ပါတော်မူအပြီး ၁ဝ လမျှ အကြာ

ပါတော်မူအပြီး ၁ဝ လမျှ အကြာ
====================
 
 
မန္တလေးတောင် ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်မှ ပတ်ဝန်းကျင်တစ်ခွင် လှမ်းမျှော်ကြည့်လိုက်လျှင် မန္တလေး သည် မြူထဲ၌ လူးလွန့်နေ၏။ တစ်ခါတစ်ရံ အဆောက် အအုံသစ်တချို့၏ သွပ်မိုးပြောင်ပြောင်သည် မှန်ထိုးပြနေ သဖြင့် တဖျပ်ဖျပ်...။ မန္တလေးကို ပတ်လည်ဝန်းရံနေတာ က ရေရိပ်၊ လယ်ရိပ်များသာ ဖြစ်ခဲ့ကြောင်း အစွန်းအထင်း အစအနတွေ တွေ့နေရပါသေးသည်။ အရင်ကတော့ ... အောင်ပင်လယ်ကန်၊ နန္ဒာကန်တွေမှာ ရေရိပ်သန်းခဲ့မှာ ပေါ့...။ အရင်ကတော့ ငွေတော်ကြည်ကုန်း၊ သင်ပန်းကုန်း၊ ထွန်တုံး၊ ရဲမွန်တောင်နှင့် ကံကောက်နယ်တစ်ကြောမှာ လယ်ရိပ် စိမ်းမြမြပင်လယ်ပြင်ကြီး ဖြစ်မှာပေါ့။
 
ကွန်ကရစ်ရိပ်၊ မှန်ရိပ်၊ ကြွေရိပ်
အခုတော့ ... ထို ရေရိပ်၊ လယ်ရိပ်များဆီမှ သွပ်မိုး ပြောင်ပြောင်များ တဖျပ်ဖျပ် မှန်ရိပ်ထိုးပြနေပြန်သည်။ ကုန်လွန်ခဲ့သော ကာလများဆီကတော့ သစ်ရိပ်ဝါးရိပ် တွေအောက်က ဣန္ဒြေကြီးသော မန္တလေး...။ ဒီကနေ့တော့ နိုင်လွန်ကတ္တရာလမ်းနှင့် ကွန်ကရစ်တောမှာ လျှပ်ပေါ် လော်လည်သော စမတ်စီးတီး မန္တလေး...။ မန္တလေးမှာ သစ်၊ ဝါး အတွေ့အထိတွေ ချည့်နဲ့ပါးလျားစ ပြုလာ၏။ သစ်၊ ဝါးသည် ဧည့်ခန်းဆောင် ကြမ်းခင်းပါကေးများအဖြစ် ပေါလစ်ရောင်အောက်မှာပဲ ပွတ်သပ်ကြည့်ရတော့မည်။ တန်ဖိုးမြင့်တက်သွားတာလား...။ ရှားပါးသွားတာလား မသိ...။ မန္တလေးတောင်ထိပ် ဆုတောင်းပြည့်ရင်ပြင်မှာပင် ... ကွန်ကရစ်ရိပ်၊ မှန်ရိပ်၊ ကြွေရိပ်များနှင့် ခေတ်ပေါ်များကို ဆင်မြန်းထားချေပေါ့...။ ရင်ပြင်တော်ပေါ်မှာ မှန်ရိပ်ကို နောက်ခံပြု ...၊ ကြွေရိပ်ပေါ်မှာ ခြေစုံရပ်ကာ သံမဏိပိုက် ဝရန်တာမှတစ်ဆင့် မန္တလေး၏ အပြောင်းအလဲတွေကို ဆင်ခြင်မိရင်း ဟို...အနောက်ဘက် မင်းဝံတောင်ရိုးဆီ လှမ်းမျှော်ကြည့်မိသည်။ မင်းဝံတောင်ရိုး ...၊ ဧရာဝတီ၊ ဟောဟိုအုပ်အုပ်က ရှင်အရဟံသိမ်ဖြစ်မှာပေါ့...။ အဲဒီဘေးက ကူကြီးကုန်းဖြစ်မှာပေါ့...။ တောင်ဘက်နား က ထီးတစောင်းဘုရား...၊ ဒီဘက်မှာက ပြည်တိုက်...။ ဟိုဟာ ညောင်ကွဲ....။
 
