Skip to main content

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားပြည်သူ

ငြိမ်းချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်ကို နိုင်ငံသားအားလုံးက အလိုရှိကြမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် အစိုးရနှင့်ပြည်သူတို့အနေဖြင့် ‘‘တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး’’နှင့် ‘‘နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး’’ ဆိုသည့် ဦးစားပေးရည်မှန်းချက် နှစ်ရပ်ကိုချမှတ်၍ ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ခေတ်ကာလ ကမ္ဘာကြီးတွင် ဖွံ့ဖြိုးပြီးနိုင်ငံပေါင်း ၃၇ နိုင်ငံ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံပေါင်း ၄၄ နိုင်ငံနှင့် ကျန်နိုင်ငံများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည့်အနက် မိမိတို့နိုင်ငံမှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများထဲတွင်ပါဝင်နေသည်။ မိမိတို့နိုင်ငံသည် တည်နေရာအနေ အထားအရလည်းကောင်း၊ စိုက်ပျိုးမွေးမြူရန် ရေခံမြေခံအရလည်းကောင်း၊ သဘာဝသယံဇာတများ တည်ရှိနေမှုအရလည်းကောင်း အားသာချက်များစွာရှိနေသည့် နိုင်ငံဖြစ်ပါလျက်နှင့် ဖွံ့ဖြိုးမှုအနည်းဆုံးအခြေအနေသို့ ရောက်ရှိနေရခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးကာလမှ စတင်၍ နိုင်ငံကိုအခက်အခဲများကြားမှ ကြိုးစားရုန်းကန် ထူထောင်ခဲ့ကြပြီး ယနေ့ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများဖြစ်လာသည့် ဂျပန်၊ တောင်ကိုရီးယားတို့ကို မိမိတို့၏နိုင်ငံတည်ဆောက်ရေးတွင် စံနမူနာယူကြရမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သည့်ဂျပန်နိုင်ငံသည် စစ်ကြောင့်ပျက်စီးဆုံးရှုံးမှုများ၊ ကိုလိုနီနယ်ဆုံးရှုံးမှုများ၊ ပြည်ပစျေးကွက် ပျောက်ဆုံးမှုများအပြင် အစိုးရ၏ အဆင့်မြင့်အရပ်ဘက်ဝန်ထမ်းများ၊ နိုင်ငံစီးပွားရေး၏ကျောရိုးဖြစ်သည့် ကုမ္ပဏီကြီးများ ဖျက်သိမ်းခံရခြင်းကြောင့် အားနည်းချည့်နဲ့သည့်အခြေအနေသို့ရောက်ရှိခဲ့သည်။ သို့ရာတွင် ဆယ်စုနှစ်တစ်ခုအတွင်း ခေါင်းမော့နိုင်လာခဲ့ပြီး နောက်ထပ်ငါးနှစ်အကြာ ၁၉၆၀ ပြည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၁၃ ရာခိုင် နှုန်းကျော်ဖြင့် ကမ္ဘာတွင်အမြင့်ဆုံး စံချိန်တင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၃၇ ခုနှစ်က ဂျပန်နိုင်ငံ၏ စက်မှုကုန်ထုတ်တန်ဖိုး၏ ၄၁၀ ရာခိုင်နှုန်းအထိ လျင်မြန်စွာတိုးတက်ခဲ့ခြင်းဖြစ်ပြီး သယံဇာတအရင်း အမြစ်ရှားပါးသည့် ၎င်းတို့နိုင်ငံအနေဖြင့် လူသားအရင်းအမြစ်အား ကောင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့စွမ်းဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံခေါ် တောင်ကိုရီးယားသည်လည်း စိုက်ပျိုးနိုင်သည့်မြေ စတုရန်းကီလိုမီတာ ၂၂၀၀၀ မျှသာရှိပြီး သဘာဝသယံဇာတအဖြစ် ခဲမဖြူနှင့် သက်နုကျောက်မီးသွေး အနည်းငယ်မျှသာထွက်ရှိသည့် နိုင်ငံဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်အထိ စိုက်ပျိုးရေးအပေါ် မှီခိုအားထားနေရသော ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံဖြစ်ခဲ့သည်။ သမ္မတပတ်ချုံဟီး အာဏာရရှိခဲ့ပြီးနောက် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ပြင်းထန်သည့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးစိတ်ဓာတ်ဖြင့် နိုင်ငံကိုတည်ဆောက်ခဲ့ရာမှ စက်မှုဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ‘‘နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ခိုင်မာအားကောင်းသော အမျိုးသားရေးစိတ်ဓာတ်အားမာန်လိုအပ် သကဲ့သို့ယင်းအားမာန်ကို လက်တွေ့စွမ်းဆောင်မှုအဖြစ် ပြောင်းလဲပေး နိုင်သည့်အရည်အသွေး၊ အရည်အချင်းများ ခေါင်းဆောင်နှင့် ပြည်သူနှစ်ဖက်စလုံးတွင်ရှိနေရမည်’’ ဟူ၍ သမ္မတပတ်ချုံဟီးကဆိုခဲ့သည်။

