အိပ်မက်လမ်းသို့ ဖာမရာအေး(၂)

 
 
 
မြင့်စိုး (နတလ)
 
အိပ်မက်လမ်းကို ထုဆစ်ကြခြင်း
 
တစ်ချိန်က သူတို့တစ်တွေ ၁၄ ရက်၊ ၁၅ ရက်မက ခြေကျင် လျှောက်၍ သွားလာခဲ့ရသောခရီးကို ယခုကျွန်တော်တို့ ငါးနာရီခွဲ၊ ခြောက်နာရီ ကားစီးရုံမျှဖြင့် ရောက်ခဲ့ကြပြီ။ ရီဒမ်းမှ ခေါင်လန်ဖူးသို့ ကားလမ်းမပေါက်သေးသော်ငြား လည်း ဆိုင်ကယ်လမ်းပေါက်နေပြီဖြစ်၍ တကယ်သွားမည် ဆိုလျှင် သုံးနာရီခွဲ၊ လေးနာရီ ခရီးမျှသာ။ ဤသို့ဆိုလျှင် ပူတာအိုမှ ခေါင်လန်ဖူးအထိ ၁၃၂ မိုင် လေးဖာလုံ ခရီးကို သူတို့ဟု ကျွန်တော်ဝိဂြိုဟ်ပြုလိုက်သော ဒေသခံ ရဝမ် နှင့် လီဆူတိုင်းရင်းသားများ၊ ခေါင်လန်ဖူးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်း များအနေဖြင့် နေ့ချင်းပေါက်သွားရောက်နိုင်ပြီ
ဖြစ်သည်။
 
၂၀၁၀ ပြည့်နှစ်တွင် ဖောက်လုပ်ပေးခဲ့သော ပူတာအို - မချမ်းဘော့ - နောင်မွန် ကားလမ်းမပေါက် သေးမီက သူတို့အားလုံး ပူတာအိုအထိ ခြေကျင် လျှောက်ရမည့်ခရီးကို မှန်းဆ၍ကြည့်ကြပါကုန်။ အနည်းဆုံးရက်ပေါင်း ၂၀ ခန့်မျှ ကြာမြင့်ပါလိမ့်မည်။ ပင်ပန်းဆင်းရဲကြီးစွာနှင့် ကြုံခဲ့ကြရပါလိမ့်မည်။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပါပြီ။ အမြင့်ပေ ၇၇၀၀ ကျော်မြင့်မားသည့် ဆန်းလွတ်ချက်တောင်၏ အဓိပ္ပာယ်ကပင်လျှင် သူတို့အခေါ်အဝေါ်အရ ပြန်လမ်း မရှိသောတောင်ဟူ၍ပါတည်း။ ထိုတောင်အမည်၏ အဓိပ္ပာယ်ကို ကြားသိနေသည်မှာ ကြာခဲ့ပါပြီ။ သူတို့အတွက် စိတ်မကောင်းဖြစ်မိသောကြောင့် မည်သည့်ဆောင်းပါးတွင်မှ ထည့်မရေးခဲ့ပါ။ ယခုအခါ ထိုဆန်းလွတ်ချက်တောင်ကြီးပေါ်မှာ ကားလမ်းကြီး ဖြူးနေသော၊ မကြာခဏ လှပသည့် ဆီးနှင်းများ ကျရောက် တတ်၍ လူအများအပြား လာရောက်ကြည့်ရှုလည်ပတ် ကြသော၊ တောင်ကြီးဖဝါးအောက်ဆိုသည့် စကားအတိုင်း ယင်းတောင်ထိပ်ပေါ်မှာ ခြေစုံရပ်လျက် မေခမြစ်၏အလှ၊ အရှေ့ဘက်ဆီမှ ရေခဲတောင်များ၏အလှ၊ ပတ်ဝန်းကျင် တောတောင်သဘာဝအလှများကို တစ်ဝကြီးကြည့်ရှု ခံစားနိုင်သော နေရာတစ်ခုဖြစ်နေပြီဆိုသည်ကို ဒေသခံ တိုင်းရင်းသားများသာမက လူတော်တော်များများ သိနေကြပြီဖြစ်၏။
 
ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ခေါင်လန်ဖူးဒေသ (ယခင်ခေါ် ဘူဒဲဒေသ) ၏ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုအခြေအနေကို မသိဘဲနေမည် မဟုတ်ပါ။ ယခုကဲ့သို့ လမ်းမကြီးတစ်သွယ် ဖောက်လုပ် ပေးရန်အတွက်လည်း ပြင်းပြသောဆန္ဒ ရှိကြပါလိမ့် မည်။ သို့သော် အခက်အခဲများစွာကြုံရမည်ကို သိနေ သောကြောင့် ယနေ့အချိန်အထိ အကောင်အထည်ပေါ် မလာခြင်း ဖြစ်ပါလိမ့်မည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ စွမ်းအားတစ်ခုတည်းဖြင့်လည်း မရနိုင်ပါ။ တပ်မတော်က ပူးပေါင်းကူညီဆောင်ရွက်နေသောကြောင့် ယနေ့ အခြေ အနေအထိ ခရီးပေါက်ခဲ့ခြင်း ဖြစ်သည်။
 
