နေပြည်တော် ဩဂုတ် ၁၂
မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်ရေးရာကော်မတီဝင် လူငယ် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော် အစိုးရ အနေဖြင့် မိမိတို့လူငယ်များ၏ အနာဂတ်အလားအလာ ကောင်းများကို ဖြည့်ဆည်းပေးနိုင်ရန် လူငယ်ရေးရာမူဝါဒကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လူငယ်ကိုယ်စားလှယ်များ၊ နည်းပညာ အကြံပေးများနှင့်အတူ အားလုံးပါဝင်ကြိုးပမ်းမှုများဖြင့် ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) ကိုလည်း ရေးဆွဲနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒ အပိုဒ် ၃၀ တွင် လူငယ်များ အနုပညာ၊ အားကစားလှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ပြီး အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံ သင်ယူနိုင်မည့်နေရာဖြစ်သည့် လူငယ်စင်တာကို ထည့်သွင်းဖော်ပြ ထားရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် လူငယ်စင်တာများ ထွက်ပေါ်လာစေရန်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ များသို့ ညှိနှိုင်းပေးပြီး လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရန် အတွက် ဘတ်ဂျက်ရန်ပုံငွေများ ခွဲဝေချထားပေးခဲ့ပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် လူငယ်စင်တာတစ်ခုကို လူငယ်များနှင့်တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တို့တွင် လူငယ်စင်တာအတွက် မြေနေရာများ ရရှိပြီးဖြစ်ပါကြောင်း၊ လူငယ်စင်တာအပြင် လူငယ်ရေးရာ ကိစ္စရပ် များအတွက်လည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်များကိုလည်း ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်ကျင်းပပေးခဲ့ပါကြောင်း၊ အနာဂတ် လူသားစွမ်းရည်အရင်းအမြစ် မျိုးဆက်သစ် လူကောင်း၊ လူတော်များ ဖြစ်ပေါ်လာစေရန် ရေရှည်စီမံ ချက်များဖြင့်လည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူငယ်များသည် မိမိတို့၏ နိုင်ငံအတွင်း၌ သာမက ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင်ကြရန် လိုအပ်ကြောင်း။
အာဆီယံက ဆောင်ရွက်လျက်ရှိသည့် လူငယ်ဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အာဆီယံ အသင်း ဖွဲ့စည်းပြီး လူငယ်များ အပါအဝင် အများပြည်သူများထံမှ သဘောထားအမြင် များနှင့် အကြံဉာဏ်များ ရယူဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်၊ လူငယ် ကိုယ်စားလှယ် (၂)ဦး ပါဝင်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံကိုယ်စားပြု လူငယ်များအနေဖြင့် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း၊ လူငယ်များ၏ ပြည်သူများနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှုများအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ မြို့ပြနှင့် ကျေးလက်မကျန် လူငယ်အများစု ပူးပေါင်းပါဝင်နိုင်ရေး လူငယ်များကပင် ကြိုးပမ်းကြစေလိုကြောင်း၊ လူငယ် ကိုယ်စားလှယ်များက ရေးဆွဲထားသည့် ကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ (မူကြမ်း) ကို အပြီးသတ်ညှိနှိုင်း ဆွေးနွေးပေးကြစေ လိုကြောင်းနှင့် ဆက်လက် အကောင်အထည်ဖော်မည့် မဟာဗျူဟာလုပ်ငန်းစဉ်များကို လက်တွေ့ ကျကျ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု ယန္တရားဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများ (မူကြမ်း)ကို ရေးဆွဲထားပြီး ဆွေးနွေးနိုင်ကြမည်ဖြစ်၍ ဝမ်းမြောက်ပါကြောင်း၊ လူငယ် ရေးရာ မူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို ရေးဆွဲထားနိုင်ပြီဖြစ်၍ စုပေါင်းအင်အားဖြင့် လူငယ်များစည်းလုံး ညီညွတ် စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လူငယ်များ၏ အနာဂတ်အတွက် ပညာရေးသည် အကျိုးရှိသည့် သင်ယူခြင်းဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကလေးဘဝ ရှေ့ဆောင် ရက် (၁,၀၀၀) စီမံချက်သည် တစ်သက်တာသင်ယူ တက်မြောက်မှုအတွက် အရေးကြီးသော အခြေခံ အုတ်မြစ်အဖြစ် ထိရောက်သော အထောက်အပံ့ကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် လူမှုစီးပွားဘဝတိုးတက်စေရန်ပင် ဖြစ်ပါကြောင်း၊ Quality Education လည်းဖြစ်ရန်လိုပါကြောင်း၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားပါကြောင်း၊ ယခု COVID-19 ကာလတွင် လည်း ကျန်းမာရေးနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် သင်ယူမှုပတ်ဝန်းကျင်ဖြစ်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန် လိုအပ်သည့် အချက်အလက် များကို စံသတ်မှတ်ချက် (Standard Operation Procedures) များဖြင့် တိုင်းတာကြောင်း၊ လူငယ်စင်တာများ ဖွင့်လှစ်နိုင်မှုကိုလည်း ကြိုဆိုပါကြောင်းနှင့် အလွှာစုံတွင်ရှိနေသည့် လူငယ်များ အတွက် ထည့်သွင်းစဉ်းစားရန် လိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ (၂) ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)ကို ရေးဆွဲထားနိုင် ပြီဖြစ်၍ လူငယ်များအတွက် ဂုဏ်ယူပါကြောင်း၊ လူငယ်မူဝါဒတွင်ပါဝင်သော ပညာရေးကဏ္ဍ (၁၅)ချက်၊ ကျန်းမာရေးကဏ္ဍ (၈) ချက်၊ မူးယစ်ဆေးနှင့်အခြားဘေးဖြစ်စေတတ်သည့်အန္တရာယ်များ (၆)ချက်၊ အားကစားနှင့်အပန်းဖြေခြင်းကဏ္ဍတွင်(၈)ချက် စသည့်သတ်မှတ်ချက်များကို ပြည့်မီအောင် စီစဉ်ဆောင် ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန များနှင့် အဖွဲ့အစည်းများအားလုံးနှင့်ချိတ် ဆက်ပူးပေါင်း ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ရည်မှန်းချက် အတိုင်း ဆောင်ရွက်နိုင်ရန် အဓိကအရေးကြီးဆုံးအချက်မှာ ကိုယ်တိုင်ကျန်းမာရန်၊ အသက်မွေးဝမ်း ကျောင်းပညာနှင့် အတန်းပညာ တတ်ရန်၊ ပရဟိတစိတ်ဓာတ်ရှိရန်၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်ရှိရန်၊ နားလည်မှုနှင့်သည်းခံစိတ်ရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့လူငယ်များ၏ ဆောင်ရွက်နိုင်စွမ်းကို အနှောက်အယှက်အဟန့်အတားဖြစ်စေမည့် အချက်များ ဖြစ်သော ကွမ်းယာ၊ ဆေးလိပ်၊ အရက်သောက်သုံးမှု၊ မူးယစ်ဆေးသုံးစွဲမှုအပါအဝင် ကျန်းမာရေးနှင့် မညီညွတ်သော ဘဝနေထိုင်မှု ပုံစံများကို ရှောင်ကြဉ်ရမည်ဖြစ် ပါကြောင်း၊ အပေါင်းအသင်း မိတ်ဆွေကောင်းများနှင့် ပေါင်းသင်း ဆက်ဆံကြစေလိုပါကြောင်း၊ လူငယ်များအနေဖြင့် မည်သည့် လုပ်ငန်းကို လုပ်ချင်သည် ဖြစ်စေ ကျန်းမာရန်အဓိကဖြစ်၍ ကိုယ်ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားပုံမှန် ပြုလုပ်ခြင်း၊ စိတ်ကျန်းမာရေးအတွက် ပြည်သူ့နီတိ၊ လူကျင့်ဝတ်များနှင့်အညီ ကျင့်ကြံတွေးခေါ် နေထိုင်ခြင်း တို့သည် အရေးကြီးပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ် များက ရေးဆွဲထားသည့် ကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ (မူကြမ်း)၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ မဟာဗျူဟာစီမံချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)