မြန်ပြည်တောင်ဘက်စွန်းက ဆလုံ(မော်ကင်း) တိုင်းရင်းသားများ

 
 
 
သတင်းဆောင်းပါး-မောင်မောင်ကျော့ (ပလက်ဝ)
 
ယုံကြည်ကိုးကွယ်မှု
 
သမိုင်းပညာရှင် ဒေါက်တာစတီဗင်က ဆလုံတို့မှာ တူဒါး (Tuda)နတ်မင်းက မွေးဖွားပေးလိုက်သူများဖြစ်သည်ဟု ရေးခဲ့ဖူးသည်။ အချို့ဆလုံတို့က တူဒါးနတ်မယုံကြည် ကြချေ။ ရိုးရာကတွိုင်း(Katoi)နတ်ကိုသာ လက်ခံ ယုံကြည်ကြသည်။ ဆလုံဘိုးဘွားများက တူဒါးနတ်မှာ မည်သို့မှကောင်းကျိုးမပေးကြောင်း လက်ဆင့်ကမ်း ပြောခဲ့ခြင်းကြောင့်ဖြစ်သည်။
 
ကတွိုင်းနတ်ဝိဉာဏ်ကို တိရစ္ဆာန်များသတ်၍ ယစ်မပူဇော်ရ။ အုန်း၊ ဖယောင်းဆီမီး၊ ငှက်ပျောများဖြင့်သာ ပူဇော်ရသည်။ ပူဇော်ပွဲတွင် အရက်သေစာသောက်ခွင့် ရှိသည်။ တစ်နှစ် နှစ်ကြိမ်ပူဇော်ရသည်။ အတီးအမှုတ် အကအခုန်များဖြင့် ပူဇော်ကြသည်။
ကတွိုင်းနတ်ကို ပူဇော်ခြင်းသည် ဘေးအန္တရာယ် ကင်းစေရန်နှင့် အလုပ်အကိုင် အဆင်ပြေစေရန်အတွက် ဖြစ်သည်။ ပင်လယ်ပြင်သို့ခရီးထွက်လျှင် မကြာခဏ ဘေးဒုက္ခနှင့် ရင်ဆိုင်ရတတ်သည်။ ထို့ကြောင့် ဆလုံတို့သည် ကတွိုင်းနတ်နှင့် အခြားနတ်တို့ကို ပူဇော်ပြီးမှ ပင်လယ်ပြင် သို့ ခရီးထွက်ကြလေ့ရှိသည်။
 
မြိတ်မြို့နယ်ရှိ ဒုံးကျွန်း၊ မီးစိမ်းကျွန်းတွင် နေထိုင်သူ များက ကတွိုင်းနတ်ကိုပူဇော်ကြသကဲ့သို့ ကော့သောင်းနယ် ဇဒက်ကြီး၊ ဇဒက်လေးနေ ဆလုံများက ''လူပုန်းနတ်'' ကို ပူဇော်ကြသည်။ လူပုန်းနတ် နတ်စင်ကို သင်္ကန်းသားဖြင့် ခပ်နိမ့်နိမ့်ဆောက်ကြသည်။ ငါးပေပတ်လည် ကျယ်သည်။ သွပ်ပြားဟောင်းများ မိုးထားသည်။ ပျဉ်ပြားများခင်းထား သည်။ နတ်စင်တိုင်သုံးတိုင်ထိပ်တွင် ခေါင်းပေါင်းစအဖြူ များ ပတ်ထားသည်။ တိုင်အောက်ခြေကို ဆေးရောင်များ ခြယ်ကာ နတ်ဝိညာဉ်များ ပျော်ရွှင်စွာနေနိုင်အောင် စီစဉ် ထားသည်။
 
နတ်ပူဇော်ပွဲနှင့် ဘိုးဘွားဝိညာဉ်ပူဇော်ပွဲ
 
ဆလုံတို့သည် နှစ်စဉ်ဧပြီလတွင် နတ်ပူဇော်ပွဲနှင့် ဘိုးဘွားဝိညာဉ်ပူဇော်ပွဲ ပြုလုပ်ကြသည်။ ပူဇော်ပုံမှာ ညနေ ၆ နာရီတွင် နတ်ဆရာက ဦးဆောင်ပြီး ရွာအနီးသင်္ချိုင်းသို့ သွားရသည်။ သင်္ချိုင်းသို့ရောက်လျှင် နတ်ဆရာက ကြက်၊ အရက် တင်ကာ ဘိုးဘွားဝိညာဉ်ကို ဖိတ်ခေါ်သည်။ ထိုအချိန်တွင် ရွာသားများက သေပြီးသူ မိဘအမည်ကို အော်ဟစ်ပြီး ကခုန်ကြသည်။
 