မည်သည့်အကူအညီများ ပေးခဲ့ပါသနည်း။ လမ်း စတင်ဖောက်လုပ်ချိန်မှ ယနေ့အချိန်အထိ ကျွမ်းကျင် အင်ဂျင်နီယာအရာရှိ၊ စစ်သည်များ တွဲဖက်ပေးခြင်း၊ ရှေ့ဆုံးမှနေ၍ သက်စွန့်ဆံဖျား မိုင်းခွဲပေးခြင်း၊ လမ်းအူကြောင်းရှာ တောတိုးခြင်း၊ ယာဉ်၊ ယန္တရားများ အတွက် စက်သုံးဆီများ ပြတ်လပ်မသွားအောင်၊ ယမ်းများ အချိန်မီရောက်ရှိအောင် တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များဖြင့် အချိန်မီပို့ဆောင်ခြင်းများ ကူညီဆောင်ရွက် ပေးခဲ့ကြသည်။ ယခု ကားလမ်းကြီး မဖောက်လုပ်ခင် ကာလများကလည်း ခေါင်လန်ဖူး၊ ပန်နန်းဒင်ဒေသများတွင် ရာသီဥတုဆိုးရွား သောနှစ်များ၌ စားပင်သီးနှံများပျက်စီးပြီး ရိက္ခာမလုံလောက်မှုများနှင့် ကြုံတွေ့ရသည့်အခါ မြစ်ကြီးနားမှ ပူတာအိုအထိ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခြင်း၊ ပူတာအိုမှ ခေါင်လန်ဖူးနှင့် ပန်နန်းဒင် ဒေသများသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်။
 
 
ကျွန်တော်နှင့် ဆိုင်ကယ်စီးခြင်းအနုပညာ
 
ခေါင်လန်ဖူးမြို့လေးကို ရောက်ချင်စိတ်ပြင်းပြနေ၍ ဆိုင်ကယ်စီးဖို့ ပြင်ဆင်ခြင်းတစ်ခုတည်းတော့မဟုတ်၊ ဆိုင်ကယ်နှင့် ကျွန်တော် မကျေပွဲနွှဲလို၍လည်း ဖြစ်သည်။ လွန်ခဲ့သောသုံးနှစ်ခန့်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ရောက်ရှိစဉ် လဟယ်မှတစ်ဆင့် ဒုံဟီး၊ နန်းယွန်းသို့ ဆက်လက်သွားရောက်ရန် ခရီးစဉ်ရေးဆွဲ ခဲ့သည်။ လဟယ်မှ ဒုံဟီး မိုင် ၆ဝ၊ ဒုံဟီးမှ နန်းယွန်း မိုင် ၄၀ စုစုပေါင်း မိုင် ၁၀၀ ခန့် ဖြစ်၏။ ဒါတောင် ပန်ဆောင်မပါသေး။ နန်းယွန်း - ပန်ဆောင်က (၃၄/၄) မိုင်။ သွားမိသည့် အချိန် က မိုးတွင်းကြီး၊ နေလေးများပွင့်ရင် လဟယ် - ဒုံဟီး- နန်းယွန်းခရီးကို လေးဘီးကားဖြင့် သွားနိုင်ကောင်းရဲ့ ဆိုသည့်စိတ်ကူးဖြင့် ချီတက်ခဲ့ကြခြင်းရယ်ပါ။ ယခု စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်က မိုးရွာ၍ ကားလမ်း အဆင်မပြေလျှင် ဆိုင်ကယ်နှင့် သွားလို့ရကြောင်း အကြံပြု၏။ ရတယ်လေ ဆိုင်ကယ်နှင့်သွားကြတာပေါ့။ ရောက်ချင်သည့် နေရာများမို့ ရောက်သွားဖို့သာ အဓိက။ သို့သော် ထိုနေ့ည လဟယ်မှာ ရွာချလိုက်သည့်မိုးက နံနက် ၄ နာရီအထိ မတိတ်တော့။ ဆိုင်ကယ်စီးဖို့ မပြောနှင့် လူတွေတောင် လက်ပစ်ကူးရလောက်သည်။ ထို့ကြောင့်ပင် ကျွန်တော်သည် ပင်စင်စားဘဝရောက်သွားသည့်အခါ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ လဟယ်နှင့် လေရှီးမြို့နယ်များကို သာရောက်ခဲ့ပြီး နန်းယွန်းမြို့နယ်ကို မရောက်ဖြစ်တော့။ သည့်အတွက် ခေါင်လန်ဖူးမြို့လေးရှိရာသို့ ဆိုင်ကယ်စီး၍ သွားခြင်းသည် နာဂဒေသက မကျေပွဲကို ခေါင်လန်ဖူးမှာ ပြန်နွှဲခြင်း ဖြစ်သည်။
 
