ပြည်သူ့တာဝန် မေတ္တာမွန်

ဆောင်းပါး
======
 
ပြည်သူ့တာဝန် မေတ္တာမွန်
 
================
 
 
ဒေါက်တာမော်
=========
 
“မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး....
လယ်စောင့်တဲလေး ခြေတံရှည်၊
မိုးကုပ်အောက်မှာတည်.....
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်၊
တဲနှင့် ပနံသင့်။”
ကဲ လက်ဆေးရင် ဆပ်ပြာတိုက်နေတုန်း မော်တို့ငယ်ငယ် က ဆိုခဲ့ကြတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ဒီကဗျာလေးကို နှစ်ခေါက်လောက် ဆိုကြရအောင် ကဗျာလေးပြီးမှ ဆပ်ပြာတွေကို ရေနဲ့ဆေးမယ်နော်။
ယနေ့ကမ္ဘာမှာ ကြုံတွေ့နေရသော COVID-19 ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့် (pandemic) ကပ်ရောဂါကို ကာကွယ်ရန်အတွက် “လက်ဆေးပါ” .. “လက်ဆေးပါ” ဟု ပြောနေကြရာဝယ် လက်ရေစိုရုံလေး ဆေးလို့ကတော့ ပိုးမသေပါ။
အနည်းဆုံး စက္ကန့် ၂၀ လောက်ကြာအောင် လက်ဖဝါးအချင်းချင်း၊ လက်ချောင်းများအကြား၊ လက်ဖမိုး၊ လက်မအရင်း၊ လက်ချောင်းများ၊ လက်သည်း များနှင့် လက်ကောက်ဝတ်ပါမကျန် ဆပ်ပြာဖြင့် သေသေ ချာချာ ပွတ်တိုက်ဆေးမှသာ ပိုးသေမှာပါ။
ဒီကဗျာလေးကို နှစ်ခေါက်ရွတ်လျှင် စက္ကန့် ၂၀ ခန့် ကြာပြီး သုံးခေါက်ရွတ်လျှင် စက္ကန့် ၃၀ ခန့် ကြာပါသည်။
ဒီကဗျာလေးအစား စက္ကန့် ၂၀ - ၃၀ စာခန့် မိမိ ယုံကြည်နှစ်သက်ရာ ဘုရားစာ ၊ ဂါထာလေးများကိုလည်း ရွတ်ဆိုနိုင်ပါသည်။
လုံလောက်သောရေ၊ ဆပ်ပြာများဖြင့် ထိုကဲ့သို့ အချိန်ယူပြီး စနစ်တကျလက်ဆေးမှသာ လက်မှာ ကပ်နေသောပိုးမွှားများ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်ပါသည်။
လက်ဆေးခြင်းဖြင့် ခံစစ်ဆင်ကြပါစို့
COVID-19 သည် ဗိုင်းရပ်စ်ပိုး ဖြစ်ပါသည်။ ဗိုင်းရပ်စ်ပိုးအခွံသည် အဆီဖြင့်ဖွဲ့စည်းထားပါသည်။ ဆပ်ပြာက အဆီကို အလွယ်တကူပြိုကွဲစေပါသည်။ ထို့ကြောင့် ဆပ်ပြာသည် ဗိုင်းရပ်စ်ပိုးကို သေစေပါသည်။
ဆပ်ပြာဖြင့် လက်ဆေးခြင်းသည် လက်ဆေးရည် များ သုံးသည်ထက် ပို၍ထိရောက်သည်ဟု သုတေသနများ အရ သိရသည်။ ကပ်ရောဂါကြီးအဆင့်အထိတောင် ဖြစ်စေသော COVID-19 ကို လွယ်ကူသော၊ လူတိုင်း လုပ်နိုင်သော လက်ဆေးခြင်းဖြင့် ခံစစ်ဆင်ကြပါစို့။
လက်ဆေးသည်ဟုဆိုရာဝယ် အိမ်ကကျေးဇူးရှင် ကလေးမလေးတွေကဲ့သို့ အစားအသောက်တွေ ကိုင်ခါနီး “ဟဲ့ လက်ဆေးပြီးပြီလား” ဟု မေးလိုက်လျှင် “ဟုတ်ကဲ့ ဆေးပြီးပြီ အစ်မ”၊ “ဘယ်တုန်းက ဆေးလဲ” “မနက်က” ဆိုသည်မျိုးတော့ မဖြစ်စေလိုပါ။ အစားအသောက် မကိုင်ခင် လက်ဆေးသည်ဆိုသည်မှာ မကိုင်ခင်လေးတင် ဆေးရမည် ဖြစ်သည်။ ဆေးပြီးမှ ဖုန်းကိုင်လိုက်လျှင်၊ တံခါးကိုင်လိုက်လျှင်၊ အထုပ်ဆွဲလိုက်လျှင် ဗိုင်းရပ်စ် သာမက ဘက်တီးရီးယားပါ ပိုးပေါင်းစုံတစ်ပြုံကြီး လက်မှာကပ်လာမည် ဖြစ်သည်။ ထို့နောက်မှ အစား အသောက်ကိုကိုင်ကာ ပါးစပ်ထဲထည့်လိုက်ပြီဆိုပါက ထိုပိုးမွှားများပါ တပျော်တပါးကြီး ပါးစပ်ထဲဝင်သွား တော့မည် ဖြစ်ပေသည်။
မည်သည့်အခါများမှာ လက်ဆေးရမည်နည်း။
အစာမစားခင်၊ မိသားစုအတွက် အစားအသောက် များ မပြင်ဆင်ခင်၊ မျက်ကပ်မှန်မတပ်ခင်၊ နေမကောင်း သူများကို မပြုစုခင်နှင့် ပြုစုပြီး အများကိုင်သော တံခါး လက်ကိုင်၊ မီးခလုတ်စသည်များကို ကိုင်ပြီးလျှင်၊ အိမ်သာ အသုံးပြုပြီးလျှင် လက်ဆေးရမှာကို လူတိုင်း သိကြပါသည်။ မော်ကတော့ အိမ်သာမဝင်ခင်လည်း လက်ဆေးပါဟု အကြံပေးလိုပါသည်။ COVID က ကိုယ်ခန္ဓာရှိ စိုစွတ်သောအမြှေးပါးများမှ ဝင်နိုင်သည် မဟုတ်ပါလား။ လက်ဆေးရမည့်အခါတွေ များလွန်းသဖြင့် “မကြာခဏ လက်ဆေးပါ” ဟုသာ ခြုံ၍ ပြောလိုပါ
သည်။
 
