ပြန် စပရေးနဲ့ ဖျန်းတန်ဖျန်း၊ အထုပ်လိုက် ဆပ်ပြာရည်ပုံးထဲ နှစ်တန်နှစ်၊ ကာကွယ်သန့်ရှင်းပြီးမှ အိမ်ထဲသွင်းရတဲ့ အလုပ်ကလည်း အိမ်ရှင်မအလုပ်ပါပဲ။
ဆရာဝန်လည်းဖြစ်တဲ့ အိမ်ရှင်မ
အိမ်သားထဲက မဖြစ်မနေ အပြင်ထွက်တဲ့သူရှိလို့ ပြန်လာရင်လည်း ခေါင်းကနေ ခြေဖျားအထိ ဆပ်ပြာရည် နဲ့ လောင်း၊ ဟန်းဂျယ်လ်နဲ့ ပွတ်၊ ဒီဗိုင်းရပ်စ်ကို ဆပ်ပြာပဲ နိုင်တယ် ပြောတာကိုး။ ခဏခဏ နေ့စဉ်နဲ့အမျှဆိုတော့ နှာချေ၊ နှာစေးတယ်ဖြစ်ရော။ လုပ်ပါဦးအမေဆိုတော့ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီအချိန်ဖျားလို့မရ၊ ချောင်းဆိုး လို့မရဘူး၊ လာ ချင်းပြုတ်ရည်လေးသောက်လိုက်၊ ပခုက္ကူ ချမ်းစိမ့်လေးကို ရေနွေးပူပူလေးနဲ့မျှောချလိုက်၊ ကွမ်းရွက် ပြုတ်ရေလေးသောက်လိုက် ဒါမှမဟုတ် ပါရာစီတမော့၊ ဘိုင်အိုဂျက်ဆစ်လေးတိုက်၊ စီဗစ်ကိုလည်း တစ်နေ့ တစ်လုံးစီ ကြိုတိုက်ထားရသေးတယ်။ မိသားစု ဆရာဝန် လည်းဖြစ်တဲ့ အိမ်ရှင်မဖြစ်ပါတယ်။
v စာမျက်နှာ ၈ မှ
“ခဝါသည်” ကလည်း အိမ်ရှင်မ
ဒီကြားထဲ “အမေရေသွားကိုက်တယ်” ဆိုပြန်တော့ တစ်ဒုက္ခ၊ ဒီအချိန်သွားဆေးခန်းတွေ မဖွင့်သေးဘူး။ ကိုယ်ပြနေကျ သွားဆရာဝန်ဆေးခန်းရှိတဲ့ ရပ်ကွက်က သွားလာမှု ကန့်သတ်ထားတယ်။ လာလာ ပါးစပ်ဟ၊ အမေ့ဆီမှာ “ဒန္တသုခ” ဆေးမှုန့်ရှိတယ်။ တမာရွက်လို သဘာဝအရွက်၊ အမြစ်အမှုန်လေးတွေဆိုတော့ အန္တရာယ်ကင်းတယ်၊ နာနေတဲ့သွားကို လောလော ဆယ်သိပ်ထား၊ သွားဖုံးတွေကိုပါ လိမ်းထား၊ ငါးမိနစ် လောက်ထားပြီး ရေဆေးချလိုက်။ “ဟာ ဟုတ်တယ် အမေရေ သက်သာသွားပြီ”။ အေးအေး ရာသီဥတု သာယာမှ သွားဆေးခန်း လိုက်ပို့မယ်။ လောလော ဆယ်အိမ်ရှင်မက “သွားဆရာဝန်” လုပ်ပစ်လိုက်တယ်။ အင်္ကျီကြယ်သီးပြုတ်၊ ပုဆိုးကွဲ၊ အပေါက်အပြဲလည်း ချုပ်ပေး၊ တပ်ပေးရတဲ့ အပ်ချုပ်ဆရာလည်း ဖြစ်တယ်။ အဝတ်ညစ်တွေကို လုံးထွေးပြီး ထိုးထည့်ထားတာတွေ ဆွဲထုတ်ကာ စက်ထဲထည့်တန်ထည့်၊ လက်နဲ့လျှော်တန် လျှော် “ခဝါသည်” ကလည်း အိမ်ရှင်မပါပဲ။
