ကိုဗစ်နှင့် ကိုဗစ်အလွန်ကာလ အဆင့်မြင့်ပညာရေးနှင့် သုတေသန

ကိုဗစ် - ၁၉ ဆောင်းပါး
=============
 
ကိုဗစ်နှင့် ကိုဗစ်အလွန်ကာလ အဆင့်မြင့်ပညာရေးနှင့် သုတေသန
=========================================
 
 
ကမ္ဘာကြီးတစ်ခုလုံး ကိုဗစ်ကာလတွင် ကျောင်းသား ကျောင်းသူများအပါအဝင် မိသားစုအလိုက် အိမ်တွင် နေကြရပါသည်။ တချို့နိုင်ငံများတွင် ကျောင်းအချို့ ပြန်ဖွင့်နေပြီဖြစ်သော်လည်း တချို့နိုင်ငံများတွင် မဖွင့် နိုင်သေးပါ။ တချို့နိုင်ငံများကလည်း Online Learning (အင်တာနက်မှ/အဝေးမှ သင်ကြားပေးသောစနစ်) ကို အစားထိုးလာကြပါသည်။
နည်းပညာကျွမ်းကျင်မှုများ
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်လည်း အခြေခံ နှင့် အဆင့်မြင့် (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ) ပညာရေး ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ ဖွင့်လှစ်ခွင့် အခြေအနေ မပေးသေးလျှင်လည်း ဆရာ ဆရာမက အဝေးမှနေ၍ သင်ကြားပေးမည့် အစီအစဉ်များ ပြင်ဆင် ရပါတော့မည်။ ထို့အတွက် ဆရာ ဆရာမများ Digital Literacy ကွန်ပျူတာနှင့်ပတ်သက်သော ကျွမ်းကျင်မှုနှင့် ကွန်ပျူတာနှင့် ဆက်စပ်နေသော သတင်းအချက်အလက် နည်းပညာကျွမ်းကျင်မှုများ ရှိနေရပါတော့မည်။
ပြီးလျှင် လိုအပ်သော (Hardware) ကွန်ပျူတာ စက်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများ၊ (Desktop) ရုံးသုံး ကွန်ပျူတာ၊ (Laptop) ဘက်ထရီသုံး လက်ဆွဲကွန်ပျူတာ၊ (Smart Phone) ခေတ်မီတယ်လီဖုန်းများ ဝယ်ယူသုံးစွဲ နည်းများပါ သင်ကြား၊ သင်ယူရပါတော့မည်။ ကွန်ပျူတာ ညွှန်ကြားချက်၊ ကွန်ပျူတာသုံးစကားလုံးများ (Software) ကိုလည်း တတ်ကျွမ်းအောင် ပြုလုပ်ရပါတော့မည်။ သတင်းအချက်အလက်နည်းပညာ (Information Technology) နှင့်အတူ ကိန်းဂဏန်းအခြေပြု သင်ကြား နည်း၊ သင်ယူနည်းပညာ (Digital Pedagogy) များပါ တစ်ပြိုင်နက် လေ့လာရပါတော့မည်။
အစားထိုးပြုပြင်
ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် မတူသည့်အချက်က ‘‘ကျောင်းသား ကျောင်းသူများအားလုံး လိုအပ်သော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ကြပါမည် လား’’ စသည်ဖြင့် စဉ်းစားတွေးတောစရာ ဖြစ်လာသည်။ အဆင့်မြင့်ပညာရေးတွင် လက်ရှိ ရှိနေသော အဝေးသင် တက္ကသိုလ်ပညာရေးကို လက်တွေ့ကျသော၊ အကျိုး ရှိသော၊ အသုံးချဘာသာရပ်များ ဖြည်းဖြည်းချင်း အစားထိုး ပြုပြင်ပေးရပါမည်။
ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီပေးနေ သော အဝေးသင်ပညာရေးကို ဆန်းသစ်မှုများစွာဖြင့် ပြောင်းလဲပေးခြင်းစီမံကိန်း (Transformation by Innovation in Distance Education-TIDE project) အရလည်း ဗြိတိန်နိုင်ငံတွင် အခြေပြု၍ ကမ္ဘာတစ်ဝန်း အောင်မြင်ကျော်ကြားလျက်ရှိသော Open University မှ ပါမောက္ခများ၊ ပညာရှင်များကိုယ်တိုင်ဦးစီး၍ အလုပ် လုပ်ရင်း၊ အိမ်မှာနေရင်း စာသင်ပေးသော နည်းစနစ်ကို ကိုဗစ်ကာလနှင့်အတူ ဖြတ်ကျော်လေ့ကျင့်၊ သုတေသနပြု ဆောင်ရွက်လျက် ရှိနေပါသည်။
အွန်လိုင်းမှ သင်ကြားပေးနေရင်း ကျွန်တော်တို့နိုင်ငံတွင် အရိုးစွဲနေသည့် အလွတ်ကျက်နေသောစနစ်မှ အတွေးအခေါ် အခြေပြုပညာရေး၊ တီထွင်ဆန်းသစ်သော ပညာရေးစနစ်သို့ ပြောင်းလဲပြုပြင်ရပါမည်။
ဘွဲ့ရဦးရေအများဆုံး
ကမ္ဘာ့ဘဏ်နှင့် UNESCO အဖွဲ့တို့ ပူးပေါင်းမှတ်တမ်း ပြုထားသော ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် နိုင်ငံအချို့၏ ဘာသာရပ် အလိုက် ဘွဲ့ရဦးရေ ရာခိုင်နှုန်းကို ပူးတွဲပါဇယားတွင် တွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ်စာရင်းဇယား များအရ ဝိဇ္ဇာပညာနှင့် လူမှုရေးဘွဲ့ရ ၄၅ ဒသမ ၇ ရာခိုင်နှုန်း၊ သဘာဝသိပ္ပံဘွဲ့ရ ၂၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဘာသာရပ်နှစ်ခုပေါင်း ၆၉ ဒသမ ၃ ရာခိုင်နှုန်းဖြင့် နိုင်ငံ အားလုံးတွင် ဘွဲ့ရဦးရေအများဆုံး ဖြစ်နေသည်ကို ထူးခြားစွာ တွေ့မြင်နေရပါသည်။
အရေးတကြီးလိုအပ်
ယခုကိုဗစ်ကာလအတွင်း လိုအပ်သော ဆရာဝန်များ (ဆေး၊ သွားဘက်ဆိုင်ရာ)၊ ဆေးဝါးကျွမ်းကျင်သူ၊ သူနာပြု၊ လူထုကျန်းမာရေးပညာရှင်များပါရှိသည့် ဆေးတက္ကသိုလ် များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ မွေးထုတ် ပေးလိုက်သော ကျန်းမာရေးဘွဲ့ရရာခိုင်နှုန်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ၂ ဒသမ ၃ (တစ်နည်းအားဖြင့် ဘွဲ့ရဦးရေ ၁၀၀ တွင်မှ ကျန်းမာရေးပညာရှင်နှစ်ဦးသာ မွေးထုတ် ပေးနိုင်ပြီး လာအိုနှင့် ထိုင်းနိုင်ငံတွင် ငါးဦး၊ ဗီယက်နမ်တွင် ခြောက်ဦး၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် ခုနစ်ဦး၊ စင်ကာပူတွင် ကိုးဦး၊ ပြင်သစ်နှင့် ကိုရီးယားတွင် ၁၅ ဦး၊ အင်ဒိုနီးရှားတွင် ၁၆ ဦး၊ နော်ဝေတွင် ၁၉ ဦး၊ ဖင်လန် တွင် ၂၁ ဦးအထိ မွေးထုတ်ပေးနေသည်ကို တွေ့ရှိနိုင်
ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် လိုအပ်နေသော ဘာသာရပ် ဆိုင်ရာ ပညာများကို နှစ်အလိုက်ဘွဲ့ရများ စနစ်တကျ တိုးတက်သင်ကြားမွေးထုတ်ပေးနိုင်ရန် အရေးတကြီး လိုအပ်ပါပြီ။
ကြည်နူးအားရဖွယ် တွေ့မြင်နေရ
ထို့အတူ ကိုဗစ်နှင့် ကိုဗစ်အလွန်ကာလအတွက် အဆင့်မြင့်ပညာသင်ကြားပေးနေသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ သုတေသနများမှာလည်း ဤဗိုင်းရပ်စ် ကာကွယ်ဆေး (Vaccine)၊ ကုသဆေး (Medicine)၊ ကျန်းမာရေးအရ စနစ်တကျ နေထိုင်ပုံနည်းစနစ်များ (e.g. Social Distancing) စသည်တို့ကို ဆေးနှင့် နှီးနွှယ် တက္ကသိုလ်များတွင်သာမက ဥပမာ-ဓာတုဗေဒ၊ ဆေးဝါး ဗေဒ၊ စိတ်ပညာ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ ဥပဒေဘာသာ ရပ်များကပါ ပူးပေါင်းသုတေသနပြုသင့်သည်ဟု အကြံပြု လိုပါသည်။ အင်ဂျင်နီယာနှင့် ကွန်ပျူတာတက္ကသိုလ် များက တီထွင်ထုတ်လုပ်သည့် ဆေးဖျန်း ရိုဘော့စက်ရုပ် များကို ဆေးရုံများသို့ ပေးပို့လှူဒါန်းနေသည်ကိုလည်း ကြည်နူးအားရဖွယ် တွေ့မြင်နေရပါသည်။
ထိုစက်ရုပ်များ၊ ပိုးသတ်အခန်းများ လက်တွေ့ ကျ၊ မကျ ဆက်လက်သုတေသနပြုရန် လိုအပ်မည် ထင်ပါသည်။
သုတေသနပြုလုပ်နိုင်
ဆေးရုံ၊ ဆေးခန်းမလာနိုင်သော ပုံမှန်ချောင်းဆိုး၊ ကိုယ်ပူဖျားနာ၊ အသက်ရှူခက်ခဲလူနာများအတွက် ကုသ ပေးလျက်ရှိသော တိုင်းရင်းဆေးဝါးများ (Traditional Medicines) နှင့် တိုင်းရင်းဆေးဝါးအပင် (Medicinal Plants) သုတေသနများကိုလည်း တိုင်းရင်းဆေးဝါး တက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ရှိ ရုက္ခဗေဒ၊ ဓာတုဗေဒဌာနများမှ စုပေါင်းစီမံချက်ဆွဲပြီး သုတေသနပြုလုပ်နိုင်ပါက အလွန် ကောင်းမွန်မည် ဖြစ်ပါသည်။ ဥပမာ လက်ဖက်ရည်ကြမ်း သောက်ပေးခြင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း စားသုံးခြင်း၊ နေပူစာလှုံခြင်း (နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် တွေ့ဆုံပွဲတွင်ပြောကြားခဲ့) စသည်တို့ကိုလည်း စနစ်တကျ သိပ္ပံနည်းကျ သုတေသနပြုထားမည်ဆိုပါက ကျွန်တော်တို့နိုင်ငံ တစ်မျိုးသားလုံး ညီညွတ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်တိုက်ထုတ်နိုင်ပါသည်။ ကျောင်းသား ကျောင်းသူများ၊ စေတနာရှင်လုပ်အားပေး များနှင့်အတူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ကျောင်းသူများပါ ပူးပေါင်းပါဝင် လုပ်အားပေး၍ ဤရောဂါ ကို အမြစ်ပြတ်အောင် တိုက်ထုတ်ကြပါစို့ဟူ၍ တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။
 
မောင်ပြေ (ဆင်ပေါင်ဝဲ)