တိရစ္ဆာန်အရင်းအမြစ်မှ ကူးစက်မှုကို ဖော်ထုတ်လျှော့ချပါ

ဆောင်းပါး၊ ပြည်တွင်းရေးရာ
==================
 
တိရစ္ဆာန်အရင်းအမြစ်မှ ကူးစက်မှုကို ဖော်ထုတ်လျှော့ချပါ
=====================================
 
ဒေါက်တာခင်မောင်လွင်
==============
 
ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် ကိုရိုနာဗိုင်းရပ်စ် တို့၏ သဘာဝအတိုင်း ပြင်းထန်သော အဆုတ်ရောင်ရောဂါကို ဖြစ်စေသကဲ့သို့ တုပ်ကွေးဗိုင်းရပ်စ်ပိုး၏ သဘာဝအတိုင်း လျင်မြန်စွာကူးစက်ပျံ့နှံ့ကြောင်း တွေ့လာရ၏။ ရာနှုန်း အားဖြင့် တွက်ချက်ရာတွင် အသေအပျောက်နှုန်းမှာ လူတစ်ရာလျှင် နှစ်ယောက်နှုန်းမျှပင် ရှိချင်သော်လည်း လူပေါင်းများစွာကို လျင်မြန်လွယ်ကူစွာ ကူးစက်နေသဖြင့် ဖျားနေသူ၊ သေဆုံးသူအရေအတွက်မှာ များသည်ထက် များလာပါသည်။
 
တစ်နေရာတည်း၊ လူတစ်ယောက်တည်းမှ အများ ဆုံး ရောဂါကူးစက်သည့်အဖြစ်အပျက်မှာလည်း ကိုရီး ယားသမ္မတနိုင်ငံရှိ မြို့တစ်မြို့တည်းတွင် ဖြစ်နေသည်ကို တွေ့ရပါသည်။ COVID-19 ရောဂါပိုး သယ်ဆောင်လာသူ တစ်ယောက်တည်းက လူပေါင်းခြောက်ရာခန့်ကို ကူးစက် သွားမှုမှာ ဒေဂူမြို့ရှိ ဘုရားရှိခိုးကျောင်း တစ်ကျောင်းတည်း တွင် ဖြစ်ပေါ်ခဲ့ပါသည်။ တရုတ်နိုင်ငံရှိ မြို့အချို့ကို ပိတ်ဆို့ ထားသကဲ့သို့ ကိုရီးယားနိုင်ငံနှင့် အီတလီနိုင်ငံတို့မှ မြို့အချို့ကို ပိတ်ဆို့ကာ ထိန်းချုပ်ထားရသည့် အခြေအနေ တွင် ရှိနေပါသည်။ နိုင်ငံရေး၊ လူမှုရေးစနစ်ချင်း မတူကြ သော နိုင်ငံသုံးနိုင်ငံ၏ ရောဂါတုံ့ပြန်မှုရလဒ်များကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရုံမှတစ်ပါး အခြားမရှိဟု ဆိုနိုင်သော်လည်း လုပ်စရာအလုပ်များစွာ ရှိပါသည်။
 
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မြန်မာတို့ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို လုပ်ခဲ့ကြရာတွင် အထူးခြားဆုံး အလုပ်တစ်ခုမှာ ဝူဟန်မြို့မှ မြန်မာနိုင်ငံသား လူငယ်ပညာရှင်များကို သတ္တိရှိရှိ ပြန်ခေါ်နိုင်ခဲ့ခြင်းပင်ဖြစ် ပါသည်။ ပြန်ခေါ်ရုံမက ထိန်းချုပ်ကာလ ၁၄ ရက် ပြည့်သွားပြီဖြစ်၍ ဘေးရန်ကင်းစွာ ကျန်းမာစွာဖြင့် အိမ်ပြန်နိုင်ကြသည်ကို မြင်ရသောအခါ ပီတိဖြစ်ရုံမက ဂုဏ်ယူရပါသည်။
 
မြန်မာလူငယ်တို့ အိမ်အပြန်လှချိန်တွင် ထိုရောဂါ ကြောင့် ယူကရိန်းနိုင်ငံတွင် မီးတောက်လာသည်။ ခရီးစဉ်မှ အန္တရာယ်ကင်းစွာ ပြန်လာသော နိုင်ငံသားများကို လက်ခံ ရကောင်းလားဟု ဒေါသပွားနေသော ဒေသခံများသည် သူတို့နိုင်ငံသားများ အိမ်ပြန်လာသော ကားတန်းကို အမှန်တကယ်ပင် မီးရှို့တိုက်ခိုက်ခဲ့သည်။ ရဲများသာမက အရပ်သားများပါ ဒဏ်ရာအနာတရဖြစ်ရလေသည်။ မြန်မာတို့မှာမူ မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌
 