အိမ်ထဲက ယောက်ျားသားတွေ ဆံပင်တွေရှည်၊ ညှဉ်းသိုးသိုးတွေဖြစ်နေပြီး ဆံသဆိုင်တွေလည်းသွားလို့ မရသေး၊ ကဲလာညှပ်ပေးမယ်။ ကျပ် ၉၀၀၀ ပေးရတဲ့ “ဟဲဂိုဒ်” လေးနဲ့ ထိုးလိုက်၊ ဘီးလေးနဲ့ လှန်၊ ကတ်ကြေး လေးနဲ့ ညှပ်၊ ပုံဖော်လိုက် “ရှေ့လှည့်ပါ၊ ဘေးလှည့်ပါ၊ နောက်လှည့်ဦး၊ ငြိမ်ငြိမ်နေလေ၊ မလှုပ်ပါနဲ့၊ ခေါင်းစောင်း လိုက်ဦး ပြောတာနားထောင်။ ဘာမှတ်နေလဲ၊ ထိပ်ကွက် ဖြစ်သွားမယ်” ။ ကဲဘာတတ်နိုင်သေးလဲ။ ဒီအချိန်လေးက သူတို့ရဲ့ကံကြမ္မာ (ဆံပင်ပုံစံပြောတာ) က ကိုယ့်လက်ထဲ မှာ အပြည့်ရှိနေပါလားဆိုတာ တွေးမိတော့ ဆံပင်ညှပ် ပေးရင်းနဲ့ ရယ်ချင်တဲ့စိတ်ကို မနည်းမျိုသိပ်နေရတဲ့ “ဆံသဆရာ” အိမ်ရှင်မ။
သူ့ခမျာမှာတော့ ကိုဗစ်ကာလမှာ လှလှပပ မနေနိုင်ရှာပါဘူး။ ချွေးတလုံးလုံးနဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီဆို ဝေလာဝေး၊ အဝတ်ဗီရို မဖွင့်ဖြစ်၊ အိမ်နေရင်းအဝတ် နှစ်စုံ၊ သုံးစုံကို တစ်နေ့စာတစ်နေ့ လျှော်ဖွပ် ပြန်ဝတ်၊ ကိုယ့်ကိုယ်ကိုယ်တော့ “ပလိဗောစ” နည်းအောင်နေရ တယ်။ နောက်တစ်ချက်က “မီတာ”ကိစ္စ၊ ကလေးတွေကို တစ်ချိန်လုံး သတိပေးနေရတယ်။ မလိုအပ်ဘဲ မီးတွေ ဖွင့်မထားဖို့၊ အခန်းအပြင်ထွက်တာနဲ့ အဲကွန်း၊ ပန်ကာ၊ မီး ပိတ်ထားခဲ့ဖို့ သတိပေးရတယ်။ ဒီရက်တွေမှာ မီတာခ နဲ့ပတ်သက်ပြီး အသံတွေကြားနေရတယ် မဟုတ်လား၊ မီတာဖတ်တာများလို့တဲ့။ အိမ်ရှင်မကတော့ လက်တွေ့ သမားဆိုတော့ ကြားချပြီး တွေးတယ်။ များမှာပေါ့။ အရင်က တစ်နေကုန်ရုံးသွား၊ ကျောင်းသွား၊ အလုပ်သွား၊ ညနေမှပြန်လာကြတာမို့ တစ်နေ့တာအသုံးက မများဘူး။ အခုကာလမှာ အိမ်တိုင်း၊ အိမ်ရှိလူကုန်၊ အခန်းတိုင်း သုံးလိုက်ကြတဲ့ လျှပ်စစ်မီး၊ အဲကွန်းတွေသုံး၊ ပန်ကာတွေ ဖွင့်၊ တီဗွီတွေကြည့်၊ ဟင်းတွေချက်၊ မနက်မီး၊ ညမီးဆက်၊ ဒီလောက်သုံးနေကြတာ။ ကလေးဦးနှောက်နဲ့ပဲ တွေးကြည့်ပါဦး (တချို့သော အိမ်တွေတော့ ခြွင်းချက် ရှိကောင်းရှိမှာပေါ့)။
အိမ်ရှင်မတွေ ကြိုတွေးထား
