ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း မအောင်မြင်စေရေးအတွက် အဖျက်အမှောင့်သမားတို့က မဟုတ်မမှန်သတင်းများ လွှင့်ထုတ်၍ နှောင့်ယှက်ခဲ့ကြစေကာမူ မြို့နယ်အသီးသီး၊ ဒေသအနှံ့အပြားတို့တွင် အရှိန်အဟုန်မပျက်ဆောင်ရွက် လျက်ရှိကြသည်။ အသစ်ရောက်လာသည့် ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာက အသိအမှတ်မပြုကြောင်း၊ ထိုးပါက အသက်အန္တရာယ် ရှိကြောင်းတို့ အပါအဝင် ကာကွယ်ဆေးထိုးနှံမှု မခံယူစေရေး အတွက် ပြည်သူလူထုကို လိမ်လည်လှည့်ဖြာ သတင်းအမှားများ ပေးခဲ့သော်လည်း ပြည်သူက လက်မခံဘဲ ကပ်ရောဂါကာကွယ် ဆေးကို ယုံယုံကြည်ကြည်ဖြင့် ထိုးနှံမှုခံယူနေကြခြင်းပင် ဖြစ်သည်။
ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အဓိကအရေး ပါသော လုပ်ငန်း ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်း လျှော့ချရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို တားဆီးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးနေခြင်းဖြစ်ရာ ပြည်သူလူထု၏ အသက်အန္တရာယ်နှင့် လူမှုစီးပွားရေးဘဝတို့အတွက် လွန်စွာ အရေးကြီးလှသည်။ လက်ရှိမြန်မာနိုင်ငံတွင် ထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိရောက်မှု၊ စိတ်ချရမှု၊ အရည်အသွေးကောင်းမွန်မှုတို့အတွက် အတည်ပြုပေးထားပြီးဖြစ်သည့် ဆေးများဖြစ်သည်။ တရုတ်နိုင်ငံထုတ် အဆိုပါ ဆေးများဖြစ်သည့် ဆိုင်နိုဖမ်းနှင့် ဆိုင်နိုဗက်တို့ကို တရုတ်နိုင်ငံက ၎င်း၏ပြည်သူများကိုလည်း သန်းပေါင်း များစွာထိုးနှံပေးထားပြီးဖြစ်သည်။ အာရှ၊ အာဖရိကနှင့်တောင်အမေရိကတိုက်တို့ရှိ နိုင်ငံများသာမက ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဟန်ဂေရီကလည်း တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။
ကမ္ဘာပေါ်တွင် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု တတိယ အများဆုံးဖြစ်ပြီး သေဆုံးသူ ဒုတိယအများဆုံးဖြစ်သည့် ဘရာဇီး နိုင်ငံက ဆိုင်နိုဖမ်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြို့တစ်မြို့ရှိ အရွယ်ရောက်ပြီးသူအားလုံးကို ထိုးနှံပေးခဲ့ရာ ကိုဗစ်ကြောင့် သေဆုံးသည့်နှုန်း ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် တွေ့ရသည်။ အခြားလက်တင် အမေရိကနိုင်ငံဖြစ်သည့် ချီလီနှင့်မက္ကဆီကိုတို့ကလည်း သူ့ပြည်သူများကို တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို ထိုးနှံ ပေးနေခြင်းဖြစ်သည်။ ကိုဗစ်-၁၉ကာကွယ်ဆေးကို ဓနအင်အား ကြီးမားတောင့်တင်းသည့် ကမ္ဘာ့နိုင်ငံကြီးအချို့က လက်ဝါးကြီးအုပ်ဝယ်ယူမှုများကြောင့် ကျန်နိုင်ငံ ငယ်အများအပြားမှာ ကာကွယ်ဆေးရရှိရေး ရုန်းကန်နေကြရသလို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကာကွယ်ဆေး အစီအစဉ်ကိုလည်း စောင့်မျှော်နေကြရသည်ကို ကမ္ဘာ့သတင်းများတွင် တွေ့နိုင်သည်။