သတင်းထုတ်ပြန်ချက်

 

 

လှေစီးဒုက္ခသည်များအား ရှာဖွေကူညီရန် လိုအပ်လျက်ရှိချိန် တစ်ဖက်စောင်းနင်းနိုင်သော အဆိုးမြင်ပြောကြားချက်များအားလုံး မြန်မာကပယ်ချ

 

၁။ အိန္ဒိယသမုဒ္ဒရာနှင့် မလက္ကာရေလက်ကြားတို့တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ လှေစီး ဒုက္ခသည်များပြဿနာသည် အရှေ့တောင်အာရှဒေသအတွင်း ၂ဝ၁၅ ခုနှစ်၊ မေလ အလယ်ပိုင်းမှစတင်၍ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံတို့အား ဂယက်ရိုက်လှုပ်ရှားစေခဲ့ပါသည်။

 

၂။ ယင်းကိစ္စများဖြစ်ပေါ်သည့် အချိန်ကာလအတွင်းမှာပင် နော်ဝေ နိုင်ငံ၊ အော်စလိုမြို့၌၊ ၂၆-၅-၂ဝ၁၅ ရက်နေ့တွင်“The Oslo Conference to End Myanmar’s Persecution of Rohingyas” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါ သည်။ အော်စလိုဆွေးနွေးပွဲသို့ မစ္စတာ ဂျော့ဆိုရော့စ်၊ ဒေါက်တာ မဟာသီယာ မိုဟာမက်၊ ဒေါက်တာဆာအဒ် ဟာမစ်ဒ်အယ်လ်ဘာနှင့် ဒက်စ်မွန်တူးတူးတို့မှ ကြိုတင်ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်မှတစ်ဆင့်လည်းကောင်း၊ လူကိုယ်တိုင်တက်ရောက်၍လည်းကောင်း မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

 

၃။ ယင်းတို့၏ပြောကြားချက်များတွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ဒေသ ရှိ အသိုက်အဝန်းနှစ်ခုအကြား ဆောင်ရွက်ပေးနေသည့် ယုံကြည်မှုပြန်လည် တည်ဆောက်ရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုအတွက် အစီအမံ များ၊ မြန်မာနိုင်ငံအတွင်း ယခင်နှစ်ပေါင်းများစွာကပင် နေထိုင်လာခဲ့သည့် ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များမှတစ်ဆင့် တရားဝင် နိုင်ငံသားဖြစ်ခွင့်ရရှိရန်ဆောင်ရွက်နေမှု၊ ရေရှည်တွင် အသိုက်အဝန်းနှစ်ခု အကြား ခိုင်မာမှန်ကန်သည့် အထောက်အထားများဖြင့် လက်တွဲနေထိုင် သွားနိုင်ရန် အစီအမံတို့ကို လျစ်လျူရှုပြစ်တင်ဝေဖန်မှုများကို ပြုလုပ်ခဲ့ပါသည်။ ဤသို့ အပြုသဘောမဆောင်သည့် ၎င်းတို့၏ ပြောကြားချက်များကို ကန့်ကွက် ပါသည်။

 

၄။ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်အတူ လတ်တလော ဖြစ်ပေါ်နေသည့် လှေစီးဒုက္ခသည်များပြဿနာကို လက်တွဲဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ တစ်နိုင်ငံချင်းအနေဖြင့်လည်း မိမိတို့ တတ်နိုင်စွမ်းသရွေ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများကို ပေးအပ်ခြင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ပြုလုပ် လျက်ရှိပါသည်။

 

၅။ ထို့ပြင် ၂၉-၅-၂ဝ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ပြုလုပ်ခဲ့သည့် အိန္ဒိယသမုဒ္ဒရာအတွင်း ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွား လာမှုဆိုင်ရာ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပြီး၊ ဒေသတွင်း နိုင်ငံများနှင့်အတူ လူမှောင်ခိုထုတ်မှု၊ လူကုန်ကူးမှုနှင့်ဆက်စပ် နိုင်ငံဖြတ် ကျော်မှုခင်းများအား ရေတို/ရေရှည်တွင် ထိရောက်စွာ ပူးပေါင်းဖြေရှင်း သွားနိုင်ရန် အမြင်ချင်းဖလှယ်နှီးနှောမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။ နိုင်ငံ တစ်နိုင်ငံကို ဦးတည်ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေခြင်းထက် လူသားချင်း စာနာထောက်ထားမှုကိစ္စများကို ဦးစားပေးပူးပေါင်းဆောင်ရွက်ရန်နှင့် သက်ဆိုင်သည့် နိုင်ငံများတွင် ဖွံ့ဖြိုးရေးအကူအညီများပေးရေးအတွက် ကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဦးတည်ဆွေးနွေးခဲ့ပါသည်။

 

၆။ သို့ဖြစ်ပါ၍ လူမှောင်ခိုကူးသူများနှင့် လူကုန်ကူးသူများ၏ အမြတ် ထုတ်မှုကြောင့် ထိခိုက်ခံစားနေရသည့် လှေစီးဒုက္ခသည်များအား လူသား ချင်းစာနာမှုဆိုင်ရာ စိတ်သဘောထားရှိ၍ ထောက်ပံ့ရေးနည်းလမ်းများ ရှာဖွေကူညီရန် လိုအပ်လျက်ရှိချိန်တွင် နိုင်ငံတစ်နိုင်ငံအပေါ် တစ်ဖက် သတ် ဖိအားပေးအပြစ်ပုံချသည့် အပြုအမူများသည် မြန်မာနိုင်ငံအပါအဝင် သက်ရောက်ခံနိုင်ငံများ၏ လတ်တလောကြိုးပမ်းမှုများကို သေးသိမ်ရာ ရောက်စေပြီး နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်သဖြင့် တစ်ဖက်စောင်းနင်းနိုင်သော အဆိုးမြင် ပြောကြားချက်များအားလုံးကို မြန်မာနိုင်ငံက ပယ်ချပါသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂ဝ၁၅ခုနှစ်၊ မေလ ၃ဝ ရက်