Skip to main content

လူမှုစီးပွားဖွံ့ဖြိုးရေး ကြိုးပမ်းရမည့်အချိန်ကောင်း

မျက်မှောက်ကာလတွင် ကမ္ဘာမြေ၌ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေး အန္တရာယ်များ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ကျန်းမာရေးနှင့် လူမှုစီးပွား ထိခိုက်ပျက်စီးမှု အခြေအနေများ စသည့် ဖြစ်ပျက်ပြောင်းလဲနေသော အခြေအနေအမျိုးမျိုးတို့ကြောင့် ပြည်သူ များ ၏ လူမှုဘဝအခြေအနေများ ထိခိုက် နေရပါသည်။ ထိုအခြေအနေများကို မြန်မာနိုင်ငံ အနေဖြင့်လည်း ရှောင်ကွင်း ၍မရဘဲ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ။ ပြည်သူများ၏နေ့စဉ်ဘဝတွင် စားဝတ်နေရေးသည် မဖြစ်မနေ လိုအပ်ပါသည်။ ထိုအရေးတွင် စားရေးသည် အခြေခံပြည်သူများအဖို့ နေ့စဉ်ပူပန်နေရသော အလုပ်ဖြစ်ပါသည်။ စားရေး အတွက် စားနပ်ရိက္ခာ ဖူလုံပြည့်စုံရေး လိုအပ်ပါသည်။ ယခုအခါ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုဖြစ်စဉ်ကြောင့် အနာဂတ်ကာလတွင် ကမ္ဘာတစ်ဝန်း၌ စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိမည့် စိုက်ပျိုးမြေ အပေါ်မူတည်၍ သီးနှံအမျိုးအစား၊ စိုက်ပျိုးနည်းစနစ် စသည်တို့ကို ပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်အနေဖြင့် ပြောင်းလဲစိုက်ပျိုးနိုင်မည့် အစီအမံများကို ရေတိုရေရှည်စီမံချက်များ ချမှတ်၍ သက်ဆိုင်ရာဌာနများနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့ရပါက စားနပ်ရိက္ခာ မလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းရေးတို့ကို နိုင်ငံတိုင်း အလေးထားဆောင်ရွက်လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အစိုးရနှင့်ပုဂ္ဂလိက ညီညွတ်စွာပူးပေါင်း၍ အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အားပေးကူညီလျက် ရှိပါသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားထားသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံနှင့် ပြည်သူပြည်သားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအခြေအနေများ ယုတ်လျော့မှု နည်းနိုင်သမျှ နည်းပါးအောင် စွမ်းဆောင်ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသော ကျေးလက်ပြည်သူများအရေးကို ပစ်ပယ်ထားခြင်းမရှိပေ။ ပြဋ္ဌာန်းထားပြီးဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။ မြို့ပြနှင့် ကျေးလက်ဒေသများအကြား လူမှုစီးပွားအဆင့်အတန်း ကွာဟချက် များ ကျဉ်းမြောင်းလာစေရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရရှိနိုင်သော လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကို ပြည်သူများ ပူးပေါင်း ပါဝင်မှုဖြင့် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်လာစေရေးနှင့် ဘေးအန္တရာယ်များ ကျရောက်လာပါက ကျေးလက်ဒေသများ၌ တုံ့ပြန်ကာကွယ်ဆောင်ရွက်နိုင်မှု အားကောင်းသော လူမှု အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အားပေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။ ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ ယခုအခါ အလှမ်းကွာဟ နေဆဲဖြစ်သည်။ ခေတ်အဆက်ဆက်အစိုးရများက ဆောင်ရွက်ခဲ့သော်လည်း စနစ် တကျ အခြေခိုင်မာစွာ တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်ခဲ့ခြင်းမရှိသောကြောင့် လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ ယခုအခါ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်ယာကဏ္ဍတွင် လက်တွေ့အကောင်အထည် ဖော်နိုင်မည့်လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေသည်။ ကျေးလက်နေပြည်သူများ၏ စုပေါင်းစွမ်းအားကို လက်တွေ့အသုံးချ၍ ပွင့်လင်း မြင်သာစွာဖြင့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် အကျိုးရလဒ်များ ပေါ်ထွက်လာ အောင် ကြိုးပမ်းဆောင်ရွက်နေသည်။ ။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အဓိကကျသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လက်ငုတ်လက်ရင်းလည်းဖြစ်၊ ကျွမ်းကျင်မှု လည်းရှိသည့်ကျေးလက်နေပြည်သူများက စိတ်စေတနာအပြည့်အဝနှင့် ပေါင်းစည်း အင်အားဖြင့် နိုင်ငံတော်နှင့်လက်တွဲ၍ ကျေးလက်ဒေသအကျိုးစီးပွား၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားတို့ကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်းဖြစ်ပါကြောင်း။ ။