နေပြည်တော် ဇူလိုင် ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ် ခရေအိမ်ရာရှိ တိုက်အမှတ် (၉၆) ပြန်လည်ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက်၊ အခန်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးမှာကြားသည်။
ဆက်လက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် (၁၃၀၉) နှင့် (၁၃၀၇) တို့ကို ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လယ်ဝေးမြို့နယ် ရာဇသင်္ဂဟလမ်းမကြီး လမ်းပိုင်းများပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်း မြေထိန်းနံရံများ ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဆယ်တင်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိရေးတို့ကို မှာကြားသည်။
ယမန်နေ့ ညနေပိုင်းကလည်း ငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရန် မြေနေရာရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)