နေပြည်တော် ဩဂုတ် ၄
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အထူးအလေးထား၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများသည် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်းသတင်းအရ လိုအပ်သည့်ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာ၏ တောင်ဘက်မီတာ ၂၅၀ ခန့်အကွာရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၈၀ ပေ၊ အနံ ၆၀ ပေ (အုတ်ကာ၊ သွပ်မိုး)အဆောက်အအုံ ၁ လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား P-365 အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၅ တောင့်၊ UZI အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့် ၃၈ ကျည် ၉ တောင့်၊ AK-47 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၇ ဒသမ ၆၂ မမ ကျည် ၅၀ တောင့်၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၆၇ လုံး၊ All in One ကွန်ပျူတာ ၄ လုံး၊ CPU ၁ လုံး၊ Star Link ၆ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးမှုပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်နေသူများကိုလည်း စုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