 
နှစ်ပတ်တာထိန်းချုပ်ပြုစုထားချိန်တွင် မန္တလေးမြို့တော်ဝန် မှအစ စေတနာရှင်များ၊ တာဝန်ရှိသူများအားလုံးက ပြည့်ပြည့်စုံစုံ စောင့်ရှောက်ထားသည်ကို တွေ့ရသည်။ တာဝန် ကျေစွာ ဝန်ဆောင်မှုပေးခဲ့ကြသော မြန်မာအမျိုးသား လေကြောင်းမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်း များမှာလည်း ချီးကျူးစရာတွေ့ရပါသည်။
မြင်ရသော တိရစ္ဆာန်များကို ကြောက်ရွံ့ကိုးကွယ်မှုမှ စတင်ခဲ့ကြသောလူသားတို့မှာ ယခုအခါ မမြင်ရသော၊ မမြင်ရလောက်အောင် သေးငယ်သော ရောဂါပိုးများကို အကြီးအကျယ် ထိတ်လန့် တုန်လှုပ်လျက်ရှိနေကြ သည်မှာလည်း ကူးစက်ရောဂါသဖွယ်ဖြစ်လျက် ရှိလေသည်။ ရောဂါပိုးအစစ်သည် များမကြာမီ ပြောင်းလဲသွားခြင်း၊ တိမ်မြုပ်သွားခြင်း ဖြစ်နိုင်သော်လည်း လူတို့၏ ကြောက် စိတ်ဖြင့် ကူးစက်တုံ့ပြန်မှုများကား သမိုင်းစဉ်တစ်လျှောက် ထိုနည်းလည်းကောင်း ရှိနေသည်ကို တွေ့ရပါသည်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသော ရောဂါ ထိန်းချုပ်မှုအဆင့်ဆင့်မှာ သက်ဆိုင်ရာဒေသနှင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ဘက်စုံမှ လျင်မြန်စွာ ဆောင်ရွက်နိုင်စွမ်းအပေါ်တွင် များစွာတည်နေကြောင်း တဖြည်းဖြည်း ပေါ်လွင်လာလျက်ရှိပါသည်။ သို့ရာတွင် အရေးအကြီးဆုံးအချက်မှာ သက်ဆိုင်ရာနိုင်ငံများရှိ လူထု၏ အသိပညာနှင့် အစွမ်းသတ္တိပင်ဖြစ်ပါသည်။
 
သေချာသည့်အချက်မှာမူ ချမ်းသာလျှင် ကျန်းမာ လာမည်ဟူသော အယူအဆသည် လက်တွေ့မကျသော အချက်ပင်။ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအလုပ်လုပ်ရင်း ချမ်းသာလာသော ရုပ်ဝတ္ထုများသည် တစ်ခဏချင်း စွန့်ခွာထွက်ပြေးရသည့် အဖြစ်အပျက်များ၊ လျော့ပါး ပျောက်ဆုံးလာသော အခြေခံလိုအပ်ချက်များကို ငွေနှင့် ဆက်၍ မဝယ်နိုင်တော့သော အဖြစ်အပျက်များနှင့်အတူ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲတို့ကို ကွေးသောလက်မဆန့် မီ၊ ဆန့်သောလက်မကွေးမီ အံ့ဩထိတ်လန့်စွာ တွေ့ကြုံကြ ရသဖြင့် တစ်ကမ္ဘာလုံးမှာ COVID -19 သတင်းမှတစ်ပါး အခြားမရှိတော့သလို လွှမ်းခြုံ၍ နေတော့သည်။
ကမ္ဘာ့အခြေအနေကို လေ့လာလျှင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတို့ထက် ကျော်လွန်၍ စီးပွားရေး ထိခိုက် ဂယက်ရိုက်မှုက အရှိန်အဟုန် တဖြည်းဖြည်း ကြီးလာ သည်ကို တွေ့နိုင်ပါသည်။
 