COVID-19 သည် စိုစွတ်သောအမြှေးပါးများမှ ဝင်နိုင် သောကြာင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိမပွတ်ရ ဟု အကြံပေးထားသည်။ သို့သော် လူ့သဘာဝမှာ မျက်နှာ ကို မထိမပွတ်မိအောင် တော်တော်ထိန်းရခက်ပေသည်။ သုတေသနများအရ လူသည် တစ်နာရီအတွင်း အကြိမ် ၂၀ ခန့် မျက်နှာကိုထိမိသည်ဟု ဆို၏ ။ “ဒီနေ့ကစပြီး ကိုယ့်မျက်နှာကိုယ် မထိမိမပွတ်မိအောင် ကြိုးစားကြပါ” ဟု လူထုကို မိန့်ခွန်းပြောနေသော အမေရိကန်ပြည်နယ် တစ်ခု၏ ကျန်းမာရေးဒါရိုက်တာကြီးသည် သူပြောလို့မှ တစ်မိနစ်မပြည့်သေးခင် သူ့လက်က သူ့လျှာကိုတို့ပြီး စာရွက်လှန်မိသဖြင့် လူမှုကွန်ရက်မှာ ထိုဗီဒီယို ပလူပျံအောင်ပြန့်သွားခဲ့ပေသည်။
အကြံပေးလို
 
 
ဤသို့ဆိုလျှင် ကိုယ့်မျက်နှာကို အမှတ်မထင် ထိမိ ပွတ်မိနေသည်ကို မည်သို့ထိန်းကြမည်နည်း။
မော်ကတော့ “သတိ” ကပ်အောင် လေ့ကျင့်ထားခြင်း က အသုံးဝင်မည်ဟု ယုံကြည်ပါသည်။ လက်လှုပ်လျှင် လှုပ်မှန်းသိ၊ လက် “မ” လျှင် “မ” နေမှန်းသိနေပါက မျက်နှာမရောက်မီ သတိဖြင့်ရပ်နိုင်ပေမည်။
COVID-19 မဖြစ်စေရန် လက်ဆေးခြင်းနှင့် မျက်နှာ မထိမပွတ်ခြင်းအပြင် အိပ်ရေးဝအောင်အိပ်၊ အာဟာရပြည့် အောင်စား၊ ပတ်ဝန်းကျင်သန့်ရှင်းအောင်ထား၊ ဘယ်လောက်ချစ်ချစ် တစ်ခွက်တည်း အတူမသောက်၊ တစ်ပန်းကန်တည်း အတူမစားပါနှင့်ဟု အကြံပေးလို ပါသည်။
 