ရှေးဟောင်းခေါင်းတိုင်မြင့်မြင့်ကြီးမှ
တောင်ပေါ်မှသည် အောက်ခြေက နေရာတွေကို အခုလို မှန်းဆလက်ညှိုးထိုးရတာ ပျော်စရာကောင်းသော အလုပ်ဖြစ်၏။ ဆုတောင်းပြည့်ရင်ပြင်ကို မက်မောရတာ ကလည်း အခုလို လက်ညှိုးထိုးချင်လို့ ဖြစ်ပါသည်။ ထိုအခါ အဝေးဘုရားဖူးများဖြစ်စေ ....၊ မိမိနှင့်အတူပါလာသူက ဖြစ်စေ... နေရာတစ်နေရာကို ညွှန်ကာ ''အဲဒါ ဘာလဲဟင်'' ဟု မေးမှာ သေချာပေါက်ဖြစ်ပါသည်။ ထိုအရာသည် ညောင်ကွဲရပ်၊ ကွင်းပြင်ကြီးတွေ၊ ငါးကန်ကြီးတွေ ကလနား သတ်မှာပဲဖြစ်၏။ အုတ်နီရောင် ရှေးဟောင်းခေါင်းတိုင် မြင့်မြင့်ကြီးမှ မီးခိုတွေအူထွက်နေတာ ဖြစ်ပါသည်။ ထိုအခါ အဲဒါ ''ဗြစ်စက်ပေါ့'' ဟု အငမ်းမရဖြေရတာက အရသာရှိလှသည်။ ဒါနဲ့မပြီး ...။
''ဗြစ်စက်ဆိုတာ ဘာလဲ'' ဟု သေချာပေါက် မေးခွန်း တစ်ခုလည်း လာချေဦးမည်။ ''ဘီယာစက်ရုံလေ'' ဟု ဖြေ လိုက်လျှင် မေးခွန်းရှင်က ကျေနပ်သွားကြမည်။ ဒါပါပဲ လေ...။ တောင်ပေါ်က ဆီးကြည့်ရတဲ့ အရသာ။
 
ရတနာပုံခေတ်ကတည်းက
တကယ်တော့ မန္တလေးသားတွေက ''ဗြစ်စက်'' ဟု နှုတ်ကျိုးနေကြသည့် ဘီယာနှင့် အရက်ချက်စက်ရုံသည် ယခင်က အရက်ချက်စက်ရုံ မဟုတ်။ ရတနာပုံခေတ် ကတည်းက မြန်မာနိုင်ငံကို ခေတ်မီနိုင်ငံတစ်ခု ဖြစ် မြောက်ရေးကို ရှေးရှုလျက် ငွေကြေးများစွာ အကုန်အကျခံ မြေစမ်းခရမ်းပျိုး တည်ထောင်ခဲ့သည့် မြန်မာ့စက်ရုံ၊ အလုပ်ရုံများအနက် လက်နက်စက်ရုံတစ်ရုံအဖြစ် ကနဦးတည်ထောင်ခဲ့သည်။
''ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ပုံရိုက်လုပ်ဆောင်ရသော ဒင်္ဂါး စက်ရုံတော်၊ ထည်မျိုး အုပ်မျိုး ရက်လုပ်သော ရက်ကန်း ရုံတော်၊ စပါးအမျိုးမျိုး ကြိတ်လုပ်သော ဆန်ကြိတ်စက် ရုံတော်၊ အမြောက်ကြီးငယ် လှံဓားအမျိုးမျိုး၊ ဗုံးဆန်၊ အမြောက်ဆန်၊ တူဆန်အမျိုးမျိုးသွန်းလုပ်သော စက်ရုံတော်၊ သစ်ပျဉ်များကို တိုက်ခွဲသော လွှစက်ရုံတော်၊ သကြားချက် လုပ်သော စက်ရုံတော်၊ မဲနယ်ချက်လုပ်သော စက်ရုံတော် မှစ၍ စက်ရုံအမျိုးမျိုး ဦးရေ ငါးဆယ်ကျော်...''ဟူ၍ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ရေးသားခဲ့ သော စက်ရုံများတွင် အပါအဝင်ဖြစ်၏။
ရက်ကန်းစက်ရုံ၊ သင်္ဘောစက်ရုံ၊ လွှစက်၊ သကြားစက်၊ သံရည်ကျိုစက်၊ ဒင်္ဂါးစက်၊ မဲနယ်စက်၊ စစ်ကိုင်းသံဖိုစက်ရုံ တို့ကဲ့သို့ ထင်ရှားလုပ်အားကောင်းခဲ့သော စက်ရုံတစ်ရုံ လည်း ဖြစ်ပါသည်။ ရတနာပုံခေတ်က စက်ရုံများကို ခရစ် နှစ် ၁၈၅၈ ခုနှစ်မှ ၁၈၇၄ ခုနှစ်အတွင်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
 
