နေပြည်တော် ဩဂုတ် ၄
အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက လျင်မြန်ပြီး ပိုမိုအားကောင်းသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့် - ၂ (ASEAN-ERAT Level-2 Course on Early Recovery) ဖွင့်လှစ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများအနေဖြင့် စာတွေ့သာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုအနေအထားများကို မြေပြင်အထိ ကွင်းဆင်းလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော် Park Royal ဟိုတယ်၌ ဩဂုတ် ၃ ရက်မှ ၇ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASEAN-ERAT အဖွဲ့ဝင် ၁၄ ဦး တက်ရောက်လျက်ရှိကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အာဆီယံ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ(JAIF)နှင့် AHA Centre တို့ ပူးပေါင်းဖွင့်လှစ် ခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ AHA Centre၊ UNDP၊ IOM၊ IFRC၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ သင်တန်းနည်းပြများက သင်ခန်းစာများ ပို့ချမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ ASEAN-ERAT အဖွဲ့ဝင်များအနေဖြင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်သို့ ကူးပြောင်းလုပ်ဆောင်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကျွမ်းကျင်မှုရှိစေရန်၊ နိုင်ငံတကာက ဆောင်ရွက်လျက်ရှိသော ပြန်လည်ထူထောင်ရေးဆိုင်ရာအတွေ့အကြုံများ၊ ခေတ်မီနည်းပညာများ ဖလှယ်မျှဝေရန်နှင့် ASEAN-ERAT အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် အတွေ့အကြုံဖလှယ်ခြင်းဖြင့် အကျိုးရှိသော သင်တန်းတစ်ခုဖြစ်စေလိုကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ဒေါက်တာသန့်ဇော်လွင်၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ တာဝန်ရှိသူများ၊ AHA Centre ၏ Operation Director နှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
