Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ e-ID စနစ်လုပ်ငန်းကော်မတီ၊ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်


နေပြည်တော် အောက်တိုဘာ ၂၆

မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး ဖြစ်သည့် e-ID စနစ် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်းကော်မတီ၊ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ e-ID  စနစ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ နိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာ၌ ထိရောက်လျင်မြန်စေပြီး နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင် ရေးအတွက် e-Government စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက် အတိုင်း ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (SDG) နှင့်အညီ သက္ကရာဇ် ၂၀၃၀ ၌ နိုင်ငံသားတိုင်း မွေးစာရင်းအပါအဝင် တရားဝင်မှတ်ပုံတင် တစ်ခုရရှိရေးဆိုသည့် လိုလားချက်၊ နိုင်ငံအတွင်း နေထိုင်သူတစ်ဦး ချင်းစီ၏ ကိုယ်ရေးအချက် အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီး လူတစ်ဦးချင်းစီ ကိုကိုယ်ပိုင် နံပါတ်တစ်ခုစီ ထုတ်ပေးရေးနှင့် e-Government Application များတွင် အသုံးပြုနိုင် ရေးဆို သည့်လိုလားချက်၊ National Database စနစ်တည် ဆောက်၍ e-Government Application နှင့် Single Platform အဖြစ် ချိတ်ဆက်အသုံးပြု နိုင်ရေးဆိုသည့် လိုလားချက် စသည့်အချက်များ သည် e-ID လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန် တိုက်တွန်းလမ်းညွှန်ချက်များပင် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်လုပ်ငန်းကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ ခြင်းဖြစ်ရာ လုပ်ငန်းစီမံချက်အသစ်တစ်ခု မဟုတ်ကြောင်းကို ပြောကြားလိုပါ ကြောင်း။

 ယင်းသို့ ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ကြုံတွေ့နိုင်သည့်အခက်အခဲများကို သိရှိနိုင်စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အချို့၌ နယ်မြေဒေသသတ်မှတ်၍ စမ်းသပ်မှု များဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများ၏ စနစ်များကို လည်းလေ့လာခဲ့ရာ ယင်းလေ့လာချက်များအရ မိမိတို့နိုင်ငံ တွင် e-ID စနစ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် နိုင်ငံတွင်း နေထိုင်သူအားလုံးကို electronic နည်းပညာအသုံးပြု၍ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက် (Biographic Data) နှင့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓါတ်ပုံ (Biometric Data) များ ကောက်ယူကာ Database တွင် သိမ်းဆည်းပြီး လူတစ်ဦးချင်းစီအတွက် (Unique ID Number) ကို (Random)ဖြင့် သတ်မှတ်ပေး၍ မှတ်ပုံတင်ထိန်းသိမ်း ခြင်းလုပ်ငန်းနှင့် ဒုတိယ အဆင့်အနေဖြင့် electronic စနစ်ဖြင့် မှတ်ပုံတင်ထားသူများအနက်မှ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား အရည်အချင်းရှိသူများကို စိစစ်အတည်ပြုပြီး နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးခြင်း (National ID) (သို့မဟုတ်) အချိန်အတိုင်း အတာတစ်ခုတွင် တစ်ပြိုင်တည်း ဆောင်ရွက်ခြင်း တို့က ပိုမိုကောင်းမွန်သည်ကို သုံးသပ်တွေ့  ရှိရပါကြောင်း။  e-ID စနစ် မှတ်ပုံတင်ခြင်း စီမံကိန်းအောင်မြင် အောင်  အကောင်အထည်ဖော်နိုင်ရေး အတွက် ရရှိသည့် အချိန်ကာလအတွင်း ပြီးစီးနိုင် သမျှသော လုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိ သလောက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီဝင်များ အနေဖြင့် ယခုစီမံကိန်း အောင်မြင်နိုင်ရေးအတွက် ကောင်းမွန်သည့် အကြံဉာဏ်များပေးကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန် နှင့် လုပ်ငန်းကော်မတီ ဝင်များက e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် ထည့်သွင်းဆောင် ရွက်ရမည့်အခြေအနေများ၊ တိကျခိုင်မာသည့်ဥပဒေနှင့် နည်းပညာ ဆိုင်ရာလိုအပ်ချက်များ၊ ဌာနအလိုက် နည်းပညာဆိုင်ရာ ဆောင်ရွက်နေမှုနှင့် နည်းပညာ လုံခြုံရေးဆိုင်ရာ အခြေအနေများ၊ လုပ်ငန်းဆိုင်ရာအဖွဲ့များ ဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်း စီမံချက် ရေးဆွဲပြုစုနိုင်ရေးအခြေအနေများ၊ တွေ့ကြုံနိုင်သည့် လုပ်ငန်းဆိုင်ရာအခက် အခဲများကို အသီး သီးရှင်းလင်း ဆွေးနွေးတင် ပြကြသည်။  ယင်းနောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ပြည်ထောင်စုဝန်ကြီး က သိရှိလိုသည်များနှင့် လုပ်ငန်းလိုအပ်သည်များကို မေးမြန်းညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးပြီး ဆွေးနွေး အကြံ ပြုချက်များ နှင့်ပတ်သက်၍ e-Government ဦးဆောင်ကော်မတီသို့ ဆက်လက်တင်ပြကာ လုပ်ငန်းစီမံချက် ရေးဆွဲဆက် လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း နိဂုံးချုပ် အမှာစကားပြောခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)