ရန်ကုန် ဩဂုတ် ၄
(၅) နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး-၂၀၂၆ (5th Anniversary International Transport Summit-2026) ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ The Carlton Hotel Ballroom ၌ ကျင်းပခဲ့ပြီး သယ်ယူပို့ဆောင်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာ (Application of Transport Cooperation)လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ နေပြည်တော်နှင့် ရန်ကုန်မြို့အပါအဝင် နိုင်ငံတကာမှ မြို့ပေါင်း ၁၉ မြို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တို့အကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ နေပြည်တော်ကိုယ်စားပြု၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးမျိုးမြင့်အောင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အစိုးရ ဒုတိယမြို့တော်ဝန်၊ မော်စကိုအစိုးရ၏ သယ်ယူပို့ဆောင်ရေးနှင့် လမ်းအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲ မစ္စတာမက်စင်မ်လစ်ကဆူတော့တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
အလားတူ အိန္ဒိယနိုင်ငံ Visakhapatnam မြို့၊ ဂါနာနိုင်ငံ Accra မြို့၊ Turkiye နိုင်ငံ Ankara မြို့၊ Brazil နိုင်ငံ Belo Horizonte မြို့၊ Curitiba မြို့၊ Fortaleza မြို့၊ Goiania မြို့၊ Montes Claros မြို့၊ Porto Alegre မြို့၊ Lebanon နိုင်ငံ Beirut မြို့၊ Serbia နိုင်ငံ Belgrade မြို့၊ Sri Lanka နိုင်ငံ Colombo မြို့၊ Tanzania နိုင်ငံ Dar es Salaam မြို့၊ Nicaragua နိုင်ငံ Managua မြို့၊ Uruguay နိုင်ငံ Montevideo မြို့၊ Ecuador နိုင်ငံ Quito မြို့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Vladivostok မြို့ စသည့်မြို့များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တို့အကြား သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး-၂၀၂၆ (5th Anni-versary International Tran-sport Summit-2026) ကို ဩဂုတ် ၂ ရက်မှ ၆ ရက်အထိကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် Mr. Maksim Liksutov မော်စကိုမြို့ ဒုတိယမြို့တော်ဝန် (သယ်ယူ ပို့ဆောင်ရေးနှင့်စက်မှုလုပ်ငန်း)၊ Mr. Dmitry Zverev ရုရှားဖက်ဒရေးရှင်းနိုင်ငံ သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီးနှင့် State Secre-tary၊ Mr. Vladimir Efimov မော်စကိုမြို့ ဒုတိယမြို့တော်ဝန် (မြို့ပြစီမံကိန်းမူဝါဒနှင့် ဆောက်လုပ်ရေး)တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းထိပ်သီးအစည်းအဝေးသည် မိတ်ဖက်မြို့ပြများအကြား သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီဆန်းသစ်ရေးနှင့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများတွင် အဆင့်မြင့်ကျွမ်းကျင်မှုများကို အပြန်အလှန်မျှဝေရန်၊ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရန်နှင့် လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည့် မဟာဗျူဟာများကို ဖော်ဆောင်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်
