Skip to main content

(၄၇) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

နေပြည်တော် ဩဂုတ် ၄

(၄၇) ကြိမ်မြောက်အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ်ကျင်းပသည်။

အစည်းအဝေးတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက နိုင်ငံတကာ၊ ဒေသတွင်းနှင့် အမျိုးသားရေးဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းချက်များနှင့်ပတ်သက်၍ သဘောထားဖလှယ်ခြင်း၊ (၁၀) ကြိမ်မြောက် အာဆီယံပင်လယ်ဆိပ်ကမ်း ကြားဖြတ်နှိမ်နင်းရေး အထူးအဖွဲ့အစည်းအဝေး၏ အကျိုးရလဒ်များဆွေးနွေးခြင်း၊ အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)နှင့်ပတ်သက်၍ အပြီးသတ်သုံးသပ်မှုပြုလုပ်ခြင်း၊ အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ၎င်း၏လုပ်ငန်းခွဲများအတွက် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်အခြေအနေအား ဆွေးနွေးခြင်း၊ ACCORD ရန်ပုံငွေနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့ပြင် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများအတွက် ဉာဏ်ရည်တု(AI)နှင့် ဒီဂျစ်တယ်ကိရိယာများကို အသုံးပြုခြင်းဆိုင်ရာ အာဆီယံအွန်လိုင်းသင်တန်းအခြေအနေများ၊ (၆၉) ကြိမ်မြောက် CND ၏ အကျိုးရလဒ်များနှင့် CND၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကဏ္ဍတွင် အာဆီယံပူးတွဲကြေညာချက် ထုတ်ပြန်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာကိစ္စရပ်များ၊ အာဆီယံအဖွဲ့ဝင်အဖြစ် တီမောလက်စ်တေနိုင်ငံဝင်ရောက်ခြင်းအတွက် ဦးစားပေးစဉ်းစားရမည့်အချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင်က မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုပြဿနာကို နိုင်ငံအားလုံးက နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံနှင့် တိုက်ဖျက်နေသော်လည်း အဆိုပါပြဿနာသည် ရပ်တန့်မသွားဘဲ နိုင်ငံတော်အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို အမြဲနှောင့်ယှက်နေပြီး နိုင်ငံတိုင်းအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူများသည် ၎င်းတို့၏ပြစ်မှုကျူးလွန်မှုပုံစံများကို ပြောင်းလဲလုပ်ဆောင်နေသည့်အတွက် အသစ်ထွက်ပေါ်လာသည့် လူလုပ်မူးယစ်ဆေးဝါးများ၊ ပြောင်းလဲလာသည့် ဓာတုပစ္စည်းများနှင့်ပတ်သက်၍ သတင်းဖလှယ်ပေးပို့ပေးစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASOD ခေါင်းဆောင်များ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးရုံး၊ CND ၊ CPDAP၊ INTERPOL ၊ UNODC တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး (၄၇) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဩဂုတ် ၅ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်