နှာစေးချောင်းဆိုး နေမကောင်းလျှင်ကား ပွဲလမ်း သဘင် လူစုဝေးရာမသွားသင့်ပါ၊ သူငယ်ချင်းများနှင့် မတွေ့သင့်ပါ၊ နှာခေါင်းစည်းတပ်ပါ၊ ဆရာဝန်နှင့် တိုင်ပင် စစ်ဆေးပါ၊ ဆရာဝန်တစ်ယောက်ပြီး တစ်ယောက် လျှောက်မပြပါနှင့်။ အကယ်၍ စောင့်ကြည့်ခြင်းခံရမည် ဆိုလျှင်လည်း အားငယ်စရာ၊ သိမ်ငယ်စရာမလိုပါ။ သူများကို မကူးရန်၊ ရောဂါမပြန့်ရန် စေတနာဖြင့် quarantine order ကို တိတိကျကျ လိုက်နာသင့်ပါသည်။
 
 
ထိုကပ်ရောဂါဆိုးကြီးကိုကျော်လွှားနိုင်ရန်
WHO က WHO အလုပ်လုပ်နေသည်။
အစိုးရတွေက အစိုးရအလုပ်တွေ လုပ်နေသည်။
ဝန်ကြီးဌာနတွေက ဝန်ကြီးဌာန အလုပ်တွေလုပ်နေ သည်။
ပြည်သူတွေက ပြည်သူတွေအလုပ် လုပ်ကြရပေမည်။ ထိုကပ်ရောဂါကြီးကို ကာကွယ်ရေး၊ နှိမ်နင်းရေးမှာ ပြည်သူ့အခန်းကဏ္ဍက အကြီးမားဆုံးပါဝင်နေပါသည်။
ထိုကပ်ရောဂါကြီးဖြစ်ပွားနေစဉ် လူ့သဘာဝ၏ မပြည့်ဝမှုတွေကို ကမ္ဘာအရပ်ရပ်မှာ မြင်နေရသည်။
 
တိုက်ရမည့်ရန်သူက ဗိုင်းရပ်စ်ပါ
ဈေးဆိုင်တွေမှာ အိမ်သာသုံးစက္ကူအတွက် ရန်ဖြစ် ကြခြင်း၊ ရှိသမျှပြောင်စင်သွားအောင် အလုအယက် ဝယ်ကြခြင်းတို့ကို ပထမ စင်ကာပူ၊ နောက်တော့ ဩစတြေးလျ၊ ပြီးတော့ အမေရိကန်နိုင်ငံတွေမှာ တွေ့မြင် ရသည်။ အချို့သော ဥရောပနိုင်ငံများမှာ အာရှနိုင်ငံသား များကို ရောဂါယူလာသူများဆိုပြီး ရိုက်ပုတ်ကြသည်များ ကို ဖတ်ရှုရသည်။ တိုက်ရမည့်ရန်သူက ဗိုင်းရပ်စ်ပါ၊ လူသား အချင်းချင်းမဟုတ်ပါဟု သတိပြုစေလိုပါသည်။ အနောက် နိုင်ငံတစ်ခုမှာလည်း လူနာကအခြားဆေးခန်းမှာ ဗိုင်းရပ်စ်ပိုးစစ်ထားရသည်ကို မပြောဘဲ နောက်ဆေးခန်း တစ်ခုမှာ သွေးတိုးရောဂါရှိ၊ မရှိ စမ်းသပ်ရန် သွားပြသောအခါ ဆရာဝန် အပါအဝင် ဆေးဝန်ထမ်း တွေမှာ လိုအပ်သော ကာကွယ်မှုတွေ မလုပ်ထားသဖြင့် ကူးစက်မည့်အန္တရာယ်နှင့် ရင်ဆိုင်ကြရသည်။ သွေးတိုး ရောဂါ ရှိ၊ မရှိ မစစ်ရမှာ စိုးရိမ်မှုတစ်ခုတည်းကိုကြည့် ပြီး ရောဂါဖြစ်နိုင်ခြေကို ထိမ်ချန်ထားသည့်အတွက် ဆရာဝန်သာမက ထိုဆေးခန်း ရှိ ကျန်းမာရေးလုပ်သား တသီကြီးပါ quarantine ထိသဖြင့် COVID ကို ရှေ့တန်း ကတိုက်နေသော ကျန်းမာရေးလုပ်သား အင်အားလျော့ ကာ သူတို့ကြည့်ရမည့်လူနာများကိုလည်း ထိခိုက်စေပါ သည်။
 