အထက်ပါ ဂျပန်နှင့်ကိုရီးယားတို့၏ နိုင်ငံတည်ဆောက်မှုစံနမူနာများကို ကြည့်ခြင်းအားဖြင့် လူကသာအဓိကဖြစ်သည်ကို တွေ့ရှိနိုင်သည်။ နိုင်ငံကို ပြာပုံဘဝမှရုန်းထရသည့်အခြေအနေ၊ စီးပွားရေးအခွင့်အလမ်း မသာသည့်အခြေအနေများမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် အခြေအနေ သို့ ရောက်ရှိအောင်ဆောင်ရွက်ရာတွင် နိုင်ငံ၏လူသားအရင်းအမြစ်ကို အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးအသုံးချနိုင်ခဲ့ကြခြင်းက အဓိကအကြောင်းတရားဖြစ်ခဲ့သည်။ စင်စစ်အားဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုဟူသည် နိုင်ငံသားပြည်သူအားလုံးနှင့်သက်ဆိုင်သည့်အလျောက် နိုင်ငံသားပြည်သူတို့၏အစွမ်းအစများကို တက်ကြွသောအင်အား (Dynamic Force) များဖြစ်လာအောင် စုစည်းဖော်ဆောင်ပေးနိုင်ခဲ့ခြင်း ကြောင့်လည်းဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းဗျူဟာ မဟာဗျူဟာများကိုရေးဆွဲပြီး ယင်းတို့ကို ပြည်သူလူထုက ဘဝင်ကျစွာ နားလည်လက်ခံလာသည်အထိ ရှင်းလင်းပြရမည်။ အဆိုပါလုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်သူလူထုက နက်နဲသောအသိအမြင်ဖြင့် ခံယူလာသည်နှင့်အမျှ တစ်စုံတစ်ရာနှိုးဆော်မှုမပါဘဲ အလိုလျောက်တက်ကြွစွာ ပူးပေါင်းပါဝင်လာကြမည်ဖြစ်သည်ဟု သမ္မတပတ်ချုံဟီးက ရေးသားခဲ့သည်။

နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် မိမိအနေဖြင့် နှစ်နှစ်အချိန်ယူမည်ဖြစ်ပါကြောင်း၊ အရှိန်အဟုန်ဖြင့်တည်ဆောက်မှုကို သုံးနှစ်အချိန်ယူဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုတစ်ရပ် လုံးကလည်း မိမိတို့နှင့်အတူ ကဏ္ဍအသီးသီးမှ တက်ကြွစွာပါဝင်ကူညီပေးကြရန် နိုင်ငံတော်သမ္မတက နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အလေးအနက်တိုက်တွန်းခဲ့သည်နှင့်အညီ နိုင်ငံတော်အစိုးရ၏ မှန်ကန်ထက်မြက် တက်ကြွသောဦးဆောင်မှု၊ ပြည်သူတစ်ရပ်လုံး၏ နိုးကြားတက်ကြွသည့် အားမာန်တို့ဖြင့် မိမိတို့နိုင်ငံကို ကမ္ဘာ့အလယ်၌ ဝင့်ထည်နိုင်ရန် ကြိုးပမ်းတည်ဆောက်ကြရပါမည့်အကြောင်း။ ။