ကိုယ်တိုင်ကလည်း ငယ်ဘဝမှာ ဆိုင်ကယ်စီး ဝါသနာ ပါသူဖြစ်ခဲ့သောကြောင့် ဆိုင်ကယ်မောင်းသူကို ကိုယ်ချင်းစာ သည်။ ဆန်အိတ်ကြီးတင်ထားသလို ငုတ်တုတ်ထိုင် လိုက်နေ၍ မရ၊ တောင်တက်မှာ ရှေ့သို့ငိုက်ပေးရမည်။ တောင်ဆင်းမှာ နောက်သို့ခွာထားပေးရမည်။ နှစ်ယောက် ဝိတ်ကို မနိုင်သောနေရာ (သို့မဟုတ်) အတက်၊ အဆင်း ကြမ်းသည့်နေရာမှာ ဆင်း၍ လမ်းလျှောက်သင့် လျှောက်ပေး ရမည်။ ကိုယ်တိုင်က ဆိုင်ကယ်မောင်းနေသလိုမျိုး စီးတတ်လျှင် ရှေ့ကဆရာ အလွန်သက်သာ၏။ ဒါကလည်း နယ်စပ်ဒေသတွေမှာ တတ်မြောက်ခဲ့သော ဆိုင်ကယ် စီးခြင်း အနုပညာ။
 
 
ရီဒမ်း-မဂါလ်ထမှ လားဝမ်ထုသို့
 
ကျွန်တော်တို့အဖွဲ့ ဆိုင်ကယ် ငါးစီး။ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒရုန်းကင်မရာရိုက်ကူးမည့် တပည့်အောင်ဇော်မျိုး လည်းပါသည်။ ဦးအားတန်နှင့် ဆွေမျိုးတော်သူ ကိုစိုးကြည် ကတော့ ဆိုင်ကယ်တစ်စီးနှင့် ကိုယ်တိုင်မောင်းသည်။ နံနက် ၈ နာရီမှာ ရီဒမ်းရွာက ထွက်ခဲ့ကြသည်။ ထိုမှ အရှည်ပေ ၇၀၀ ခန့်ရှိ ကြိုးတံတားကြီးတစ်ခုရှိနေသော မဂါလ်ထရွာလေးသို့ ရောက်လာခဲ့ကြ၏။ ၄၈နှင့် ၄၉ မိုင်တိုင်ကြား လားဝမ်ထုကျေးရွာလေးသို့အရောက်တွင် ခေါင်လန်ဖူးမှဆင်းလာသည့် ခရီးသွားများနှင့်ဆုံ၍ နှုတ်ဆက်စကား စ၍ပြောဖြစ်ခဲ့သည်။ ဖာမရာ...ဖာမရာ အေး။ မင်္ဂလာပါ နှုတ်ဆက်ခဲ့ပါတယ်ဟူ၍။
 
 
အိပ်မက်လမ်းသို့ ဖာမရာအေး
 
ဖာမရာဆိုသည်ကတော့ ရဝမ်ဘာသာစကားအရ နှုတ်ဆက်ဂါရဝပြုခြင်းပင် ဖြစ်ပါသည်။ မြန်မာလို ဆိုရင်တော့ မင်္ဂလာပါပဲပေါ့။ ပို၍ အလေးဂရုပြုနှုတ်ခွန်း ဆက်သည့်အခါတွင်မတော့ ဖာမရာအေးဟု နှုတ်ဆက် ကြပါသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့၌ မဂွေဇ- ခေါင်လန် ဖူးကားလမ်း (သို့မဟုတ်) ဒေသခံတိုင်းရင်းသားများ၊ ဝန်ထမ်းများ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသော အိပ်မက်လမ်းကြီးပေါ်သို့ စတုတ္ထအကြိမ်မြောက် ပြန်လည်ခြေချခွင့်ရရှိစဉ် ရင်ထဲအသည်းနှလုံးထဲက လှိုက်လှဲစွာ ရေရွတ်နှုတ်ဆက်မိပါသည်။ ဖာမရာအေး။ မင်္ဂလာပါ၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ အိပ်မက်လမ်းကြီးရေဟူ၍။ ထိုနည်းတူစွာ ဇန်နဝါရီလ ၁၆ ရက်နေ့ ခေါင်လန်ဖူးက အပြန်ခရီးမှာ ထပ်မံ နှုတ်ဆက်ခဲ့ပါသည်။ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ရဝမ်၊ လီဆူ၊ ဂျိန်းဖော့၊ ခမ်းတီးရှမ်းတိုင်းရင်းသားများ အတွက် အစဉ်အမြဲအကျိုးပြုနေမည့် အိပ်မက်လမ်းကြီး ဖြစ်ပါစေ။ အိပ်မက်လမ်းသို့ ဖာမရာအေး။