နေပြည်တော် ဩဂုတ် ၄
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သက်ဆိုင်ရာမြို့နယ် များရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ စုရပ်နေရာများခွဲ၍ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများရှိ ပြည်သူများကို ဦးစားပေးအစီအစဉ်များအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ဆေးထိုးနှံပေးလျက်ရှိသည်။
ယနေ့နံနက်ပိုင်းမှစတင်ကာ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များရှိ စုရပ်နေရာများဖြစ်သော အခြေခံပညာအထက်တန်း ကျောင်းများ၌ အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန် ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာ များရှိ ဘိုးဘွားများ၊ သာသနာ့ဝန်ထမ်းများ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ်၊ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ပြည်သူများ၊ စူပါမားကတ်များ၊ ဈေးများမှ ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ကာကွယ် ရေးနည်းလမ်းများနှင့်အညီ ဆေးထိုးနှံပေးသည်။
“ကိုဗစ်ကာကွယ်ဆေးစထိုးတဲ့ ဩဂုတ် ၁ ရက် နေ့ကနေစပြီး ကျွန်တော်တို့ တပ်မတော်ဆေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေစုပေါင်းပြီး ကာကွယ်ဆေးထိုးနှံပေးနေတာပါ။ ကျွန်တော် က ကိုဗစ်ဆေးလာထိုးတဲ့ သက်ကြီးဘိုးဘွားတွေကို လက်ရှိရောဂါအခြေအနေ၊ သွေးပေါင်ချိန်၊ ဆီးချို၊ သွေးချို၊ သွေးတိုး ရှိ မရှိနဲ့ ဖြစ်ခဲ့ဖူးတဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီးမေးမြန်း စစ်ဆေးပြီး ဆေးထိုးသင့်၊ မသင့် ခွဲခြားပေးပြီး ဆေးထိုးလို့ရတယ်ဆိုရင် ဆေးထိုးခွင့်လက်မှတ်ထုတ်ပေးပါတယ်။
“အများစုကတော့ လူကြီးတွေဖြစ်တဲ့အတွက် သွေးတိုးနေတာတွေများတယ်။ သွေးတိုးများတဲ့ အတွက် အရပ်အခေါ် သွေးကျဆေးတိုက်တယ်။ သွေးကျဆေးတိုက်ပြီး ၁၀ မိနစ်ခန့် နားခိုင်းတယ်။ သွေးပေါင်ချိန်ပြန်တိုင်းပြီး စိတ်ချရမှ ဆေးထိုးခွင့်ပေးတာပါ။ ဆီးချိုများနေရင်တော့ ဆေးမထိုး ပေးပါဘူး။ ဆေးမတည့်တာတွေ၊ လက်ရှိသွေးကျဲဆေး သောက်နေတာတွေရှိရင်လည်း သေချာ စစ်ဆေးစဉ်းစားပြီး ဆေးမထိုးသင့်ရင်တော့ ဆေးမထိုးပေးဘဲ ပြန်လွှတ်ပြီး ခွင့်ပြုပေးသင့်ရင်တော့ ဆေးထိုးခွင့် ပေးပါတယ်။
ကျန်းမာရေးစစ်ဆေးပြီးမှ ထိုးနှံပေး
“အခုထိုးပေးတဲ့ တရုတ်နိုင်ငံထုတ် Sinopharm က နှစ်ကြိမ်ထိုးနှံပေးရမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကို ကာကွယ်နိုင်စွမ်း၊ ခုခံနိုင်စွမ်း အတော်ကောင်း တယ်လို့သိရတယ်။ ဆေးထိုးပေးမယ့်ရက်က ဆေးမကုန်သရွေ့ တစ်ပတ်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော့်တာဝန်က ဆေးထိုးပေး သင့်၊ မသင့် ခွဲခြားပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ အခုထိုးပေး နေတဲ့ ကာကွယ်ဆေးကို လာထိုးကြပါလို့ အကြံပြုလိုပါတယ်။ ကျွန်တော်တို့လည်း ကျန်းမာရေးကို သေချာစစ်ဆေးပြီးမှ ထိုးပေးနေပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ သူနာပြုတွေအပါအဝင် ၁၁ ဦးပါတယ်”ဟု လယ်ဝေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကာကွယ်ဆေးထိုးနှံပေးနေသည့် တပ်မတော်ဆေးအဖွဲ့မှ ပြည်သူ့ကျန်းမာရေးပါရဂူ ဗိုလ်ကြီးတိုးဇော်ဦးက ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ် ရှစ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဩဂုတ် ၁ ရက်မှ စတင်ထိုးနှံပေးနေခြင်းဖြစ်ပြီး ဇေယျာသီရိမြို့နယ်ရှိ ပြည်စံအောင်အခြေခံပညာ အထက် တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၊ ဥတ္တရသီရိ မြို့နယ်ရှိ မင်းကုန်းအခြေခံပညာအထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ ဒက္ခိဏသီရိ မြို့နယ်ရှိ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမြို့ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် တပ်ကုန်းမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် အသက် ၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးတည်အုပ်စုများအလိုက် လူဦးရေ နှစ်သောင်းခွဲခန့်အား ကာကွယ်ဆေးထိုးနှံပေးနေခြင်းဖြစ်ပြီး ဆေးရရှိမှုအပေါ် မူတည်၍ ထပ်မံထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ဆေးထိုးရမှာကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကြေညာပေးတယ်။ ကာကွယ်ဆေးဆိုတော့ ရောဂါ ကို အနည်းနဲ့အများ ကာကွယ်ပေးနိုင်မယ် ယုံကြည်ပြီး လာထိုးဖြစ်တာပါ။ အခုဆေးထိုးပြီးတာ နာကျင်မှုမရှိဘူး။ နောက်တစ်ကြိမ် ထပ်ထိုးရမယ့်နေ့ကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ကြေညာ ပေးမယ်ပြောတယ်။ အဘတို့ရွာက တော်တော်များများက ဆေးထိုးပြီးသွားပြီ။ အခုဆေးက တရုတ်နိုင်ငံက ထုတ်တဲ့ဆေးဆိုပြီး ရေဒီယိုနားထောင်တဲ့အတွက် သိထားပါတယ်။ အခုကိုဗစ်-၁၉ ရောဂါအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်တော့မသိဘူး။ ကူးစက်မြန် ရောဂါလို့ပဲ သိထားတယ်။ ကိုဗစ်ဖြစ်ပြီး အသက်ဆုံးရှုံးနေတာတွေကို ရေဒီယိုတွေ၊ တီဗွီသတင်းတွေ ကနေတစ်ဆင့် ကြားသိရ တယ်။ အဘတို့ပတ်ဝန်းကျင် မှာတော့ ကိုဗစ်ဖြစ်ပြီးအသက်ဆုံးရှုံးသူတွေ မရှိသေးဘူး။ အခုလို ငွေကြေးအများကြီး အကုန်အကျခံပြီး ကာကွယ်ဆေးတွေထိုးပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူး တင်တယ်” ဟု လယ်ဝေးမြို့နယ် ကန်စွန်းခင်း ကျေးရွာမှ အသက် ၇၂ နှစ်ရှိ ကာကွယ်ဆေး လာရောက် ထိုးနှံသူ ဦးမြသာက ပြောသည်။
သိရှိထားရမည့်အချက်များ ကြော်ငြာထား
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေသည့် နေရာများတွင် ကာကွယ်ဆေးထိုးနှံမည့်ပြည်သူများ သိရှိထားရမည့်အချက်များကို ကြော်ငြာသင်ပုန်းများဖြင့် ကြော်ငြာထားပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။
ဆေးလာရောက် ထိုးနှံသူ အသက် (၈၈) နှစ်ရှိ ဒေါ်တင်လှက “ကိုဗစ်ရောဂါကူးစက်မှာ ကြောက်လို့ ဆေးလာထိုးတာပါ။ တူမလေးခေါ်လာပြီး ဆေးလာထိုးတာပါ။ အရင်ပထမအကြိမ်က ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးပေးတာ သိတော့သိတယ်။ အခုလို ကြောက်စရာမကောင်းတော့ မထိုးဖြစ်ဘူး။ အခု တတိယလှိုင်းကူးစက်မှုက ပိုမြန်ပြီး သေဆုံးမှုများတော့ လာထိုးတာပါ။ ဆေးထိုးထားရင် ရောဂါကူးစက် ရင်တောင် ခံနိုင်ရည်ရှိတယ်လို့ သိထားတယ်” ဟု ပြောသည်။
ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပြီး သူများ နာရီဝက်နားနေနိုင်စေရန် နားနေခန်းများ စီစဉ်ဆောင်ရွက်ထားခြင်း၊ အနားယူနေစဉ်အချိန်အတွင်း ရုတ်တရက် ကျန်းမာရေးချို့ယွင်းလာပါက လိုအပ်သည်များ ကုသပေးနိုင်ရန် အဆင့်သင့်ဆောင်ရွက်ပေးခြင်း၊ အနားယူပြီးချိန်တွင်လည်း စနစ် တကျ အိမ်ပြန်နိုင်ရန်အထွက် ဝင်ထွက်လမ်းများ စနစ်တကျ ဆောင်ရွက်ပေးထားပြီး ဆေး လာရောက်ထိုးနှံသူများ၏ လုံခြုံရေးအတွက်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက တာဝန် ထမ်းဆောင်နေသည်ကို တွေ့ရသည်။
ယခုထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ထားသည့် အာနိသင်ထက်မြက်ပြီး ဘေးကင်းလုံခြုံစိတ်ချရကာ အရည်အသွေးကောင်းမွန်သည့် ဆေးများဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်များဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
သတင်း-ဟန်ဂျိုင်း
ဓာတ်ပုံ-ကိုသန်း