ဒီလိုအသံတွေမကြားခင်ကတည်းက ဒီကာလ “မီတာခ”များများဆောင်ရမယ်ဆိုတာကို အိမ်ရှင်မတွေ ကြိုတွေးထားပါတယ်။ ကိုဗစ်ကာလရောက်မှ အွန်လိုင်း ရှော့ပင်းတွေ အလုပ်ဖြစ်ကြတယ်။ အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်၊ ထမင်းဟင်းပေါင်းအိုး စသဖြင့် အမှန်အကန်တွေလည်းရှိသလို အကြံအဖန်တွေ လည်းရှိတယ်။ ခက်တာက ပုံထဲမှာ မြင်ရတဲ့အတိုင်း ယုံကြည်ပြီးမှာကြရတာ။ ကိုယ့်ဆီရောက်လာမှ ထင်သလိုမဟုတ်ရင် ပြန်ပေးလို့မရ။ ဆိုဒ်ကြီး၊ ဆိုဒ်ငယ်၊ ဆိုဒ်လွန် မှန်းပြီး ဝယ်ကြ၊ မှာကြ၊ ရောက်လာ တော့ အဆင်မပြေ၊ ပြန်လဲလို့မရ။ ခက်တာက အားနေ တော့ ဖုန်းလေးပွတ်ရင်း ပေါ်လာသမျှကို လက်ညှိုးလေး တစ်ချက်တို့ရုံနဲ့ အိမ်အရောက်လာပို့တာ သဘောတကျ ကျနဲ့ မှာချင်တဲ့ရောဂါကလည်း နှယ်နှယ်ရရမဟုတ်၊ အစွဲကြီးစွဲနေကြပြီ။ အစားအသောက်ပို့တာတွေက အဆင်ပြေတာများတယ်။ သူတို့က နာမည်ကောင်းရဖို့ ထိန်းတယ်၊ တစ်နပ်စား လုပ်လို့မရဘူး။ မကြိုက်ရင် အဆင်မပြေရင် မမှာကြတော့ဘူးဆိုတော့ စားသုံးသူရဲ့ တုံ့ပြန်တဲ့အသံကို နားစွင့်တယ်၊ အဆင်ပြေတယ် ပေါ့လေ။
မီးဖိုချောင်သုံးပစ္စည်းတချို့၊ ဒါလေးဝယ်ထားရင် အိမ်ရှင်မအနေနဲ့ လှီးရချွတ်ရသက်သာမယ်။ လက်ကို ဓားရှတဲ့အန္တရာယ် ကာကွယ်နိုင်မယ်ဆိုပြီး မှာမိတယ်။ ရောက်လာတယ်။ ဖွင့်ကြည့်တယ်။ သုံးကြည့်တယ်။ စသုံးသုံးချင်းမှာပဲ အဖုံးပတ္တာဆက်တစ်ခြမ်းက ကျိုး သွားတယ်။ ဘာမှလည်း မလုပ်ရသေး။ ခရမ်းချဉ်သီး တစ်လုံးကိုထည့်ပြီး သူပြောသလို ဖိလိုက်ရုံနဲ့ အဖုံးတစ်ခြမ်း ကျိုးပဲ့သွားရှာပြီ။ ဒါနဲ့ ဖုန်းဆက်တယ်။ သမီးတို့ဆီမှာ အဖုံး အပိုမရှိဘူးတဲ့၊ တာဝန်မယူဘူး။ တစ်ခုခုတော့ ‘အမေး’ရှိ စေချင်တာ၊ ရောင်းတုန်းက ရွှန်းရွှန်းဝေအောင် ကြော်ငြာ ကောင်းသလောက် အောက်မှာလည်း ‘လိုက်ခ်’တွေ တစ်ထောင်ကျော်၊ နယ်တွေက အမှာစာတွေကလည်း များမှများ။