ပိတ်လှောင်မွန်းကျပ်နေသောနေရာ၊ လေဝင်လေ ထွက်မကောင်းသော နေရာများတွင် လူအများ စုဝေးနေမှု ကို ရှောင်ရှားရန်ကိစ္စသည် မြန်မာတို့၏ ကိစ္စဖြစ်လာသည်။ မြို့တွင်းသွား ဘတ်စ်ကားများသည် လူထုအစည်း အဝေးထက် ပို၍ဆိုးသော ရောဂါဖြန့်ဖြူးမှုကို ပေးနိုင်ပါ သည်။ ဝူဟန်ကို မရောက်ဖူးဘဲ ရောဂါကူးစက်ခံရသူများကို လေ့လာကြည့်လျှင် ဘေးမှစောင့်ရှောက်သူများ၊ အငှား ယာဉ်မောင်းများနှင့် နေရာတစ်ခုတည်းတွင် ပိတ်လှောင် နေမိသူများ ဖြစ်နေသည်ကို တွေ့ရပါသည်။
ယနေ့ထက်ထိ ကျွန်တော်တို့လုပ်ဆောင်ရန် ကျန်ရှိ နေသောအချက်များမှာ ဈေးများနှင့် ကုန်တိုက်များရှိ ကျန်းမာရေးစနစ်ကို မပြုပြင်နိုင်သေးခြင်းဖြစ်ပါသည်။ ဝူဟန်မြို့မှ ငါးဈေးကြီးသည် ရောဂါစတင်ဖြစ်ပွားရာ အခြေခံဖြစ်ကြောင်းသိထားရာ ထိုအဖြစ်အပျက်မျိုး မိမိတို့မှာမဖြစ်ရန် ကာကွယ်ဖို့ကြိုးစားကြရပါမည်။ ကုန်စိမ်းဈေးများ၊ သားငါးဈေးများသာမက စူပါမားကတ် ကုန်တိုက်ကြီးများမှာပင် သားစိမ်းငါးစိမ်းရောင်းချမှုမှာ စနစ်မရှိခြင်း၊ စနစ်ရှိသော်လည်း အားနည်းခြင်း၊ အဆင့်ဆင့် ကြီးကြပ်မှု လစ်ဟာခြင်းများ ရှိနေပါသည်။
 
အထူးသဖြင့် ဗိုင်းရပ်စ်ပိုးများသည် အေးခဲရာနေရာ တွင် အသက်ရှင် ခိုအောင်းနေထိုင်နိုင်စွမ်းရှိခြင်းပင်ဖြစ်ပါ သည်။ SARS ရောဂါ စတင်ပျံ့နှံ့ချိန်သည် ၂၀၀၂ ခုနှစ်ကုန် ဆောင်းတွင်းမှာဖြစ်သည်။ ဝူဟန်မှ COVID- 19 စတင်ပျံ့နှံ့ ခြင်းသည်လည်း ၂၀၁၉ ခုနှစ် ဆောင်းတွင်းမှာ ဖြစ်ပါသည်။
ယခုမြန်မာပြည်တွင် နေပူစပြုပါပြီ။ မြို့ကြီးများတွင် အပူချိန်ပို၍မြင့်မားလာမည်ဖြစ်သော်လည်း တောင်ပေါ် ဒေသမှ တိုင်းရင်းသားများနေရာတွင် COVID-19 ဆိုင်ရာ အသိပညာများ လျင်မြန်စွာ ရောက်ရှိရန်လိုပါသည်။ ကျေးလက်ဒေသမှ လူများသည် ဘဝရပ်တည်ရေးအတွက် ခရီးထွက်ရသည်က ပို၍များပြားနေသည်ကိုလည်း သတိပြု ဂရုစိုက်ကာကွယ်ပေးကြရန်၊ အသိပညာ ထပ်ဆင့် ပေးကြရန် လိုအပ်နေချိန်ဖြစ်ပါတော့သည်။
 
အသိပညာအခြေခံ၍ ရောဂါကာကွယ်နိုင်မည့် အလုပ်များကို အမြန်ဆုံးဆက်လုပ်ရန် လိုသည်။ ထိုအလုပ် များထဲတွင် ‘‘တိရစ္ဆာန်အရင်းအမြစ်မှ ကူးစက်မှုကို ဖော်ထုတ်လျှော့ချရန်’’သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မဟာဗျူဟာတစ်ခုဖြစ်ပါသည်။ သိရုံနှင့် မရဘဲ တစ်တိုင်းပြည်လုံးလုပ်ရမည့် အလုပ်များစွာရှိနေပါ သေးသည်။ ။