လူ့သဘာဝမှာ ပြည့်ဝမှုတွေလည်း ရှိပါသည်။
လူ့သဘာဝရဲ့ ချစ်စရာကောင်းသည့် ပြည့်ဝမှုများကို အသုံးချကာ ဒီရောဂါဖြစ်ရတာ ဘယ်သူကြောင့်၊ ဘယ်ဝါ့ကြောင့်ရယ်လို့ အပြစ်တင်မနေဘဲ နှာခေါင်းစည်း တပ်တာတောင်မှ “သူများကို မကူးစေချင်လို့” ဆိုတဲ့ စေတနာထားပြီး မဖြစ်ချင်ဘဲ ရောဂါဖြစ်ရသူ၊ စောင့်ကြည့်ခံရသူတွေကို လူသားချင်းတစ်တန်းတည်း စာနာကြကာ ကိုယ့်တာဝန်ကိုယ် ကျေပွန်ကြရင်း COVID-19 ကပ်ဘေးကြီး မကျရောက်လာအောင် စုပေါင်း တိုက်ပွဲဝင်ကြသင့်ပါသည်။
ကိုယ့်တာဝန်ကိုယ် ကျေပွန်
 
ကမ္ဘာတစ်ဝန်းက ကပ်ရောဂါအထူးကု ပညာရှင်ကြီး များ မှန်းဆချက်အရ COVID-19 သည် ကမ္ဘာ့လူဦးရေ၏ ၅၀ - ၇၀ ရာခိုင်နှုန်းကို ကူးစက်နိုင်စွမ်းရှိသည်။ ကူးစက် မည်ဟု ဆိုလိုသည်မဟုတ်ပါ။ မတားဆီးလျှင် ကမ္ဘာ့ လူဦးရေတစ်ဝက်ကျော်လောက်ကို ကူးစက်နိုင်သည့် အလားအလာရှိသည်ဟု ဆိုလိုပါသည်။ နှစ်ယောက်မှာ တစ်ယောက်ဖြစ်နိုင်ခြေရှိသည်ဟု ဆိုလိုပါသည်။ COVID-19 က ထိုအတိုင်းအတာအထိ အန္တရာယ်များ နိုင်ပါသည်။ သို့သော် ပျာယာခတ်ပြီး ကြောက်လန့်နေဖို့ မဟုတ်ဘဲ အလေးထားပြီး တစ်ဦးမှတစ်ဦးသို့ မကူးစက် အောင် ကိုယ့်တာဝန်ကိုယ် ကျေပွန်ကြဖို့သာ အရေးကြီး ပါသည်။
London School of Hygiene မှ ကူးစက်ရောဂါ အထူးကုပရော်ဖက်ဆာကြီးက “COVID-19 ဟာ ခဏ လေးနဲ့တော့ ပျောက်မသွားဘူး။ (မကြာခဏ လက်ဆေးခြင်း အစရှိတဲ့) ကာကွယ်တဲ့ အလေ့အထတွေကို လုပ်ရမယ်။ ဒီလို အလေ့အထတွေလုပ်ခြင်းဟာ ရောဂါဖြစ်နိုင်ခြေတွေ များနေတဲ့ ဒီကာလမျိုးမှာ "ငါ့ကို မကူးဖို့လုပ်တာ" ဆိုတာထက် "သူ့ကိုမကူးဖို့ လုပ်တာ" လို့ ရည်ရွယ်ချက် ပြောင်းရတော့မယ်” ဟု ဆိုပါသည်။
COVID-19 ကတော့ လူသားတွေရဲ့ မေတ္တာ၊ ကရုဏာ၊ စည်းလုံးမှုတွေကို စမ်းသပ်နေပြီတကား......။