ခက်ပြီ။ အိမ်ရှင်မရဲ့ ကိုယ်တွေ့ဖြစ်ပုံ။ ကွန်းမန့် ဝင်ရေးပြန်ရင်လည်း သူတို့လေးတွေ စီးပွားပျက်ရော့မယ်။ မရေးပြန်ရင်လည်း ကိုယ်က သတင်းမပေးတဲ့ တာဝန်သိစိတ် မရှိတဲ့ အိမ်ရှင်မဖြစ်တော့မယ်။ တကယ်လည်း ကိုယ့်မှာက တစ်ပတ်၊ နှစ်ပတ်လောက်သုံးရင်း ကျိုးသွားတယ်ဆို ခံသာသေးတယ်။ အခုက စကိုင်တာနဲ့ ကျိုးတာဆိုတော့ အိမ်ရှင်မရဲ့ အတွင်းမသိစိတ်နဲ့ အပြင်စိတ်တို့ လွန်ဆွဲကြပါ တယ်။
ယုံကြည်၍ မှာသူသာလျှင် အပြစ်
နောက်တော့ စိတ်လျှော့လိုက်တယ်။ မပြောတော့ ပါဘူး။ သားသမီးချင်းကိုယ်ချင်းစာလိုက်တယ်။ ဒီကလေး တွေ ဒီကာလမှာ အလကားမနေဘဲ အားတက်သရောလုပ်နေ ကြရှာတာ။ အားပေးရမှာပေါ့။ ပစ္စည်းမကောင်းတာ သူတို့ ဘာသာသူတို့တောင် သိမယ်မထင်ပါဘူး။ အမှာစာတွေ များပြီးရောင်းရလို့ ပျော်နေတဲ့ ကလေးမလေးတွေကို စိတ်ပျက်သွားအောင် မပြောတော့ဘူး။ သူတို့ကလည်း အိမ်ရှင်မ ကို လည်ပင်းညှစ်ပြီး လာရောင်းတာလည်းမဟုတ်၊ ကိုယ့် ဘာသာကိုယ်လျှာရှည်ပြီးမှာတာ။ ကိုယ်ကလည်း အားနဲ့ တအားဖိလိုက်တယ်ထင်ပါရဲ့။ ကိုယ့်အပြစ်ပါပဲလို့ ပုံချလိုက် တော့ နေသာထိုင်သာ ရှိသွားတယ်။ သူတို့ကြောင့် အိမ်ရှင်မ ‘တရား’ ရသွားတယ်။ ဒါပေမယ့် အိမ်ရှင်မရဲ့ အိပ်ခန်းအဝမှာ စာကပ်ထားလိုက်တယ်။ ‘အွန်လိုင်းမှ ပစ္စည်းမှာမည်ဆိုလျှင် ချက်ချင်းမမှာပါနှင့်၊ ကွန်းမန့်များကို သေချာဖတ်ပါ၊ မကြာခင်ပစ္စည်းပြတ်မည်ဆိုလည်း စိတ်ကိုခိုင်ခိုင်ထားပါ။ ကြော်ငြာ၍ ရောင်းသူမှာအပြစ်မရှိပါ၊ ယုံကြည်၍ မှာသူသာလျှင် အပြစ်ဖြစ်ပါသည်၊ ဤစာကို အကြိမ်ကြိမ် ဖတ်ပြီးမှ ဆုံးဖြတ်ပါ’။
အိမ်ရှင်မလည်း ဒီလောက်မအလှပါဘူး၊၊ မအားတဲ့ ကြားထဲက ဖုန်းလေးတော့ တစ်ချက်၊ နှစ်ချက်ပွတ်ရပါတယ်။ နောက်ဆုံးရသတင်းလေးတွေလည်း သိထားရတယ်၊ အိမ်သားတွေကသိပြီး ကိုယ်ကမသိရင် ခေတ်နောက်ကျ သွားမယ်။ ဒီနေ့ပိုးမတွေ့ဘူး၊ အင်းစိန်မှာ တစ်အိမ်တက်ဆင်း ကွင်းဆင်းရှာဖွေပြီးပြီ။ မေလ ၁၆ ရက်နေ့မှာ လှိုင်သာယာ၊ ၁၇ ရက်နေ့မှာ တာမွေ၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ရဲ့ နှာခေါင်းစည်းပြိုင်ပွဲအကြောင်း၊ ကမ္ဘာ့သတင်း၊ မြန်မာ့ သတင်းအသစ်အဆန်းမှန်သမျှ သူတို့ပါးစပ်ဟတာနဲ့ ‘ဟင် ဘာပြောတာလဲ’ လို့ ပြန်မမေးရအောင် ရသရွေ့ အချိန်လေး မှာ၊ တစ်ချက်တည်း အမှန်အကန်တွေ အားလုံးမိနိုင်တဲ့ ‘အကောင့်’မျိုးကို ဝင်ကြည့်ရတယ်။ တချို့ကျတော့ တစ်ယောက်ယောက်က ရေးလိုက်ရင် မှန်၏၊ မှား၏၊ ဖြစ်နိုင် ၏၊ မဖြစ်နိုင်၏ မစဉ်းစား။ ကိုယ့်စိတ်ကူးနဲ့ ခွင်တည့် တာနဲ့ပဲ လက်ညှိုးလေးက ရှယ်ပစ်လိုက်တတ်တဲ့ အကောင့် မျိုးတော့ ရှောင်ရပါတယ်။
ဟင်းချက်နည်းဆိုရင်လည်း ဦးနိုင်(အစားတစ်လိုင်း) ဆိုတာမျိုးကို သေသေချာချာ ကြည့်တယ်။ သူ့ ငါးပိချက် နည်းကတော့ အိမ်ရှင်မတိုင်းအကြိုက်ဖြစ်လောက်တယ်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထောင်းထားတာကို ဆီသတ်၊ ပြီးတာနဲ့ ပုစွန်လေးပစ်ထည့်။ မျှစ်၊ ရုံးပတီသီး၊ သခွားသီး၊ မုန်လာဥ၊ ခရမ်းကစော့၊ ခရမ်းသီးနုနု၊ ဇရစ်၊ ကန်စွန်းရွက်၊ နံနံပင် အိမ်မှာရှိတဲ့ အသီးတွေအရွက်တွေ ရေသေချာဆေး ပြီး ပစ်ထည့်၊ ငါးပိရည်လေး နည်းနည်းဖျော်ထည့်၊ မန်ကျည်းမှည့်ရည်လေး လိုသလိုဖျော်ထည့်၊ ပြီးတာနဲ့ မွှေးပျံ့ကြိုင်လှိုင်နေတဲ့ ဦးနိုင်ရဲ့ ငါးပိချက်ချဉ်ငန်စပ်တစ်ခွက်က ပရိုတင်းပြည့်ဝ၊ အာဟာရမျှတ၊ လျှာလည်သွားရပါတယ်။ ဒီလိုပါပဲ ကောင်းတာလေးတွေကိုယူ၊ မှတ်သား၊ လိုက်လုပ်၊ မကောင်းတာတွေကိုပယ်၊ အဲဒါ အိမ်ရှင်မရဲ့ တစ်နေ့တာ ဘဝပါပဲ။
ခြေစောင့် လက်စောင့်
ရှေးလူကြီးတွေချန်ခဲ့တဲ့ စကားတစ်ခွန်း 'ခြေစောင့် လက်စောင့်' တဲ့။ အိမ်တစ်အိမ်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဆိုတာ အမာခံပဲ။ မရှိမဖြစ်ကတော့ 'ဆား'ပဲ၊ အရေးအခင်းကာလ၊ နာဂစ်ကာလ၊ ဆန်ရှားတဲ့ကာလတွေကို ကြုံခဲ့ဖူးတော့ ဘယ်လိုပစ္စည်းတွေဟာ 'ခြေစောင့်လက် စောင့်' ထားမှရတယ်ဆိုတာ အိမ်ရှင်မတိုင်းသိပါတယ်။ ဘဝဆိုတာအမျိုးမျိုး၊ ပြည့်စုံမှုအပေါ်မူတည်ပြီး သူ့အလွှာ နဲ့သူ အဲဒီအမာခံမီးဖိုချောင်ပစ္စည်းတွေကိုတော့ စုဆောင်း သိုလှောင်ထားကြရပါတယ်။
ကိုဗစ်ကာလ နှစ်လကျော်ကျော် အိမ်ထဲမှာနေကြရ တော့ အနှောင်အဖွဲ့မှာ နေခဲ့ရသူတွေကို ကိုယ်ချင်းစာတတ် သွားတယ်။ ဒီကာလကို ရင်ဆိုင်ကြတဲ့အခါ လူနှစ်မျိုးကို တွေ့ရတယ်။ ညည်းညူတဲ့သူနဲ့ မညည်းညူတဲ့သူပါ။ အမြဲ တမ်း လှုပ်ရှားသွားလာပြီး မနားတမ်းအလုပ်လုပ်နေကြ သူတွေက အခုလို အိမ်ထဲကအိမ်ပြင်မထွက် ငြိမ်နေရတဲ့ အခါ ခံနိုင်ရည်မရှိဘူး၊ အကျင့်မရဘူး၊ ခြေချုပ်မိနေတယ် စသဖြင့် ညည်းညူကြတယ် ။ တချို့ကျတော့ တရားစခန်း တွေ ရက်ရှည်ဝင်ဖူးကြတယ်။ မူလကတည်းက အိမ်ထဲမှာ အနေများပြီး စာရေးစာဖတ်လုပ်တဲ့သူ၊ အသွားအလာ နည်းသူတွေကတော့ ဒီကာလကို ခံနိုင်ရည်ရှိတယ်။ တရား စခန်းတွေမှာ တရားထိုင်တဲ့အခါ တစ်နေ့ကို ငါးကြိမ်၊ ခုနစ်ကြိမ် ထိုင်ရတာရှိတယ်။ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီက နေ နာရီရှည်ထိုင်ရတဲ့ တရားစခန်းတွေရှိတယ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဒွာရခြောက်ပေါက်မှာ နားနဲ့ နှာပေါက်ကိုပဲ ဖွင့်ထားပြီး မျက်စိကိုမှိတ်၊ ပါးစပ်ကို ပိတ်ပြီး တိတ်ဆိတ်စွာ ထိုင်နေကျင့်ရထားသူ၊ ဝစီပိတ် ကျင့်ဖူးသူတွေကတော့ ဒီကာလကို သက်သောင့်သက်သာ ကျော်ဖြတ်နိုင်ကြတယ်၊ မညည်းညူကြဘူး။
ဦးထုပ်ပေါင်းများစွာကို ဆောင်းထားရသူ
အိမ်ရှင်မတွေတော့ ညည်းညူချိန်မရှိဘူး။ ၂၄ နာရီ အချိန်က မလောက်ငဘူး။ ညရောက်သည်အထိ တလှုပ်လှုပ်နဲ့ပဲ နောက်တစ်နေ့စာ ပြင်ဆင်ရတယ်။ ဘုရားရှိခိုး၊ ပရိတ် ပဋ္ဌာန်းရွတ်၊ မေတ္တာပို့၊ အမျှဝေ၊ ကိုယ့်အထုပ်ကိုယ်ပြင် ရပါတယ်။ တကယ်တော့ 'အိမ်ရှင်မ'ဆိုတာ မိသားစုအတွက် 'တာဝန်'နဲ့ 'ဝတ္တရား' ဆိုတဲ့ ဦးထုပ်ပေါင်းများစွာကို ဆောင်းထားရသူပါ။ ကလေးချင်းအဆင်မပြေ၊ အဝေ မတည့် ရန်ဖြစ်ရင်လည်း ဖျန်ဖြေပေး၊ ပုဏ္ဏားတိုင် လုပ်ပေးရတဲ့ တရားသူကြီးပဲ ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အထင်လွဲကြရင်လည်း သားကဒီလိုမလုပ်နဲ့ လေ၊ သမီးက ဒီလိုပြောတာမဟုတ်ပါဘူး၊ ချစ်လို့စတာပါ စသဖြင့် ရှေ့နေလိုက်ရတာရှိတယ်။ တစ်နေ့တစ်နေ့ အာဟာရပြည့်တဲ့အစာ၊ ကယ်လိုရီကိုက်၊ မကိုက် ချင့်ချိန်တွက်ချက် ကျွေးမွေးရတဲ့ 'အာဟာရဆရာဝန်' လည်း ဟုတ်တယ်။