ဆလုံတို့သည် သေခြင်းတရားကို လွန်စွာကြောက်လန့် မှုမရှိချေ။ သေခြင်းတရားမှာ တမလွန်ဘဝသို့ကူးပြောင်းရန် ပေါင်းကူးတံတားဖြစ်သည်ဟု ယုံကြည်ကြသည်။ မည်သူ မဆို ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ မကောင်းဆိုးဝါး ဖမ်းစားခြင်းကြောင့် ချက်ချင်းသေနိုင်ကြောင်း၊ သေဆုံးလျှင် ခန္ဓာကိုယ်မှဝိညာဉ် တမလွန်သို့ရောက်ရှိသွားကြောင်း၊ မကောင်းမှုလုပ်လျှင် မကောင်းသည့်နေရာ၊ ကောင်းမှု လုပ်လျှင် ကောင်းသည့်နေရာသို့ပို့ပေးလိမ့်မည်ဟု ပြောဆို ကြသည်။ သို့အတွက် မသေမီကောင်းမွန်စွာ နေထိုင် ပြောဆိုဆက်ဆံကြရမည်ဟု ယုံကြည်ကြသည်။
 
ဆောင်ရန်ရှောင်ရန်ဓလေ့
 
ဆလုံတစ်ဦးသေလျှင် အလောင်းကို မီးရှို့ခြင်း၊ ရေမျှောခြင်းမလုပ်ကြပါ။ အလောင်းကို တစ်နေရာသို့ သယ်သွားပြီး သူပိုင်ပစ္စည်းအချို့နှင့်အတူ မြေမြှုပ်ပစ်ကြ သည်။ မြေပုံပေါ်တွင် သူစီးခဲ့ဖူးသော လှေကို မှောက်ထားခဲ့ ရသည်။ အတိတ်နိမိတ်ကို အလွန်ယုံကြည်သည်။ အိမ်နှင့် လှေပေါ်တွင် သိမ်းငှက်မကြာခဏအော်လျှင် လူသေတတ် ကြောင်း၊ သူ့အသက် သတ်လေ့ရှိသူများ၊ ကျိန်စာသင့်သူ များ၊ စုန်းပြုစားခံရသူများကိုရွေး၍ မိုးကြိုးပစ်လေ့ရှိခြင်း၊ ပင်လယ်တွင် လှေဖြင့်သွားနေစဉ် လေမချွန်ရ၊ အော်ဟစ် တေးဆိုခြင်းမပြုရ၊ ပက်လက်မအိပ်ရ၊ နတ်မကြိုက်၍ ချက်ချင်းလေမုန်တိုင်း ကျရောက်တတ်သည်ဟု ယုံကြည် ကြသည်။
 
ရေငန်နတ်ဟုခေါ်သော ရေသူထီး၊ ရေသူမများ ပင်လယ် ထဲ၌ ရှိသည်။ ရေသူထီးမှာ ဆံပင်မပါ၊ ကတုံးပြောင်ဖြစ်သည် ဟု ပြောကြသည်။ နေကြတ်၊ လကြတ်လျှင် တစ်ရွာလုံး သံပုံးတီး၍ နတ်ဆိုးများ မောင်းထုတ်လေ့ရှိကြသည်။ အိမ်ဆောက်နေစဉ် တစ်ဦးဦးနာမကျန်းဖြစ်လျှင် ယတြာ ချေခြင်း၊ မီးဖိုနေရာသစ်ရွှေ့ခြင်း လုပ်တတ်ကြပေသည်။
ဤသို့သော သမိုင်းကြောင်း၊ ယဉ်ကျေးမှုဓလေ့များကို အခြေခံ၍ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးထဲတွင် တနင်္သာရီဒေသ ဌာနေတိုင်းရင်းသားလူမျိုးတစ်မျိုးအနေဖြင့် ရပ်တည် နေထိုင်လျက်ရှိကြသော ညီနောင်တူဖွား ဆလုံ(မော်ကင်း) တိုင်းရင်းသားများပင် ဖြစ်ပေသည်။
 
မှီငြမ်းကိုးကား
 
၁။ ဒို့သွေးဒို့သားတိုင်းရင်းဖွား-ဦးမင်းနိုင်။
၂။ ပင်လယ်ပျော်မော်ကင်း-တက္ကသိုလ်ကိုလတ်။
၃။ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ- ပါမောက္ခ ဒေါ်တင်ရီ(မနုဿ)။
၄။ ဆလုံ(ခေါ်) ပင်လယ်ပျော်မော်ကင်း- နီငြိမ်း (အညာ တက္ကသိုလ်)၊ နိုင်ငံ့ဂုဏ်ရည်( ၁၂၄/၂၀၀၉)။
၅။ စာရေးသူ ၂၀၁၀ ပြည့်နှစ် ကော့သောင်းမြို့သို့ ရောက်ရှိ ခဲ့စဉ် ဆလုံတို့၏ဘဝဓလေ့ လေ့လာခဲ့မှု မှတ်တမ်းများ။