Skip to main content

လေးမျက်နှာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်မြစ်ရေကာတာကျိုးပေါက်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားခဲ့သဖြင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၅၇ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ ရေကာတာကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးကူညီကယ်ဆယ်ရေးစခန်း ၁၃ ခု ဖွင့်လှစ်ထားရှိပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများစုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေတိုက်စား ပြိုကျမှုမှ ကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်းအိတ်များချခြင်း၊ ရေရှိန်တားပြုလုပ်ခြင်း၊ ရေကာတာ တာပေါင်မြေဖို့ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်