ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဒသမ ၂ ဘီလီယံရှိသည့်အနက် ၄၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများ၌ နေထိုင်ကြသူများဖြစ်သည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများထက် မြို့ပြဒေသများ၌ နေထိုင်ကြသူပိုများသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၃ သန်းအနက် ၆၉ ရာခိုင်နှုန်းမှာ ကျေးလက်တွင် နေထိုင်ကြသူများဖြစ်သည်။ မြို့ပြထက် ကျေးလက်တွင် နေထိုင်ကြသူပိုများသည်။ ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ပိုမိုဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ တည်နေရာအကျယ်အဝန်းအရ ကျေးလက်ဒေသများသည် အကျယ်ပြန့်ဆုံးဖြစ်သည်။ အကျယ်ပြန့်ဆုံးဖြစ်၍ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကျေးလက် ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ယခင်က ဖွံ့ဖြိုးမှုနိမ့်ကျခဲ့သော ကျေးလက်ဒေသများသည် ယခုအခါတွင် သိသာစွာဖွံ့ဖြိုးတိုးတက်လာသော်လည်း ရာသီဥတုအခြေအနေ၊ ပထဝီအနေအထား၊ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေဒေသအခြေအနေများအရ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များရှိသော ကျေးရွာအချို့ ရှိနေသေးသည်ကို တွေ့ရသည်။
နိုင်ငံတော်အနေဖြင့် သက်တံရောင်စီမံကိန်းဖော်ဆောင်၍ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ဝင်ငွေတိုးစီမံကိန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် အသေးစား၊ အငယ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ကျေးလက်လမ်းနှင့်ကုန်ထုတ်လမ်း၊ တံတားသစ်များဖောက်လုပ်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြစိမ်းရောင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြင့် ကျေးလက်စီးပွားမြင့်မားရေးဆောင်ရွက်ခြင်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများဖြင့် ရပ်ရွာအခြေပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နှစ်စဉ်တိုးချဲ့ အကောင်အထည်ဖော်လျက်ရှိသည်။
ယခုနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ပုဒ်မှာ “တို့ကမ္ဘာမြေ တိုးတက်ပြောင်းလဲဖို့ ကျေးလက်စွမ်းအားမြှင့်တင်စို့”ဟူ၍ဖြစ်သည်။ ကျေးလက်စွမ်းအားသည် အဓိကကျကြောင်း မီးမောင်းထိုးဖော်ပြထားသည်။ ကျေးလက်ဒေသများသည် စားရေရိက္ခာဖူလုံရေးအတွက် အထောက်အပံ့ပြုနေသည်။ ကျေးလက်စွမ်းအားဖြင့် ကမ္ဘာတစ်ဝန်းတိုးတက်ပြောင်းလဲရေးအတွက် တိုက်တွန်းထားသည်။ ယခုနှစ် ဆောင်ပုဒ်နှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျေးလက်ဒေသကို ပံ့ပိုးကြရမည်ဖြစ်သလို မိမိဒေသကို မိမိတို့ တန်ဖိုးထားရမည်ဖြစ်သည်။
ကျေးလက်ဒေသများသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး နိုင်ငံအတွက် အဓိကကျသည်မှာမှန်သော်လည်း စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု၌ အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများရှိနေသည်။ အချို့ဒေသများတွင် ကျေးလက်ဒေသများကိုစွန့်ခွာ၍ ရေကြည်ရာမြက်နုရာ ပြောင်းလဲအခြေချလာကြသည်ကိုတွေ့ရသည်။ ထိုအခါ ကျေးလက်ဒေသများတွင် အခြေခံကောင်းများရှိသော်လည်း လုပ်သားရှားပါးမှု အခြေအနေများရှိလာသည်။ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အခြေချခြင်း၊ ကျေးလက်မှ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်းများ တစ်စတစ်စများလာသည်။ အကယ်၍ ကျေးလက်ဒေသများ၌ အလုပ်အကိုင် အခွင့်အလမ်းများသာလွန်ပြီး လူမှုစီးပွားမြင့်မားလာပါက ရွှေ့ပြောင်းအခြေချမှုလျော့ပါးပြီး ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာကာ ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။
ကျေးလက်ဒေသများ ပြုပြင်ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြင့်မားခြင်း(ပန်းတိုင်ရည်မှန်းချက်ပြည့်မီခြင်း)၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းခြင်း၊ ဈေးကွက်ဝင်ထုတ်ကုန်များ အလျှံပယ်ထွက်ရှိခြင်း၊ ကွဲပြားခြားနားပြီး ခေတ်မီသည့်ထုတ်လုပ်မှုပုံစံနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းခြင်း စသည့်ကဏ္ဍများအပြင် ဒေသအလိုက်သင့်လျော်သည့် လယ်ယာပြင်ပလုပ်ငန်းများ၊ စွန့်ဦးတီထွင်မှု အခွင့်အလမ်းများ၊ ဒေသဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သည့် မူဝါဒများနှင့် ဒေသတည်ငြိမ်အေးချမ်းသာယာဝပြောသည့်အစီအစဉ်များ ဖြစ်ထွန်းရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။ ကျေးလက်ဒေသပြည်သူများအနေဖြင့် အဆိုပါအခွင့် အလမ်းများနှင့် အကျိုးကျေးဇူးများရရှိလာပါက ကျေးလက်ဒေသများ ရေရှည်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံတော်အစိုးရ၏မူဝါဒများ၊ အစီအစဉ်များ၊ စီမံကိန်းများအောင်မြင်ရေးအတွက် အင်တိုက်အားတိုက် အရှိန်အဟုန် မြှင့်တင်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သလို ဒေသခံကျေးလက်ပြည်သူများ၏ မိမိဒေသ၊ မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို တန်ဖိုးထားသောစိတ်၊ နိုင်ငံတော်နှင့်အတူ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်လိုသောစိတ်များ မြှင့်တင်၍ ကျေးလက်ဒေသများအားလုံး ဖွံ့ဖြိုးတိုးတက်ရေးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။