နေပြည်တော် ဇူလိုင် ၉
ဝါဆိုလပြည့်နေ့သည့် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဟူသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းစသည်ဖြင့် ထူးခြားဂုဏ်ဒြပ်ကိုးရပ်တို့နှင့် ပြည့်စုံသောနေ့ထူးနေ့မြတ်ဖြစ်သည်။
အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဝါဆိုပန်းများကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များရွတ်ပွားပူဇော်ခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း၊ စတုဒိသာအလှူများပေးလှူခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြရာ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော် ကြည်ညိုကုသိုလ်ယူကြသူများနှင့် စည်ကားလျက်ရှိသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အများပြည်သူနှင့်သက်ဆိုင်သည့် ပန်းခြံများ၊ အပန်းဖြေစခန်းများ၌လည်း လာရောက်အပန်းဖြေအနားယူကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။