သရုပ်ဆောင်မင်းသမီးတစ်ယောက်လည်း ဖြစ်ရပြန်
တစ်ခါတစ်ရံ နေကောင်းနေပေမယ့် ဒီနေ့ အမေ သိပ်နေမကောင်းဘူး၊ အမေ့ကို ကူကြပါဦး။ ကြက်သွန် လေး ခွာပေးပါ၊ အမှိုက်လေးသွန်ပေးပါ ၊ ရေလေးခပ်ပေးပါ၊ အဝတ်လေးလှန်းပေးပါ၊ ပန်းကန်လေးဆေးပေးပါ စသဖြင့် လေသံပျော့ပျော့လေးနဲ့ သနားစဖွယ် မူရာ မာယာကြွယ်ပြရတဲ့ သရုပ်ဆောင်မင်းသမီး တစ်ယောက် လည်း ဖြစ်ရပြန်တယ်။ ကိုယ်မွေးထားတဲ့ သားသမီး အသက်ဘယ်လောက်ရှိရှိ ကိုယ့်မျက်စိထဲမှာတော့ ကလေးတွေပါပဲ။ ကလေးတွေဆိုတော့ အမြှောက်ကြိုက် တယ်၊ သူတို့လက်စွမ်းပြထားတဲ့ အမြှုပ်နဲ့ကော်ဖီ၊ ချာပါတီ၊ အီကြာကွေး ဝါးမရအောင် မာနေလည်း အမယ် လေး ကောင်းလိုက်တဲ့ ကော်ဖီ အီဆိမ့်သွားတာပဲ၊ အီကြာ ကွေးလေးကလည်း ကြွကြွရွရွနဲ့ကြိုက်တယ်ဆိုတာမျိုး၊ ပန်းကန်တွေဆေးထားတာ မပြောင်လည်း လိမ္မာတယ်၊ အမေ့ကို ကူဖော်ရတယ် ဘုန်းကြီးပါစေ အသက်ရှည်ပါစေ ဆုပေးရတယ်။
ဒီကာလမှာ သူတို့စားချင်တာ လုပ်ကိုင်ပေးရင်းနဲ့ ခဏခဏ သတိကပ်ရတယ်၊ ပင်ပန်းလိုက်တာလို့ မတွေး ဘဲ အရင်က အလုပ်ဇောတွေကပ်ပြီး ကလေးတွေကို ဘာမှလုပ်မပေးခဲ့သူဖြစ်ခဲ့ရင် အခုမှအတိုးချပြီး လုပ်ပေး ခွင့်ရတာ၊ မေတ္တာတွေထည့်ပြီး ချက်မယ်၊ မေတ္တာထည့်ပြီး ကျွေးမယ်၊ ကိုယ်ပင်ပန်းတာ မှန်ပေမယ့် အခုလို မနားတမ်းအလုပ်တွေလုပ်၊ ချက်ပြုတ်နေရလို့ စိတ်မလွင့် အာရုံမများ၊ တရားတွေရတယ်။
မိသားစုဆိုတာ ရေစက်ပါလို့ ဆုံကြရတာ။ ဒီဘဝမှာ ပဲ ဆုံရဖို့သေချာတာပါ၊ နောက်နောင်ဘဝတွေမှာ ဆုံဖို့ ဆိုတာ မသေချာတော့ဘူး။ လူ့ဘဝကို ပြန်ရောက်ကြပြန် ရင်လည်း ပြုထားကြတဲ့ ကုသိုလ်၊ အကုသိုလ်တွေက မတူညီကြတော့ ဘဝတစ်ခုတည်းမှာ တစ်မိသားစုတည်း ရေစက်ပြန်ဆုံဖို့ မလွယ်တော့ဘူး။
ယူတတ်ရင် ကုသိုလ်ပါပဲ
