Skip to main content

မုံရွာမြို့၌ ဆူပူအော်ဟစ်ဆန္ဒပြသူများကိုလူစုခွဲသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခုခံတိုက်ခိုက်

နေပြည်တော် မတ် ၃ မုံရွာမြို့၌ ဆူပူအော်ဟစ်ဆန္ဒပြသူများကို လူစုခွဲသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ခုခံတိုက်ခိုက်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ မုံရွာမြို့ ထန်းတောရပ်ကွက် ပြည်ထောင်စုလမ်းနှင့် ဘုရားနီလမ်းဆုံအနီး၌ ဦးဆောင်သူ(စိစစ်ဆဲ) ပါ ဆန္ဒပြလူစုလူဝေးအင်အား ၃၀၀၀ ကျော်ခန့်သည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ဆူပူအော်ဟစ်ဆန္ဒပြနေသဖြင့် အုပ်ချုပ်မှုဆိုင်ရာ တာဝန် ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲရန် ဥပဒေနှင့်အညီ သွားရောက် တားမြစ်ခဲ့ကြောင်း၊ ထိုသို့ လူစုခွဲရန် အကြိမ်ကြိမ်တားမြစ်ခဲ့သော် လည်း ဆန္ဒပြလူစုလူဝေးအနေဖြင့် လိုက်နာမှုမရှိ သည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂျင်ကလိများ၊ လေသေနတ်များ၊ ဖန်ဂေါ်လီနှင့်မူလီခေါင်းများကို လောက်လေးခွများဖြင့် ပစ်ခတ်ခြင်းများကို ပြုလုပ် ခဲ့ကြောင်း။ ဆူပူဆန္ဒပြသူ လူစုလူဝေးများအနေဖြင့် ထိန်းမနိုင်သိမ်းမရ အကြမ်းဖက်ဆန်စွာ ပြုမူလာသည့်အခြေအနေများအရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မီးခိုးဗုံး၊ ဒသမ ၁၂ ဗို့ပြောင်းချော သေနတ်များ အသုံးပြုကာ ပစ်ခတ်လူစုခွဲခဲ့ရကြောင်း၊ ပစ်ခတ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူဆန္ဒပြသူ လူအုပ်စုအတွင်း နီးကပ်စွာ တည်ရှိနေမှုကြောင့် ဆူပူဆန္ဒပြသူ အမျိုးသားနှစ်ဦး (စိစစ်ဆဲ)မှာ ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးမှာ ဆန္ဒပြသူလူအုပ်စုအတွင်းမှ ပစ်ခတ်သည့် ဂျင်ကလိ ထိမှန်ဒဏ်ရာရရှိ ခဲ့ကြောင်း။ ဖြစ်စဉ်တွင် သေဆုံးသူအမျိုးသားနှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ထားရှိကာ သက်ဆိုင်ရာရဲစခန်း၌ (သေမှုသေခင်း)ရေးဖွင့်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်