ဗြိတိသျှပိုင် ဈေးကွက်တစ်ခုအဖြစ်သာ
ထိုအချိန်က အောက်မြန်မာပြည်ကို သိမ်းပိုက်ထားရှိ သော ဗြိတိသျှအစိုးရသည် အထက်မြန်မာပြည်တွင် မြန်မာရှင်ဘုရင်က ယခုကဲ့သို့ စက်ရုံ၊ အလုပ်ရုံများ ထူထောင်ခြင်းကို လိုလားလှသည်မဟုတ်။ အထက်မြန်မာ ပြည်ကို ကုန်ကြမ်းများ လွတ်လပ်စွာ ဝယ်ယူခွင့်ရရှိရေး၊ ကုန်ချောများကို ဗြိတိသျှထံမှပဲ လုံးဝမှီခိုရေးဆိုသည့် ဗြိတိသျှပိုင် ဈေးကွက်တစ်ခုအဖြစ်သာ လိုလားသည်။ ထို့ကြောင့် စက်ရုံများတည်ဆောက်ရေးကို အောက်မြန်မာ ပြည်က အမျိုးမျိုးနှောင့်ယှက်၏။ အရည်အသွေးကို သတိ ပြု၏။ စက်ရုံများရှိ နိုင်ငံခြားသား အတတ်ပညာရှင်များ ထံမှလည်း စက်ရုံများသတင်းထောက်လှမ်း၏။ ယခုကဲ့သို့ စက်ရုံကြီးများ ထူထောင်ကြသောအခါ မြန်မာတို့၏ တစ်ပွဲ ထိုး ကောက်ရိုးမီးစိတ်ဓာတ်နှင့်မို့ အောင်မြင်မှာမဟုတ် ဟုလည်း အထင်သေး၏။
လက်နက်နှင့် စစ်ပစ္စည်းဝယ်ယူခွင့်ကို ဗြိတိသျှအစိုးရ က ပိတ်ပင်ထားသဖြင့် မခံချင်စိတ်နှင့် လုပ်ကြခြင်းပဲဟု ကောက်ချက်ချ၏။ ဤကဲ့သို့ နဂိုကတည်းက ရတနာပုံ စက်ရုံကြီးများအပေါ် အမြင်မကြည်လင်ရှိခဲ့သော ဗြိတိသျှ အစိုးရသည် အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးသောအခါ မူလစက်ရုံများ၏ ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး သံတိုသံစ ဘဝ လျှောကျသွားအောင် လုပ်ဆောင်တော့သည်။
ဗြစ်ချက်စက်ရုံအဖြစ်
၁၈၈၆ ခုနှစ်တွင် မန္တလေးရှိ စက်ရုံများကို အသုံးပြု လိုသူ၊ ဝယ်ယူလိုသူများထံ ငှားရမ်းရောင်းချရန် စီစဉ်ထား တော့သည်။ ထို့ကြောင့် မန္တလေးမြို့ မြောက်ပြင် အမရစံ ခေါင်ရပ် ရွှေတချောင်းမြောင်းဘေးရှိ အမြောက်လက်နက် စက်ရုံကို ဗြိတိသျှအစိုးရက ၉၄၁ ပေါင်စတာလင် (မြန်မာငွေ ၁၂၁၈၆ ကျပ် ၁ဝ ပဲ ၈ ပိုင်) အဖိုးဖြတ်၏။ ထို့ကြောင့် တန်ဖိုးငွေကျပ် ၁၃ဝဝဝ နှင့် ရောင်းချမည့်အကြောင်း ကြေညာသည်။ အမြောက်စက်ရုံအနီးရှိ သေနတ်စက်ရုံက စက်ပစ္စည်းကိရိယာများကိုလည်း ၈၂၉ ပေါင်စတာလင် (၁၁ဝ၅၃ ကျပ် ၅ ပဲ ၄ ပိုင်) တန်ဖိုးဖြတ်ကာ ကျပ် ၁ဝဝဝဝ နှင့်ရောင်းမည်ဟု ကြော်ငြာသည်။
ထို့နောက် ဗြိတိသျှအစိုးရသည် အမြောက်သေနတ် စက်ရုံများကို ဆင်မလာမြို့နှင့် ဗြစ်ချက်သမား မစ္စတာ ဒိုင်ယာ(E.J.R Dyer) သို့ ဗြစ်ချက်စက်ရုံအဖြစ် အသုံးပြု ရန်အတွက် ၁၈၈၆ ခု စက်တင်ဘာလတွင် ငှားရမ်းလိုက် တော့သည်။ လေးဧကကျယ်သော မြေကွက်နှင့် မြေကွက် ပေါ်ရှိ ဆောက်ပြီးဆောက်ဆဲ အဆောက်အအုံများကို ဒိုင်ယာကုမ္ပဏီက အလိုရှိရာ ပြုပြင်အသုံးပြုခွင့်ပေး၏။ စက်များကိုမူ တန်ဖိုးပေးမှသာ သုံးရမည်ဟု စာချုပ်ချုပ် သည်။ စာချုပ်သည် နှစ်၂ဝ စာချုပ်ဖြစ်သည်။ ၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ နှစ် ၂ဝအတွက် ကုမ္ပဏီက အစိုးရသို့ အရစ်ကျ ငွေပေးသွင်းရသည်။ ပထမငါးနှစ် အတွက် နှစ်စဉ် ငွေကျပ် ၁ဝဝဝ။ ဒုတိယငါးနှစ်အတွက် နှစ်စဉ် ကျပ်၂၅ဝဝ ။ ကျန် ၁၀ နှစ်အတွက် နှစ်စဉ်ငွေကျပ် ၄ဝဝဝ ဖြစ်သည်။ စာချုပ်သက်တမ်း နှစ် ၂ဝ ပြည့်သွား၍ ထပ်မံကာအသစ်ချုပ်ဆိုလိုသော် တစ်နှစ်လျှင် ငှားရမ်းခ ကျပ် ၇ဝဝဝ ထက်မပိုသော ငှားရမ်းနှုန်းဖြင့်သာ ငှားရမ်းနိုင်ကြောင်း သဘောတူညီကြသည်။
ဤသို့ဖြင့် ရတနာပုံခေတ် လက်နက်စက်ရုံတော်ကြီး ကား ဗြစ်စက်ရုံအဖြစ် ပြောင်းလဲခဲ့လေ၏။ ထို့ကြောင့် ပါတော်မူအပြီး ၁ဝ လမျှအကြာ ၁၈၈၆ ခုနှစ် စက်တင်ဘာလ တွင် စတင်ခဲ့သော ဗြစ်ရည်ကား မန္တလေးသားတို့၏ စိတ်ကူးစိတ်သန်းမဟုတ်။
 
ဆူးငှက်