ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ကြီးကို စတင်ထူထောင်ခဲ့သည်။ အဖွဲ့၏အခြေခံမူအဖြစ် (၁) အဖွဲ့ဝင်နိုင်ငံအားလုံးသည် အချုပ်အခြာအာဏာပိုင် တန်းတူရည်တူနိုင်ငံများ ဖြစ်ကြသည်။ (၂) အဖွဲ့ဝင်နိုင်ငံအားလုံးသည် ပဋိညာဉ်စာတမ်းကို လိုက်နာကြရမည်။ (၃) နိုင်ငံများသည် မိမိတို့၏ ကွဲပြားခြားနားချက်များကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းကြရမည်။ (၄) ကုလသမဂ္ဂသည် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်၊ (၅) နိုင်ငံများသည် ကုလသမဂ္ဂကို ကူညီထောက်ပံ့ရန် ကြိုးစားအားထုတ်သင့်ကြသည်ဟူသော မူ(၅) ရပ်ကို အခြေခံမူများအဖြစ် ချမှတ်ခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂကို စတင်ထူထောင်စဉ်ကပင် အဖွဲ့ဝင်နိုင်ငံများအတွင်းမှ နိုင်ငံကြီးများ ကသာ အဖွဲ့ကို လွှမ်းမိုးခဲ့သည်။
၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း က မိန့်ခွန်းပြောကြားခဲ့ရာ၌ “ကျွန်ုပ်တို့မှတ်သားသင့်သည်မှာ ဤနိုင်ငံပေါင်းစုံ ကုလသမဂ္ဂသည် စစ်အောင်မြင်သော နိုင်ငံကြီးများ၏ လက်အောက်ခံနိုင်ငံများရှိ လက်အောက်ခံလူမျိုးများအတွက် မည်သို့မျှ မစီမံ မဆောင်ရွက်သေးသောကြောင့် ထိုထိုသော နိုင်ငံငယ်များရှိ လူမျိုးများ၏ နိုင်ငံရေး၊ စီးပွားရေးမျှော်လင့်ချက်သည် ရှေးက ကဲ့သို့ပင်မသေမချာ မရေမရာပင်ရှိပေသေး၏” ဟူ၍ လည်းကောင်း၊ “နိုင်ငံပေါင်းစုံကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လုံခြုံရေး အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော အဖွဲ့ကြီးဖြစ်လိုခဲ့ပါလျှင် နိုင်ငံကြီး နိုင်ငံငယ် စက်ဆုပ်ဖွယ်ကောင်းသော အတန်းအစား ခွဲခြင်းတို့ကို ပပျောက်အောင် ပြုလုပ်သင့်ကြလေပြီ” ဟူ၍ လည်းကောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်မှ မလွတ်မြောက်သေး။ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ မရောက်ရှိသေးချိန်ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး သည့်နောက် ယင်းနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့သည်။
တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် မြန်မာ နိုင်ငံသား ဦးသန့်က ၁၉၆၁ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ သက်တမ်း နှစ်ကြိမ်ထမ်းဆောင်ခဲ့ရာ ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ဆယ်စုနှစ် ကာလအတွင်းမှ အတွေ့အကြုံများကို “ကုလသမဂ္ဂပေါ်မှ အမြင်” စာအုပ်၌ ပြန်လည်ရေးသား ဖော်ပြခဲ့သည်။ ဦးသန့်၏ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘဝ အတွေ့အကြုံများတွင် စာနယ်ဇင်း များနှင့် အခြားမီဒီယာများ၏ မမှန်မကန် ဘက်လိုက်ဖော်ပြထားမှုများကြောင့် မူလဖြစ်ရပ်များနှင့် အံ့သြဖွယ်ကောင်းအောင် ခြားနားနေမှုများ၊ အခြေအနေမှန် ဖြစ်ရပ်မှန်များကို တွန်းအားပေးခြင်း၊ လျစ်လျူရှုထားခြင်း၊ ဘက်လိုက်ဖော်ပြခြင်းများ အများအပြား တွေ့ကြုံခဲ့ရသည်။ ထို့အပြင် အရေးကြီးသောအဆို ဆုံးဖြတ်ချက်များတွင် ထောက်ခံမဲ သုံးပုံနှစ်ပုံရရှိရေးအတွက် နိုင်ငံကြီးများက အုပ်စုဖွဲ့ စွမ်းဆောင်နိုင်မှု များ၊ မီဒီယာများကလည်း ၎င်းတို့ကိုသာ အသားပေးဖော်ပြမှုများဖြင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ အခင်းအကျင်းများ၊ ကုလသမဂ္ဂပေါ်မှ မြင်ကွင်းများသည် ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်သည့်တိုင် မပြောင်းလဲသေး။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် က မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပ ရာတွင် အတည်ပြုနိုင်ခြင်းမရှိသည့် မှားယွင်းသည့် သတင်းအချက် အလက်များပေါ်တွင် အခြေခံကာ တစ်ဖက်သတ်စွပ်စွဲမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် မကိုက်ညီသော၊ အပြုသဘော မဆောင်သော အဆိုပြုမှု မြန်မာနိုင်ငံကို ပြင်ပမှဝင်ရောက်စွက်ဖက် လိုသူများဘက်မှ ချဲ့ကား ပြောကြားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ မှားယွင်းသည့် အချက် အလက်များကို ရယူအသုံးပြုခြင်းက မှားယွင်းသည့်အသိနှင့် မှားယွင်းသည့် ဆုံးဖြတ်ချက်ကိုသာ ရလဒ်ဖြစ်ပေါ်စေမည်ဖြစ်သည်။ ရှင်းရှင်းလင်းလင်း ထုတ်ဖော်အသိပေးထားပြီးဖြစ်သည့် သတင်းအချက် အလက်များကို လျစ်လျူရှုထားခြင်းကလည်း ဘက်လိုက်မှု၊ လိုရာ ဆွဲမှု၊ ချဲ့ကားမှုများပြုရန်အတွက်သာ ဖြစ်ရာ မြန်မာနိုင်ငံအပေါ် ထားရှိသည့် စေတနာမှာ အဆိုးမှတစ်ပါး အခြားမရှိနိုင်ပါကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်