ယူဖို့လွယ်သလောက် ပေးဖို့ခက်ခဲတဲ့လောကမှာ ပေးဆပ်သူဖြစ်ခွင့်ရနေတာလည်း ကုသိုလ်ပါပဲ။ တစ်နေ ကုန် မောပန်းနေတဲ့ အိမ်ရှင်မကို ‘မောလားအမေ’ လို့ တစ်ခွန်းမေးဖော်မရ၊ သံပရာရည်လေး တစ်ခွက် ဖျော်တိုက်ဖော်မရလို့ စိတ်မကောင်းမဖြစ်ပါနဲ့။ ဒါတွေ ဟာ အကြောင်းတွေပဲဖြစ်ပါတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ အချိန်မှာ ကိုယ်လုပ်ပေးလို့ ရသမျှ လုပ်ပေးနေရတာက ယူတတ်ရင်ကုသိုလ်ပါပဲ။
ကြီးမားတဲ့ အလှူကြီးတွေပေးလှူဖို့ မဖြစ်နိုင်ချိန်မှာ မိခင်မေတ္တာနဲ့ မိသားစုအပေါ် နေ့စဉ် အလှူဒါနပြုခွင့် ရနေတာကို ကျေးဇူးတင်ရပါတယ်။ အိပ်ရာပေါ်လဲသွားတဲ့ တစ်နေ့၊ ဗျာဓိကို ရင်ဆိုင်တိုက်ရတဲ့ တစ်နေ့ လုပ်ပေးချင် လို့တောင် လုပ်မပေးနိုင်တော့ပါဘူး။ ဘယ်သူက အရင် ထွက်ခွာသွားမယ်ဆိုတာ ကြိုမသိတဲ့ လူ့ဘဝမှာ ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ကရုဏာတရားတွေနဲ့ သည်းခံရင်း နေသွားကြရမှာပါ။
လောကမှာ အလကားရပြီး အလကားပေးလို့ရတာ တွေက 'လေ'နဲ့ 'မေတ္တာ'ပဲ ဖြစ်ပါတယ်။ မိသားစုမှသည် မိမိနဲ့ဆက်စပ်ပတ်သက်သမျှ လူတိုင်းကို မေတ္တာဖြန့်ကြက် ရင်း၊ နှာသီးဖျားထိပ်မှာ လေကလေးဝင်နေ၊ ထွက်နေ တာကို သတိကပ်ရင်း အလုပ်လုပ်၊ အလုပ်လုပ်ရင်း သတိကပ်လို့ အမြတ်ထုတ်ကြမှာပါ။
ငါဆိုတာမရှိ၊ ရုပ်နဲ့ နာမ်သာရှိတဲ့ ခန္ဓာအစုအစုချင်း၊ အရိုးစုအချင်းချင်း တွေ့ရ၊ ကြုံရ၊ ဆုံရတဲ့ တစ်ခဏမှာ တစ်ဦးနဲ့တစ်ဦး သည်းခံခွင့်လွှတ်၊ စွန့်လွှတ်အနစ်နာခံ ရင်း ကျွန်မတို့အားလုံးက 'မရဏ' ဆိုတဲ့ခရီးကို အတူတူ သွားနေကြရမှာပါ။
ဒါကြောင့် ကိုဗစ်ကာလမှာ မိသားစုရဲ့ တို့တာဝန် အရေးပေါင်းများစွာကို တာဝန်ကျေကျေ ထမ်းရွက်နေကြ တဲ့ 'အမာခံ'တပ်သား အိမ်ရှင်မ အမျိုးသမီးထုအားလုံးကို လေးစားမိပါကြောင်း ပြောကြားရင်း ကမ္ဘာသူ ကမ္ဘာသား အားလုံး ကပ်ရောဂါဆိုးအမျိုးမျိုးမှ ကင်းစင်ဝေးကွာ စိတ်ချမ်းသာနိုင်ကြပါစေ။ ။
 
 
ဒေါက်တာနီလာသိန်း(လင်းရောင်သစ်)